အနာဂတ်အရေးတွေးဆလို့ ပညာရေးကို အားပေးစို့

Posted_Date

Image

အနာဂတ်အရေးတွေးဆလို့ ပညာရေးကို အားပေးစို့

Body

လူသားတို့၏ကြီးမားသော အောင်မြင်မှုသုံးခုရှိသည်ဟုဆိုသည်။ ထိုသည်တို့မှာ (၁)မီးကိုအသုံးပြု တတ်ခြင်း၊ (၂)ရှာဖွေစားသောက်မှုမှ ကုန်ထုတ်လုပ်မှုသို့လုပ်ဆောင်လာခြင်း(ကိုယ်တိုင်စိုက်ပျိုးခြင်း၊မွေးမြူခြင်း)၊ (၃)စကားအရာကို စာပေအဖြစ်ဖန်တီးလာခြင်းတို့ပင်ဖြစ်သည်။ ထိုသုံးမျိုးအနက်  စကားအရာကို စာပေအဖြစ်ဖန်တီးထွန်းကားလာခြင်းသည် လူသားတို့၏ယဉ်ကျေးမှုနှင့် နေထိုင်မှုကို ပြောင်းလဲတိုးတက်လာစေခဲ့သည်။   လုပ်ဆောင်ခဲ့သမျှကို နောင်လူတို့အတွက် ကျောက်ထက်အက္ခရာရေးသားပြီး မှတ်တမ်းတင်ခဲ့ကြသည်။ ထိုသို့မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြင့် နောင်လူတို့က တစ်ဆင့်မြှင့်ပြောင်းလဲ တီထွင်ကြံဆလုပ်ဆောင်ကြသည်။     ထို့ကြောင့်   ကြေးခေတ်၊ သံခေတ်မှသည် စက်မှုခေတ်သို့ပြောင်းလဲလာခဲ့ပြီး ယခုအခါ အတိုင်းအဆမရှိသော နည်းပညာခေတ်ကြီးအဖြစ် တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်းပင်ဖြစ်သည်။

စာပေမထွန်းကားမီကာလများတွင်   လူသားတို့သည် အတွေ့အကြုံမှ ဆင့်ပွားဖန်တီးကြသဖြင့် တိုးတက်မှု အဟုန်နှောင့်နှေးခဲ့သော်လည်း   စာပေထွန်းကားလာသည်နှင့်အမျှ တိုးတက်မှုအဟုန်ကောင်းမွန်လာကြောင်း ရှေးဟောင်းကျောက်စာများနှင့် အဆောက်အအုံတို့က သက်သေတည်နေပေသည်။

ယနေ့နည်းပညာခေတ်ကြီးတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏လူမှုဘဝမြင့်မား တိုးတက်လာစေရေးအတွက် လူသားအရင်းအမြစ်ပြည့်ဝစွာ ရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းကြလျက်ရှိသည်။ လူသားအရင်းအမြစ်ဟုဆိုရာတွင်   ကျန်းမာရေးသည်   အခြေခံအုတ်မြစ်ဖြစ်ပြီး  ပညာရေးသည်  အညွန့်ပင်ဖြစ်၏။ ထို့ကြောင့်     ကျန်းမာရေးနှင့် ပညာရေးကဏ္ဍကို အစွမ်းကုန်မြှင့်တင်ပေးလျက် ရှိကြသည်။ 

ကျွန်ုပ်တို့နိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးမှုကာလသည် နှစ်ပေါင်း  ၁၀၀  ကျော်ကျရောက်ခဲ့ရသဖြင့် ပညာရည်နိမ့်ပါးခဲ့ရသည်။  လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းသောင်းကျန်း မှုများကြောင့် ပညာရေးကဏ္ဍသည်လည်း အညွန့်တလူလူ မတက်နိုင်ခဲ့ချေ။

ပြည်တွင်းသောင်းကျန်းမှုကာလအလွန်တွင် စာမတတ်သူပပျောက်ရေး ရည်မှန်းချက်ဖြင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အခြားသော စေတနာ့ဝန်ထမ်းလူငယ်များက မြို့ပြမှအစ ကျေးလက်အထိ စာမတတ်သူများကို  “အ”သုံးလုံးမှစ၍ စာပေများသင်ကြားပေးခဲ့ကြသည်။ လွတ်လပ်ရေးဆုံးရှုံးစဉ်ကာလနှင့် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ကျောင်းမနေခဲ့ရသည့်သူများစွာရှိခဲ့သည်။ 

