နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

Posted_Date

Image

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

Body

နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ မြင့်မားရေးကို အထူးအလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိသည်။ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားရေးနှင့်အတူ သင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒများချမှတ်ပေးလျက်ရှိပြီး မူဝါဒများပေါက်မြောက် အောင်မြင်စေရန် ဆရာ၊ ဆရာမများက ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မိဘများအနေဖြင့်  မိမိတို့၏သားသမီးများ စာကြိုးစားကြရန် ဂရုစိုက်ကြပ်မတ် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ မိဘဆရာနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းဆောင်ရွက်မှုရှိမှသာ ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်လာမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများတွင် တာဝန်ရှိသကဲ့သို့ ကျောင်းပြင်ပရောက်ရှိချိန်တွင် မိဘအုပ်ထိန်းသူများက ထိန်းကျောင်းပေးကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  GRADE-9 အောင်မြင်ပြီးသည့်အခါတွင် GRADE- 12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၈၉ ကျောင်းဖွင့်လှစ်ထားရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအင်ဂျင်နီယာပညာရပ်များ သင်ကြားပေးလျက်ရှိသည်။ အဆိုပါကျောင်းများမှ အောင်မြင်ပြီးပါက အဆင့်မြင့်ဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်ပေသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို အားပေးနေသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသောမူဝါဒကို ချမှတ်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ပညာရေးကဏ္ဍကိုမြှင့်တင်ရန် KG မှ GRADE-12 အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ မူလတန်း၊ အလယ်တန်း၊   အထက်တန်းအဆင့်ဆင့်ပြီးမြောက်ပြီး တက္ကသိုလ်အဆင့်ပြီးမြောက်သည်အထိ တက်ရောက်ရေးသည် နိုင်ငံတော်၏ မူဝါဒပင်ဖြစ်သည်။ မူဝါဒအောင်မြင်ရေး ပြည်သူများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှ၏ အဓိကအုတ်မြစ်ဖြစ်သည်။ အုတ်မြစ်ခိုင်မာတောင့်တင်းမှုရှိမှ ခိုင်ခံ့လှပသော အဆောက်အအုံတစ်ခုဖြစ်လာနိုင်သကဲ့သို့ ပညာရေးကောင်းမွန်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပေမည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကွန်ပျူတာနှင့် နည်းပညာများကို ပေါင်းစပ်သင်ကြားပေးသည့် Polytechnic University  ရှစ်ခုကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ ထို့အတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ခရိုင် ၈၈ ခုတွင် ၈၉ ကျောင်းဖွင့်လှစ်ပေးပြီးဖြစ်သည်။

ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် ရှေ့ဆောင်လမ်းပြဖြစ်သည်။ ဆရာ၊ဆရာမ ဆိုသည်မှာ ပညာပေးဝေနေသူဖြစ်သလို ပညာရှာမှီးနေသူလည်းဖြစ်သည်။ တပည့်များ၏အကျိုးကို အစဉ်ရှေးရှုပြီး  ကောင်းမွန်ရာလမ်းညွှန် သွန်သင်ပြသပေးနိုင်သည့်  ဆရာကောင်းများဖြစ်ရပေမည်။ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများကသာ အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူဆိုသည်မှာ နောင်တစ်ခေတ်တွင်   နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ကြမည့် သူများဖြစ်သည်။ ထိုကျောင်းသား၊ ကျောင်းသူများ ငယ်ရွယ်စဉ်ကတည်းကပင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှိနေကြရပေမည်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက်   ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ကိန်းအောင်း ရှင်သန်နေစေရေး၊ ဗဟုသုတ၊ အတွေးအခေါ်၊ အမြော်အမြင်များ မှန်ကန်မြင့်မားစေရေး၊ အမှားနှင့်အမှန်ကို     ဝေဖန်ပိုင်းခြားမှုရှိစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့်  ထူးချွန်ထက်မြက်သူများ ဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ကြရမည်ဖြစ်သည်။

