ဆေးဝါးကဲ့သို့အသုံးပြုနိုင်သောအစားအစာများ
Posted_Date
Image
Body
အစားအစာများသည် ဗိုက်ပြည့်ရုံအတွက်သာမက စွမ်းအင်ရရှိရန် များစွာအကျိုးရှိသည်။ အစားအစာတိုင်းသည် ခန္ဓာကိုယ်အစိတ် အပိုင်းအားလုံးနှင့် ဦးနှောက်အတွက် တစ်မျိုးစီအကျိုးသက်ရောက်မှု ရှိကြသည်။ အပင်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်ထုတ်ကုန်အများစု သည် ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုရှိရန် အစားအစာတစ်မျိုးတည်းတွင် လုံလောက်သောဓာတုပစ္စည်းများ မပါဝင်သော်လည်း အဆိုပါအစားအစာတွင်ပါဝင်သည့်ပစ္စည်းများက ဦးနှောက်၏လုပ်ငန်း ဆောင်တာများကို ပြောင်းလဲပစ်နိုင်သည်။ အဆိုပါအစားအစာများ သည် ဆေးဝါးကဲ့သို့အသုံးပြုနိုင်သော အစားအစာများဖြစ်သည်။
ချောကလက်
ချောကလက်တွင် စွမ်းအင်မြှင့်တင်ပေးနိုင်သော ကဖင်း၊ စိတ်အာရုံ ပြောင်းနိုင်သော ဓာတုပစ္စည်းအမျိုးပေါင်း ၃၅၀ ကျော်ပါဝင်သည်။ ထို့ကြောင့် ချောကလက်တစ်ခုတွင်ပါဝင်သော ဓာတုပစ္စည်းများပေါင်းစပ် မိလျှင် အလွန်အစွမ်းထက်မည်ဖြစ်သည်။ ချောကလက်စားသုံးခြင်းဖြင့် သွေးဖိအားနှင့် သွေးတွင်းသကြားဓာတ်များ မြင့်တက်လာနိုင်ပြီး တက်ကြွမှုရှိသော စိတ်ခံစားမှုကိုရရှိစေသည်။ ချောကလက်တွင်ပါဝင် သော သီအိုဘရိုမင်းက စိတ်ကျရောဂါပျောက်ကင်းစေရန် လုပ်ဆောင် ပေးနိုင်သည်။
အညိုရောင်ချောကလက်အတုံးသေးတစ်တုံးတွင် စွမ်းအင်ထုတ်လုပ် ပေးနိုင်သည့် ကဖင်းဓာတ် ၂၀ ဂရမ်ပါဝင်သည့်အပြင် စိတ်ခံစားမှုကိုထိန်းချုပ်ခြင်း၊ အစာစားချင်စိတ်နှင့် နာကျင်မှုဝေဒနာသက်သာစေနိုင် သည့် ဓာတုပစ္စည်းလည်း ပါဝင်သည်။
သကြား
လူတို့သည် စွမ်းအင်ရရှိရန် ဂလူးကို့စ်လိုအပ်သည်။ နံနက်အိပ်ရာထ ခါစတွင် အစာကြေလွယ်သော သကြားကဲ့သို့အစာကိုစားပါက ခန္ဓာကိုယ် တွင်း ဒိုပါမင်းနှင့် စိတ်ငြိမ်နိုင်သည့်ဟော်မုန်းများထွက်ရှိပြီး ဦးနှောက်မှ စိတ်အာရုံခံစားမှုကောင်းစေသောရလဒ်များ ရရှိနိုင်သည်ဟု ကျွမ်းကျင် သူများကပြောသည်။ သကြားသည် မိမိအတွက် ဦးနှောက်မှလိုအပ် သည့် နိုးကြားမှုနှင့် မှတ်ဉာဏ်စုဆောင်းမှုနှစ်မျိုးအတွက် အသုံးဝင် သည်ဟု ဆိုနိုင်သည်။
