ဝခြင်းပိန်ခြင်းထက် ရောဂါကင်းစင်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် ဂရုစိုက်ခြင်းကသာ အရေးကြီး

Posted_Date

Image

ဝခြင်းပိန်ခြင်းထက် ရောဂါကင်းစင်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် ဂရုစိုက်ခြင်းကသာ အရေးကြီး

Body

သုတေသနပြုသူများ၏အဆိုအရ     ခန္ဓာကိုယ် ဝသူများသည် စိတ်ချမ်းသာမှုရှိသည်။ ပြုံးရွှင်သော မျက်နှာရှိသည်။ အအေးကို နှစ်သက်သလို၊ ဟာသ ကိုလည်း နှစ်သက်သဖြင့် ၎င်းတို့နှင့် ပေါင်းသင်းရသူများမှာ စိတ်ချမ်းသာမှုရကြသည်ဟု ဆိုပါသည်။

မိမိကိုယ်မိမိ ဝသည်ဟု မှန်ကြည့်ပြီး စိတ်မချမ်းသာဖြစ်နေရန် မလိုပါ။ ဝခြင်း၏အလှတရားကို ခံစားတတ်သူ အများအပြားရှိသည်ဟု   သိထားရန်လိုပါသည်။  အောင်မြင်မှုထိပ်တန်းရောက်သည့်   ကမ္ဘာ ကျော်  ပုဂ္ဂိုလ်အတော်များများသည်  ဝသောသူနှင့် အရပ်ပုသူများဖြစ်လေ့ရှိသည်ဟူသော မှတ်တမ်းများ လည်းရှိသည်။

လူအများစုက မိမိကိုယ်ကို ဝလာပြီဟု သိသည် နှင့်တစ်ပြိုင်နက်  ဆက်မဝအောင်  ကြိုးစားလေ့ရှိ ကြသည်။  ထိုသူများသည် နေ့စဉ်  Body  Weight ချိန်လေ့ရှိကြပြီး   ဝိတ်ကျသွားလျှင်  ပျော်ရွှင်ကြပြီး ဝိတ်တက်လာလျှင်  စိတ်ဓာတ်ကျကြသည်။  ညစာ စားခြင်းကို   ရှောင်သည်။   နေ့လယ်စာကိုလည်း လျှော့စားသည်။ အချိုနှင့် အချိုရည်များကိုပါ ရှောင်တော့သည်။   ထိုအခါ  ခန္ဓာကိုယ်အလေးချိန်လျော့ သွားသည်မှာ မှန်သော်လည်း သတိ၊ အသိနှင့်ထိန်း ပြီး  စားချင်တာမှန်သမျှ  မစားရ။  စားရသော်လည်း   မ၀ရေစာဖြစ်ပြီး   စိတ်ညစ်စရာလူနေမှုဘဝ ဖြစ်လာတော့သည်။

ထို့ထက်ဆိုးသည်မှာ  အဆီကျပိန်ဆေးများဘက်သို့  ဦးလှည့်သွားခြင်းဖြစ်သည်။   ပြည်ပနိုင်ငံများမှ ဝင်ရောက်သည့်  အဆီကျပိန်ဆေးများနှင့်  လူပြော များသော ဆေးမြီးတို(ဆေးနည်းတို)   များပါမကျန်   သုံးစွဲလာကြသည်။ အလွန်အကျွံသုံးစွဲမိလျှင်  ဓာတု ဗေဒဆေးဝါးဖြင့်ပြုလုပ်ထားသော   ပိန်ဆေးများကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သည်။ အဆီကျ ပိန်ဆေးများကြောင့်  အသက်ဆုံးရှုံးရသူများလည်း ရှိခဲ့ဖူးပါသည်။