ပညာရေးသည် မြန်မာ့လူ့စွမ်းအား အရင်းအမြစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် နိုင်ငံသားတို့၏ စာတတ်မြောက်မှု၊ ကျောင်းတက်ရောက်နိုင်မှုတို့တွင် သိသာထင်ရှားသော တိုးတက်မှုကိုတွေ့မြင်ရပြီး ဒေသအလိုက်၊ မြို့ပြ/ကျေးလက်အလိုက်၊ ကျား/မအလိုက် ကွာခြားချက်များကိုလည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏စာတတ်မြောက်မှုနှင့် တွက်ချက်နိုင်မှုအနေဖြင့် ပြည်ထောင်စုအဆင့် စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိ၍ တွက်ချက်နိုင်မှုနှုန်း ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး မြို့ပြစာတတ်မြောက်မှုနှုန်းမှာ ၉၅ ဒသမ ၀ ရာခိုင်နှုန်းရှိ၍  ကျေးလက်စာတတ်မြောက်မှုနှုန်း ၉၀ ဒသမ ၁ ရာခိုင်နှုန်းရှိကာ စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ပြီး ၉၄ ရာခိုင်နှုန်းအထက်ရှိသည်။ စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံးဒေသများမှာ ရခိုင်ပြည်နယ် ၇၁ ဒသမ ၀ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် ၇၃ ဒသမ ၂ ရာခိုင်နှုန်းနှင့်  ကရင်ပြည်နယ် ၇၈ ဒသမ ၁ ရာခိုင်နှုန်းတို့ဖြစ်သည်။ အမျိုးသားများ၏ စာတတ်မြောက်မှုနှုန်းသည် ၉၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးသည် ၉၀ ဒသမ ၉ ရာခိုင်နှုန်းဖြစ်၍ အမျိုးသားများ၏ စာတတ်မြောက်နှုန်းက အနည်းငယ်ပို၍ မြင့်မားနေသည်ကိုတွေ့ရှိရသည်။

 မြန်မာနိုင်ငံ၏  ပညာရေးဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော်ကပံ့ပိုးမှုများ၊ ပြောင်းလဲမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုကလည်း ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည်။   ယနေ့နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်ကို ဘက်စုံထောင့်စုံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး အလေးထား လုပ်ဆောင်လျက်ရှိရာတွင်  ပညာရေးကဏ္ဍနှင့်  ကျန်းမာရေးကဏ္ဍကို အထူးအလေးထားလမ်းညွှန် ဆောင်ရွက်ပေးလျက်ရှိသည်။  လွန်ခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင်ပင် ကျောင်းများကိုတစ်ဆင့်ပြီးတစ်ဆင့် ဖွင့်လှစ် ပေးပြီး ကျောင်းသား၊  ကျောင်းသူများ၏ပညာရေး မနှောင့်နှေးအောင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် လည်း ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာ ကျောင်းတက်နိုင်ခဲ့ကြသည်။ မိဘများလည်း  စိတ်ချမ်းသာပျော်ရွှင်သွားကြသည်။

မြန်မာနိုင်ငံတွင် အံ့ဩဖွယ်ကောင်းသည်မှာ နိုင်ငံတော်ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်သည့် အဖျက်သမားတို့သည်  ကျောင်းသား၊  ကျောင်းသူများ ကျောင်းမတက်ရေး၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်မဖြေဆိုရေးအတွက် လှုံ့ဆော်ခဲ့သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှသည်။ နိုင်ငံနှင့်လူမျိုး တိုးတက်ရေးကို နှောင့်ယှက်နေသူတို့မှာ   နောက်ဆုံးတွင်ကျဆုံးသည့်လမ်းသို့ ရောက်သွားမြဲဖြစ်သည်။ အမှန်တကယ်ဆိုရသော်  ပညာရေးနှင့်ကျန်းမာရေးကို နိုင်ငံရေးနှင့်ရောယှက် မပြုသင့်ပါ။ မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ လူငယ်များပညာ သင်ကြားနေကြရမည်။  မည်သည့်နိုင်ငံတွင်မဆို  တိုင်းပြည်ကိုအမှန်တကယ် ချစ်မြတ်နိုးသူတိုင်းသည် လူငယ်များပညာသင်ကြားနိုင်ရေးအတွက်  ဘက်ပေါင်းစုံမှ အခွင့်အလမ်းရရန်ကြိုးစား လုပ်ဆောင်ကြသည်။