ထိုခေတ်ကာလများက ကျေးရွာသုံးရွာပေါင်းလျှင် အခြေခံပညာမူလတန်းကျောင်း တစ်ကျောင်းမျှသာရှိသည်ဖြစ်၍  စတုတ္ထတန်းအောင်မြင်သည့်အခါ မြို့ပေါ်ရှိ   အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသို့ ပင်ပန်းကြီးစွာ တက်ရောက်ခဲ့ကြသဖြင့် အများစုမှာ ပညာရေးကိုကျောခိုင်းခဲ့ရသည်။

“သေစာ၊ ရှင်စာ တတ်ရင် တော်ပြီပေါ့”ဟူသည့်စကားသည်ထိုခေတ် လူကြီးများ၏နှုတ်ဖျားတွင် စွဲနေတော့သည်။ ထိုသည်မှာ အထက်တွင် တင်ပြခဲ့သလို သူ့ကျွန်လက်အောက် ကျရောက်ခဲ့ရခြင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့၏ ဆိုးကျိုးပင်ဖြစ်တော့သည်။  

 မြန်မာ့သမိုင်းတွင်မင်းတုန်းမင်းတရားကြီးလက်ထက် ကနောင်မင်းသားကြီးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆုံးရှုံးသွားသည့်  အောက်မြန်မာပြည်အား ပြန်လည်သိမ်းယူရန်အတွက် ဦးစွာ စက်မှုနိုင်ငံဖြစ်ရမည်ဟူသည့် အချက်ကို   ကောင်းစွာနားလည်ထားသူဖြစ်သည်။ ထို့ကြောင့် လူငယ်များကို   နိုင်ငံခြားသို့  ပညာတော်သင်စေလွှတ်ခဲ့ပြီး   စက်ရုံပေါင်းများစွာ  တည်ဆောက်ခဲ့သည်။ ဤသည်ကို  နယ်ချဲ့အင်္ဂလိပ်ကသိမြင်ပြီး တတိယအကြိမ်  မတရားကျူးကျော်စစ်ဆင်နွှဲကာ  မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူလိုက်သည်။ ပညာရေးတွင် နောက်ကျခဲ့သည့်အတွက် ကမ္ဘာကြည့် မရှုမြင်နိုင်ခဲ့ကြသောကြောင့် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်မည့် ခေတ်မီတပ်မတော်တစ်ရပ်   မတည်ထောင်နိုင်ခဲ့သဖြင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။  ကျွန်ုပ်တို့မြန်မာတစ်မျိုးသားလုံး   သင်ခန်းစာယူရမည်ဖြစ်သည်။

“အစကောင်းမှ အနှောင်းသေချာမည်”ဟူသည့်စကားရှိသည်။ “အစ”ဟူသည် အခြေခံကိုရည်ညွှန်းခြင်းပင်ဖြစ်သည်။ ယနေ့ပညာရေးတွင် “အခြေခံပညာမူလတန်းကျောင်း”၊ “အခြေခံပညာအလယ်တန်းကျောင်း”၊ “အခြေခံပညာအထက်တန်းကျောင်း”ဟူ၍ရှိသည်။ အခြေခံကောင်းဖို့ တစ်ဆင့်ပြီးတစ်ဆင့်တက်ရသည်။  အခြေခံအောင်မြင်ပြီးသောအခါ အဆင့်မြင့်ပညာသင်ယူရန်အတွက် တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပညာ ဆည်းပူးကြရပြန်သည်။  စင်စစ်အခြေခံပညာရေးနှင့်  တက္ကသိုလ်မှသင်ယူခဲ့သော ပညာရပ်များသည် ရှေးပညာရှိကြီးများ သိရှိထားသည့် ပညာရပ်များကို ပြန်လည်မျှဝေထားသည့် အတိုင်းအတာတစ်ခုမျှသာဖြစ်သည်။

ထို့ကြောင့် အခြေခံပညာအောင်မြင်ရုံဖြင့် ပညာတတ်ပြီဟု မဆိုနိုင်သလို ဘွဲ့ရရှိသောအခါ ပညာပြည့်စုံပြီဟုလည်း မှတ်ယူ၍မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပညာဟူသည် အကျယ်အဝန်းနှင့်အနက် အတိုင်းအတာ မရှိခြင်းကြောင့်ဖြစ်သည်။