လူသားတို့အသက်ကြီးလာသော် ကျဆင်းနိုင်သည့် မှတ်ဉာဏ်နှင့် သင်ယူမှုများသို့မဟုတ် ဆီးချိုဖြစ်ခြင်းနှင့်သူငယ်ပြန်ခြင်းဖြစ်လာ သော် ဦးနှောက်၏လုပ်ငန်းဆောင်တာများအတွက် ဂလူးကို့စ်ကို အသုံးပြုနိုင်စွမ်း လျော့နည်းသွားတတ်သည်။ လေ့လာမှုတစ်ခုတွင် သူငယ်ပြန် သည့်လူနာများအား သကြား ၅၀၀ ဂရမ်ပါဝင်သော ဖျော်ရည်တိုက်ကြည့် ရာ ဖျော်ရည်တိုက်ပြီး နှစ်နာရီအတွင်း မှတ်ဉာဏ်များ သိသိသာသာတိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိခဲ့ကြသည်။ သကြားကို ပမာဏ များစွာသုံးစွဲခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ သကြားဓာတ်ပမာဏအနည်းငယ်ကို ကာဗိုဟိုက်ဒြိတ်မှတစ်ဆင့် ရရှိနိုင်သဖြင့် တစ်ခါတစ်ရံ အချိုတည်းသည့်အနေဖြင့် သုံးရုံဆိုလျှင် လုံလောက်သည်။
နနွင်း
နနွင်းကို အိန္ဒိယနိုင်ငံ၌ တိုင်းရင်းဆေးအဖြစ် အသုံးပြုသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ နနွင်းကို လိပ်ခေါင်းရောဂါမှစ၍ သွေးလွှတ်ကြော မာကြောသည့်ရောဂါအထိ ရောဂါမျိုးစုံအတွက် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် သုတေသီများက နနွင်းကို လေ့လာမှုများပြုလုပ်ခဲ့ရာ အိန္ဒိယ နိုင်ငံနှင့် နနွင်းအသုံးပြုသောနိုင်ငံများ၌ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှု နည်းပါးသည်ကိုတွေ့ရသည်။
လေ့လာမှုတစ်ခုတွင် အယ်ဇိုင်းမားရောဂါရှိသူများက နနွင်းတွင်ပါဝင်သည့် ကာကူမင်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကို မှီဝဲပြီးနောက်ပိုင်း သိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရသည်။ နနွင်းသည် ရောင်ရမ်းမှုကိုလျော့ကျစေသည့် ဂုဏ်သတ္တိလည်းရှိသည်။ အယ် ဇိုင်းမားရောဂါဖြစ်စေသော ဦးနှောက်တွင် အမိုင်းရွိုက်ပရိုတင်းစုဆောင်း မှုကိုလည်း လျှော့ချပေးနိုင်သည်။
ငှက်ပျောသီး
ငှက်ပျောသီးတွင် ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ပဋိဇီဝဆေးများနှင့် တွဲ၍မစားသင့်ပါ။ ခန္ဓာကိုယ်တွင် ပိုတက်ဆီယမ် ပမာဏအလွန်များပြားသောအခါ နှလုံးခုန်မမှန်ခြင်းကြောင့် ရင်တုန် ခြင်းခံစားရနိုင်သည်။ အထူးသဖြင့် သွေးတိုးရောဂါကြောင့် သောက်သုံး ရသည့်ဆေးဝါးများကို ငှက်ပျောသီးနှင့်တွဲဖက်စားသုံးခြင်းမျိုး မပြုလုပ် သင့်ပါ။
အချဉ်ဓာတ်ရှိသောအစားအစာများ
သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီးကဲ့သို့ အချဉ်ဓာတ်ရှိ သောအသီးများ၊ အချဉ်ဓာတ်ထည့်သွင်းထုတ်လုပ်ထားသည့် သောက် စရာများ၊ ခရမ်းချဉ်သီးဆော့စ်ကဲ့သို့ အချဉ်ဓာတ်ပါဝင်သောအစားအစာ များကို ဆေးဝါးနှင့်တွဲဖက်၍မစားသင့်ပါ။
