ဂါဇာသို့ဦးတည်သည့် ကူညီရေးသင်္ဘောအုပ်စုမှ တက်ကြွလှုပ်ရှားသူများအပေါ် ဆက်ဆံမှုနှင့်ပတ်သက်၍ အစ္စရေးသံအမတ်ကို အီတလီဆင့်ခေါ်
ဂါဇာကမ်းမြောင်ဒေသသို့ ဦးတည်မောင်းနှင်လာသည့် အကူအညီပေးရေးသင်္ဘောအုပ်စုကို အစ္စရေးက ကြားဖြတ်ဟန့်တားစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ပါလက်စတိုင်းလိုလားသူ တက်ကြွလှုပ်ရှားသူများ အပေါ်ဆက်ဆံခဲ့ပုံကို ပြစ်တင်ရှုတ်ချပြီးနောက် အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) သည် ရောမမြို့ရှိ အစ္စရေး သံအမတ်ကို ဆင့်ခေါ်လိုက်သည်။
ဗုဒ္ဓဟူးနေ့ (မေ ၂၀) က ထုတ်ပြန်ခဲ့သည့် ပြင်းထန်သောစကားလုံးများ ပါဝင်သည့် ကြေညာချက်တွင် မယ်လိုနီက ဖမ်းဆီးခံထားရသူများကို အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir) က လှောင်ပြောင်သရော်နေသည့် ရုပ်သံမှတ်တမ်းသည် လက်ခံ နိုင်ဖွယ်မရှိကြောင်း ဖော်ပြခဲ့သည်။ “အီတလီနိုင်ငံသား အများအပြားပါဝင်တဲ့ ဒီတက်ကြွလှုပ်ရှားသူတွေအပေါ် လူသားတို့ရဲ့ဂုဏ်သိက္ခာကို ချိုးဖောက်တဲ့ အခုလိုဆက်ဆံမှုမျိုး ပြုလုပ်တာဟာ ခွင့်လွှတ်နိုင်စရာမရှိပါဘူး” ဟု သူမက ရေးသားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ဟားမက်တို့၏ တိုက်ခိုက်မှုအပြီးတွင် မယ်လိုနီသည် အစ္စရေးကို အတိအလင်းထောက်ခံခဲ့သည့် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များထဲတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို လက်ခံနိုင်ဖွယ် မရှိဟုဖော်ပြကာ အစ္စရေး၏လုပ်ရပ်များသည် လက်ခံနိုင်စရာ မူဘောင်များထက် ကျော်လွန်နေပြီဟုသတိပေးလျက် အစ္စရေး၏ လုပ်ရပ်များ အပေါ် ပိုမိုဝေဖန်လာခဲ့သည်။
ကြေညာချက်အရ အစ္စရေးသံအမတ်အနေဖြင့် တရားဝင် ရှင်းလင်းချက်များပေးရန် တောင်းဆိုခံရမည်ဖြစ်ပြီး ရောမအစိုးရက အစ္စရေးဘက် က ဖမ်းဆီးထားသည့် အီတလီနိုင်ငံသားများကို ချက်ချင်း ပြန်လွှတ်ပေးရန်တောင်းဆိုထားသည်။ ထို့အပြင် မယ်လိုနီက ဆန္ဒပြသူများအပေါ်ဆက်ဆံခဲ့သည့်အခြေအနေနှင့် အီတလီအစိုးရ၏ အတိအလင်းတောင်းဆိုချက်များအပေါ် လုံးဝအလေးမထားဘဲ မထီမဲ့မြင်ပြုခဲ့မှုအတွက် တောင်းပန်ရန်ပါ တောင်းဆိုခဲ့သည်။
ဂါဇာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်ကာ တူရကီနိုင်ငံမှထွက်ခွာလာသည့် သင်္ဘောအုပ်စုကို အစ္စရေး တပ်ဖွဲ့များက ကြားဖြတ်ဟန့်တားခဲ့ပြီးနောက် ယခုကဲ့သို့ သံတမန်ရေးရာ အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ တက်ကြွလှုပ်ရှားသူ ၄၃၀ ခန့် ထိန်းသိမ်းခံခဲ့ရပြီး အချို့မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။
ဘန်ဂါဗီယာသည် ဖမ်းဆီးခံထားရသူများ လက်ထိပ်ခတ်လျက် ဒူးထောက်နေရသည့် ရုပ်သံဗီဒီယိုတစ်ခုကို ဗုဒ္ဓဟူးနေ့ (မေ ၂၀) က X လူမှုကွန်ရက် တွင် တင်ခဲ့ပြီး ထိုရုပ်သံဖိုင်တွင် အစွန်းရောက်လက်ယာယိမ်းဝါဒီ ဝန်ကြီး က တက်ကြွလှုပ်ရှားသူများကို လှောင်ပြောင်နေပြီး ၎င်းတို့ကို ကာလရှည် ဆက်လက်အကျဉ်းချထားရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကို တိုက်တွန်းထားသည်။
နောက်ပိုင်းတွင် နေတန်ယာဟုက ဘန်ဂါဗီယာ၏ တက်ကြွလှုပ်ရှားသူများအပေါ် ပြုမူပုံသည် အစ္စရေးနိုင်ငံ၏ တန်ဖိုးထားမှုများနှင့် စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်းပြောကြားကာ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ၎င်းနှင့်မသက်ဆိုင်ကြောင်း ခပ်ခွာခွာနေရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆား (Gideon Sa’ar) ကလည်း ဘန်ဂါဗီယာသည် ၎င်း၏ အရှက်ရဖွယ်လုပ်ရပ်ဖြင့် အစ္စရေးကိုထိခိုက်နစ်နာစေခဲ့သည်ဟု ဆိုသည်။
ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဘန်ဂါဗီယာက ၎င်း၏ရပ်တည်ချက် ကို ပိုမိုတင်းမာစေခဲ့ပြီး ဝန်ကြီး ဆားကို အကြမ်းဖက်မှု အားပေးကူညီ သူများထံ အညံ့ခံအရှုံးပေးနေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်းအစ္စရေးအရာရှိများက အဆိုပါကြားဖြတ်ဟန့်တားမှုကို ကာကွယ်ပြောဆိုခဲ့ကြပြီး ယင်းသင်္ဘောအုပ်စုသည် “ဟားမက်အဖွဲ့အကျိုးအတွက် အများက သနားကရုဏာသက်လာစေရန် တမင်ဖန်တီးထားသည့် ဟန်ပြပြကွက်တစ်ခုကို လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း” ဖော်ပြခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