ပညာဆည်းပူးရာတွင် ဇွဲ၊ လုံ့လ၊ ဝီရိယရှိရမည်။ ရောင့်ရဲတင်းတိမ်မှုထက် ဆက်လက်စူးစမ်းလေ့လာမှုရှိရမည်။ ပညာရေးတွင် ရောင့်ရဲတင်းတိမ်မှုသည် သက်လုံမကောင်းသည့် အားကစားသမားနှင့် တူပေသည်။ ထိုသည်ထက် ပိုမိုဆိုးရွားသည်မှာ  ပညာဆည်းပူးချိန်တွင်  နိုင်ငံရေးမှိုင်းတိုက်ခံရခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို အထူးရှောင်ရှားရန် လိုအပ်သည်။ ကျွန်ုပ်တို့နိုင်ငံ၏ဖြတ်သန်းလာခဲ့သည့်သမိုင်းကြောင်းတွင်  နိုင်ငံရေးမှိုင်းတိုက်ခံရသဖြင့်လူငယ်အချို့လမ်းမှားရောက်ခဲ့ကြပြီး ဘဝဇာတ်သိမ်းမလှခဲ့ကြသည်ကို  သင်ခန်းစာယူရမည်ဖြစ်သည်။

မိဘ၊ ဆရာတို့၏သွန်သင်ဆုံးမမှုကို နာယူ၍  ပညာဆည်းပူးရမည်သာဖြစ်သည်။ လူငယ်ဟူသည် စူးစမ်းလိုစိတ်၊     မိမိအစွမ်းကိုထုတ်ပြလိုစိတ်နှင့်အတူ စိတ်ခံစားချက်ထိရှလွယ်သည့်  အရွယ်ဖြစ်သည်။

စူးစမ်းလိုစိတ်သည် ကောင်းမွန်သည့်စရိုက် လက္ခဏာဖြစ်သော်လည်း ကိုယ်တိုင်မစူးစမ်းမီ ဘဝအတွေ့အကြုံရင့်ကျက်နေပြီဖြစ်သည့် မိဘ၊ ဆရာတို့အား ဦးစွာမေးမြန်းရမည်။ လူငယ်အများစုသည် မိမိ၏အစွမ်းအစကို ထုတ်ပြလိုစိတ်ရှိကြသည့်အကြောင်းအရင်းနှစ်ရပ်ရှိသည်။ ထိုသည်မှာ မိမိ၏စွမ်းရည်ကို ကိုယ်တိုင်သိလိုစိတ်နှင့် မခံချင်စိတ်တို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် ပညာဆည်းပူးချိန်တွင် “မိမိသည် နုနယ်သည့်  အညွန့်အဖူးလေးသာဖြစ်သည်”ကို အစဉ်သတိချပ်ရမည်ဖြစ်သည်။

“ငွေသည် ဒုတိယဘုရားသခင်”ဟု ဆိုကြသည်။ အရင်းရှင်ပဒေသရာဇ်ခေတ်က   ထိုစကားသည် မှန်ကောင်း မှန်နိုင်သော်လည်း ယနေ့နည်းပညာခေတ်တွင် လုံးဝ(လုံးဝ)မှားယွင်း လွဲချော်သွားပြီ။ လူမှုအသိုက်အဝန်းတွင် ဥစ္စာချမ်းသာသူနှင့် ပညာတတ်သူကို လေးစားကြသည်။ ထိုသူနှစ်ဦးအနက် ဥစ္စာချမ်းသာသူသည် ပညာတတ်သူကို လေးစားသည်။ အဘယ်ကြောင့်ဆိုသော် ဓနဥစ္စာသည် အစိုင်အခဲမျှသာဖြစ်ပြီး ပညာဟူသည် ဆုပ်ကိုင်၍မရ။ သို့သော် လမ်းညွှန်ပေးနိုင်သည့်ဒုတိယဘုရားသခင်ဖြစ်သည်။ မြင့်မားသည့်နည်းပညာ ပိုင်ဆိုင်နိုင်ရေး ပြိုင်ဆိုင်လျက်ရှိသည့် ယနေ့ခေတ်တွင် ဓနအင်အားကြီးမားသော်လည်း  နည်းပညာအားနည်းသဖြင့်  ကာကွယ်ရေးစွမ်းပကား နိမ့်ကျသည့်နိုင်ငံများစွာလည်း ရှိနေကြသည်ကို သတိပြုမိပါလိမ့်မည်။  အင်အားကြီးသူက အားနည်းသူအပေါ်    ဗိုလ်ကျစိုးမိုးခြယ်လှယ်လိုသော ယနေ့ခေတ်တွင် နည်းပညာမြင့်မားမှုနှင့် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ထားနိုင်မှုတို့သည်    “အင်အား”တစ်ရပ်ဖြစ်နေတော့သည်။