နွားနို့နှင့်နို့ထွက်ပစ္စည်း(ဒိန်ချဉ်မှလွဲ၍)
နွားနို့ပူပူနှင့်ဆေးကို တွဲ၍မသောက်သင့်ပါ။ နွားနို့တွင် ကယ်လ်စီယမ် ပါဝင်သောကြောင့် အရိုးများကြံ့ခိုင်စေသည်ဆိုသော်လည်း ပဋိဇီဝဆေးနှင့် တွဲ၍မသောက်သင့်ပါ။ ဆေးစုပ်ယူနိုင်စွမ်းအပေါ် အဟန့်အတားဖြစ်စေနိုင်သည်။ အကယ်၍ နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံး ထားသည်ဆိုလျှင် အနည်းဆုံး သုံးနာရီခြားပြီးမှသာ ဆေးသောက်သင့် သည်။
ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် အကျိုးပြုဗက်တီးရီးယားများ ပေါက်ပွားနိုင်ရန် လုပ်ဆောင်ပေးသောကြောင့် ထိခိုက်ဒဏ်ရာများကို မြန်မြန်အနာကျက်စေနိုင်သကဲ့သို့ ကိုယ်ခံအားကောင်းမွန်စေသည်။
ဒိန်ချဉ်က ပရိုဘိုင်အိုတစ်အကျိုးပြုဗက်တီးရီးယားဖြစ်ပြီး ပဋိဇီဝဆေး၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ဝမ်းသွားခြင်းကိုသက်သာစေသည်။
အမျှင်ဓာတ်များသောအစားအစာ
နေမကောင်းသည့်အခါ အမျှင်ဓာတ်များသောအစားအစာများ မစား သင့်ပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွက်လိုအပ်သကဲ့သို့ ကိုယ်အလေးချိန်ကိုကျဆင်းစေသော်လည်း နေမကောင်း၍ ဆေးများသောက်နေ ချိန်တွင် စားသုံးမည်ဆိုပါက ဆေးအာနိသင်ကို လျော့ပါးစေနိုင်သည်။
ကဖင်းဓာတ်ပါသောအစားအစာ
ကဖင်းဓာတ်ပါသောသောက်စရာများနှင့် ဆေးများကို တွဲဖက်သောက် မည်ဆိုလျှင် ဆေး၏အာနိသင်ကို ပျက်ပြယ်စေနိုင်သည်။ ထို့ကြောင့် နေမကောင်းသည့်အခါ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းကဲ့သို့ ကဖင်းဓာတ်ပါသောသောက်စရာများနှင့် ဆေးကို တွဲဖက်မသောက် သင့်ပါ။
ပန်းနာ၊ ရင်ကျပ်ဝေဒနာရှင်များ ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ် သင့်သည်။ ကော်ဖီတွင်ပါဝင်သော ကဖင်းဓာတ်က အာရုံကြောများ အပေါ် သက်ရောက်မှုရှိသကဲ့သို့ ရင်တုန်ခြင်းနှင့် စိတ်အလွန်လှုပ်ရှား ခြင်းမျိုး ဖြစ်စေနိုင်သည်။
နေမကောင်းဖြစ်သည့်အခါ မြန်မြန်သက်သာလိုပါက အဆိုပါအစားအစာများကိုရှောင်ကြဉ်ပြီး ဆေးကို အချိန်နှင့်စနစ်တကျပြည့်ပြည့် ဝဝသောက်သုံးသင့်သည်။ အစားအစာကို ဂရုစိုက်ခြင်းကလည်း မြန်မြန် နေကောင်းစေရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
MWD