သံပရာသီးကို အရည်ညှစ်ပြီး  တစ်နေ့  ၁ဝ  လုံး သောက်နိုင်လျှင် ပိန်သည်ဆိုသဖြင့် သုံးလခန့် နေ့စဉ် စွဲသောက်ခဲ့သူတစ်ဦးကို  တွေ့ဖူးပါသည်။  ထိုသူမှာ ပိန်သွားသည်မှာ  မှန်သော်လည်း ခါးကိုက်ဝေဒနာ ခံစားလာရသဖြင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ် သောအခါ ကျောက်ကပ်တစ်ဖက်တွင် ကျောက်တည် ဝေဒနာခံစားနေရသည်ကို တွေ့ရသည်။ ဗီတာမင်-C ကို  အလွန်အကျွံသုံးစွဲလျှင် ကျောက်တည်တတ်ပါသည်။ အရေပြားများတွင် အချဉ်ဓာတ်လွန်ကဲလျှင် အသားအရေပပ်ကြားအက်ပြီး   အက်ကွဲတတ်သည်။

အာယုဗ္ဗေဒဆေးပညာ အခြေခံတွင်     အချဉ်နှင့် အစပ်အရသာတွဲစားလျှင်    လူကိုပိန်စေနိုင်သည်။ အသင့်အတင့်စားသုံးရန်သာဖြစ်ပါသည်။ လွန်ကဲလျှင် အချဉ်၊   အစပ်၊   အပြင်ရပ်  ပျက်တတ် ပထဝီဟု ဆိုသဖြင့်    ကြံ့ခိုင်စေသော  ပထဝီဓာတ်ပျက်စီးပြီး အသားအရေနှင့်  ကြွက်သားများပါ လျော့ရဲစေနိုင် သည်။

တစ်ခါက  စာရေးသူတွေ့ဖူးသော  ခပ်ဝဝအမျိုး သမီးကြီးတစ်ဦးမှာ  အသားဓာတ်တိုးမည်စိုးသဖြင့်  အသားငါး အားလုံးရှောင်သည်။  ငါးကိုလည်း  နဂို ကတည်းက  သိပ်မကြိုက်။  ငါးသေးသေးလေးများ ကြော်သည့်  ဟင်းကိုတော့  အဆီကျစေသည့်ခေါင်း တစ်ရာသားဟုဆိုသဖြင့် စားသည်။  သူမသည် နေ့စဉ်  လက်ဖက်နှင့်ထမင်းစားသည်။ လက်ဖက်က အဆီကျ ပိန်စေသည်ဟု စာစောင်များတွင် ဖတ်ရသဖြင့် စားခြင်းဖြစ်သည်။

သို့သော်  သူမ၏အယူအဆအမှားမှာ  လက်ဖက်ချည်းစားလျှင် အရသာမတွေ့သဖြင့် ပဲကြော်၊    ကြက်သွန်ကြော်၊ ပဲရေပွကြော်၊ နှစ်ပြန်ကြော်နှင့်စားသည်။ နေ့စဉ်ရက်ဆက်စားသော်လည်း   သိသိသာသာပိန်မသွား။   မပိန်သည့်အပြင်   လေအောင့်သော ရောဂါ ဖြစ်လာသည်။

ရင်ညွန့်နှင့် နံဘေးစောင်းအောင့်တာ ကြာသောအခါ ပြင်ပဆေးရုံကြီးတစ်ခုတွင် အထွေထွေရောဂါ ကုသမားတော်ကြီးနှင့်ပြပြီး   ကျန်းမာရေးစစ်ဆေးသည်။   အသားလုံးဝမစားသော်လည်း    မကောင်းသော ကိုလက်စထရောများ တက်နေသည်။ ထို့ပြင် ပိုဆိုးသည်မှာ သည်းခြေအိတ်တွင် ကျောက်များပိတ်ဆို့နေခြင်း ဖြစ်သည်။  ထိုကျောက်ပိတ်ဆို့မှုကြောင့် လေအောင့်ဝေဒနာ ခံစားနေရခြင်းဖြစ်သည်။