ထို့ကြောင့် နည်းပညာခေတ်ကြီးတွင် နိုင်ငံတော်၏လွတ်လပ်ရေး အချုပ်အခြာအာဏာနှင့်ပြည်သူတို့၏ လူမှုဘဝလုံခြုံရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိကြသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

မြန်မာမှုနယ်ပယ်တွင် “အကြံတူလျှင် နောက်လူသာရမည်”ဟူသည့်စကားရှိသည်။ ဆိုလိုသည်မှာ ရှေ့လူ၏လစ်ဟာမှုကို သိမြင်ခြင်းနှင့် မိမိကအချိန်ပိုရသည့်အတွက် ပိုမိုကြိုးစားခွင့်ရရှိခြင်းပင်ဖြစ်သည်။

အောင်မြင်ကျော်ကြားကြသော    ပုဂ္ဂိုလ်တို့သည်  ရှေးလူတို့(စွန့်ဦးတီထွင်သူတို့) ရှာဖွေတွေ့ရှိခဲ့သော ပညာရပ်များကို  ကောင်းစွာလေ့လာသင်ယူခဲ့ပြီး ဆက်လက်စူးစမ်း     ရှာဖွေဖော်ထုတ်ခဲ့ကြသည်။

တီထွင်မှုပေါင်းများစွာကို   မှတ်ပုံတင်နိုင်ခဲ့သည့် သိပ္ပံပညာရှင် သောမတ်အယ်လ်ဗာအက်ဒီဆင်(Tho-mas Alva Edison)ဆိုသူအား ကြားဖူးပါလိမ့်မည်။ အက်ဒီဆင်က “ကျွန်တော်ဟာ ရှေ့ကလူ ချထားခဲ့တဲ့နေရာက ပြန်စပြီးလုပ်တာများပါတယ်။  ထုတ်ယူဆင်ခြင်နည်းကို  အသုံးပြုတာပေါ့ဗျာ၊ ကျွန်တော်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ရလဒ်က ရိုးရိုးရှင်းရှင်းလေးတွေပါပဲ”ဟုဆိုခဲ့သည်။ လေယာဉ်ကိုစတင်တီထွင်ခဲ့ကြသည့် Wilbur Wright နဲ့ Orville Wright ကျေးဇူးကြောင့် ယနေ့အမျိုးမျိုးသော မျိုးကွဲအဆင့်မြင့်လေယာဉ်များ တီထွင်လာနိုင်ခြင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည်    နည်းပညာအခြေပြု တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်  နယ်ပယ်အသီးသီး၏ စိန်ခေါ်မှုများစွာသက်ရောက်လျက်ရှိသည်။ နည်းပညာမြင့်မားလာသည်နှင့်အမျှ စိန်ခေါ်မှုတို့သည်လည်း တစ်စတစ်စကြီးမားလျက်ရှိသည်။   မနက်ဖြန်ဟူသည့်အနာဂတ်တွင်  စိန်ခေါ်မှုများသည်  မည်မျှအထိ ကြီးမားမည်ကို မခန့်မှန်းနိုင်လောက်အောင်ဖြစ်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ပစ္စုပ္ပန်စိန်ခေါ်မှုများကိုရင်ဆိုင်လျက် မခန့်မှန်းနိုင်သည့်အနာဂတ်စိန်ခေါ်မှုများဖြေရှင်းရန် “ပညာရေးကဏ္ဍ”သည်သာဖြစ်ကြောင်း သိမြင်ကြသည့်အတွက် ပညာရေးကိုအားပေး မြှင့်တင်လျက်ရှိကြသည်။ ပိုမိုကောင်းမွန်ပြီး ထိရောက်သည့်နည်းလမ်းများကို ရှာဖွေကြသည်။

မသင်မနေရ အခမဲ့ပညာရေးစနစ်ဖြင့် စိန်ခေါ်မှုများအတွင်းသို့ ရဲရဲဝံ့ဝံ့တိုးဝင်ခုတ်မောင်းလျက်ရှိကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့မြန်မာပြည်သူ တစ်ရပ်လုံးသည်လည်း   မိမိတို့၏သားသမီးများ အပေါ်သက်ရောက်လာမည့်  အနာဂတ်စိန်ခေါ်မှုများကို တွေးဆ၍    သားသမီးတို့၏ပညာရေး အားပေးကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။   ။

MWD