ယနေ့ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများသည် ပညာရေးဖွံ့ဖြိုးမှုမှ ပြောင်းလဲလာခြင်းဖြစ်သည်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဟူ၍ မရှိနိုင်ပေ။ ပညာရေးသည် အသိဉာဏ်ရှိသော လူသားအားလုံးအတွက်  အလွန်အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဟူသည့် မူဝါဒနှင့်အညီ ချမှတ်ကျင့်သုံးလျက်ရှိသည်။

တစ်နိုင်ငံလုံး အသိပညာ၊အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူ ပြုပညာရပ်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

လူငယ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌  အဓိကစွမ်းအားစု အဖြစ်ပါဝင်ကြရမည်ဖြစ်၍ လူငယ်တိုင်း ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်  လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများအနေဖြင့်  မိမိတို့၏   တပည့်ကျောင်းသား၊ ကျောင်းသူများကို စိတ်ဓာတ်နှင့် စည်းကမ်းကောင်းသော ပညာတတ်များဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ ထိုသို့ လေ့ကျင့်ပြုပြင်ပေးလျက်ရှိသော်လည်း    လိုက်နာမှု ကြိုးစားမှု နည်းပါးသော ကလေးများရှိနေသေးသည်ဟု ဆိုနိုင်သည်။ ထိုကလေးများကိုလည်း မိဘများအနေဖြင့် လျစ်လျူရှုမထားဘဲ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်ဝတ္တရားနှင့်အညီ ပြုပြင်ပေးကြရမည်ဖြစ်သည်။ လူငယ်များ အရည်အသွေးပြည့်ဝရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်မှာ မိဘနှင့်ဆရာများ ဘက်စုံညီဆောင်ရွက်နိုင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ ကျောင်းဆက်မနေရသည့် အဓိကအကြောင်းရင်းမှာ မိသားစုတာဝန်များ/အိမ်အလုပ်များ ကူညီနေရခြင်းကြောင့် ကျောင်းဆက်မနေရသူ ၂၇ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ ငွေကြေးမတတ်နိုင်သောကြောင့် ကျောင်းဆက်မနေရသူ ၂၀ ဒသမ ၆ ရာခိုင်နှုန်းရှိ၍ အလုပ်လုပ်ကိုင်ရန်အတွက် ကျောင်းထွက်ရသူမှာ ၂၅ ဒသမ ၂ ရာခိုင်နှုန်း(စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးနှင့် မဆိုင်သောလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဒသမ ၁ ရာခိုင်နှုန်း) ရှိသည်။ မကျန်းမာခြင်း၊ စာသင်ရန် စိတ်မဝင်စားခြင်း၊ အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ လမ်းခရီးမလုံခြုံခြင်း  စသည့်အကြောင်းရင်းများကြောင့် ကျောင်းဆက်မတက်နိုင်ခြင်းမှာ ၁၀ ရာခိုင်နှုန်းအောက်သာရှိကြောင်း လေ့လာတွေ့ရှိရသည်။

စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့်နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့်   အသိဉာဏ်ပညာဆိုင်ရာ  ဟုသုတများ ပေးအပ်ခြင်းအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊  အမှားအမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့် နေရာမျိုးဖြစ်နေရပေမည်။ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစည်းကမ်းလိုက်နာခြင်းမှအစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းဝပ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၁ ရက်က ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ငါးနှစ်သင်တန်း အမှတ်စဉ်(၇)မှကျောင်းသား၊ ကျောင်းသူများနှင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1)၌တွေ့ဆုံအမှာစကားပြောကြားစဉ် “ မိမိတို့တပည့်သားသမီးများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့်ပြည့်ဝသည့်  ပညာတတ်လူငယ်များဖြစ်လာအောင်    ပြုစုပျိုးထောင်ပြီး  အနာဂတ်နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြမည့်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင်၊ ယုံကြည်ချက်၊ ခံယူချက်ကောင်းသူများ ဖြစ်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရန်၊ မိမိတို့နိုင်ငံအတွက် လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည်  ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်လာရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် သက်ဆိုင်သူ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိကိုယ်ကိုချစ်စိတ်၊ မိမိနိုင်ငံတော်ကို ချစ်သည့်စိတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။       ။

MWD