အကြော်အလှော်များကို       စားသုံးမှုများလျှင် အထူးသဖြင့် နှစ်ပြန်ကြော်များကို ရက်ဆက်စားသုံးလျှင် သည်းခြေအိတ်တွင် ကျောက်တည်တတ်သည်။ ထို့ထက်ဆိုးသည်မှာ ကြော်ပြီးသား အကြော်ဆီများကို ပြန်သုံးပြီးကြော်လျှင် ဆီပျက်ဟုခေါ်သော မသန့် စင်သည့်ဆီကြောင့် မကောင်းသော ကိုလက်စထရော (LDL) တက်ခြင်းပင်ဖြစ်သည်။ ပိန်စေလို၍ အကြော်၊ လက်ဖက်နှင့်  ထမင်းစားရာမှ  သည်းခြေကျောက်ရောဂါ၊  သည်းခြေအိတ်ပိတ်သည့် ရောဂါတို့ ခံစားလာ ရခြင်းဖြစ်သည်။

သင့်တင့်သောဝခြင်းသည်       အလှတစ်ပါးဖြစ်သည်။   လွန်ကဲအောင်ဝမလာမီ   ဝိတ်မထိန်းခဲ့မိလျှင် အချိန်လွန်မှ ဝိတ်ချခြင်းကြောင့် အမှားဖြစ်တတ်ပါသည်။  ဝခြင်း၊  ပိန်ခြင်းထက်   ရောဂါကင်းစင်သည့် ခန္ဓာကိုယ်ဖြစ်အောင် ဂရုစိုက်ခြင်းကသာ အရေးကြီး ပါသည်။  အလောတကြီးပိန်ဖို့  မကြိုးစားဘဲ  ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်၍သာ ခန္ဓာကိုယ်ဝိတ်မတက်အောင် ထိန်းထားသင့်သည်။

တချို့သူများသည်  စက်ကိရိယာများဖြင့်  ပိန်ဖို့ ကြိုးစားကြသည်။ နည်းမှန်လမ်းမှန် လေ့ကျင့်ပေးသော  ဆရာများနှင့်ပြုလုပ်လျှင် ကောင်းကျိုးရနိုင်ပါ သည်။ ကြော်ငြာအားကောင်းသော အဆီချစက်များကိုဝယ်ပြီး  အဆီကျအောင်လုပ်ရင်း အဆစ်များရောင်လာပြီး  ရောဂါရသူများကိုလည်း  တွေ့ဖူးပါသည်။ သဘာဝအတိုင်း လမ်းလျှောက်ပြီး အဆီကျစေခြင်းက  ပိုကောင်းပါသည်။  လေကောင်းလေသန့်ရသော နေရာတွင် တစ်နေ့တစ်နာရီခန့် လမ်းလျှောက်နိုင်ရန် ကြိုးစားသင့်ပါသည်။

အချုပ်အားဖြင့် အောက်ပါအကြံပြုချက်များကို သေချာစွာ လိုက်နာကျင့်သုံးပြီး  ဝိတ်မတက်အောင် ထိန်းသင့်သည်။

- ပုံမှန်ဝဖြိုးနေခြင်းကို    ကျန်းမာသော ဝခြင်းဟု မှတ်ယူပါ။

- ၀သောသူတွင် စိတ်ချမ်းသာမှုရှိသည်ဟု ရှုမြင်ပါ။

- ဝဖြိုးသောခန္ဓာကိုယ်နှင့်  အောင်မြင်နေသူများကို အတုယူပါ။

- အလွန်အကျွံအစားရှောင်ပြီး ပိန်အောင်ကြိုးစားခြင်းကိုရှောင်ပါ။

- ပိန်ဆေးများကို လုံးဝ ရှောင်ကြဉ်ပါ။

- အချဉ်၊  အစပ် အလွန်စားခြင်းဖြင့် ပိန်အောင် မပြုလုပ်သင့်ပါ။

- အကြော်အလှော်များ   နေ့စဉ်စားသုံးပြီး    ပိန်အောင်မလုပ်သင့်ပါ။

- စက်ကိရိယာများနှင့် အဆီချခြင်းကို တတ်ကျွမ်း နားလည်သည့် ဆရာမပါဘဲ မပြုလုပ်သင့်ပါ။

- လေကောင်းလေသန့်ရသောနေရာတွင်   လမ်း လျှောက်ရန် အချိန်ပေးပါ။

MWD