ကြွက်မှတစ်ဆင့်ကူးစက်တတ်သည့် ဟန်းတာဗိုင်းရပ်စ် (Hantavirus)ရောဂါ

Posted_Date

Image

ကြွက်မှတစ်ဆင့်ကူးစက်တတ်သည့် ဟန်းတာဗိုင်းရပ်စ် (Hantavirus)ရောဂါ

Body

အာဂျင်တီးနားနိုင်ငံ၊ အူဆွားရာ (Ushuaia) ဆိပ်ကမ်းမှ (၁-၄-၂၀၂၆)ရက်နေ့တွင် ထွက်ခွာခဲ့သည့် နယ်သာလန်နိုင်ငံ အလံလွှင့်ထူထားသော အမ်ဗွီဟွန်ဒီယက်ဇ် (MV Hondius) အပျော်စီး သင်္ဘောခရီးစဉ်တွင် လိုက်ပါလာသည့်ခရီးသည်အချို့၌ ဖျားနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အဆုတ်ရောင်လက္ခဏာများ ပေါ်ပေါက်ခံစားရလာခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါရောဂါ လက္ခဏာများသည် ဟန်းတာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါလက္ခဏာစု (Hantavirus Pulmonary Syndrome-HPS)နှင့် ဆင်တူသဖြင့် ဓာတ်ခွဲစစ်ဆေးကြည့်ရာ ဟန်းတာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ အဆိုပါသင်္ဘောပေါ်တွင် (၈-၅-၂ဝ၂၆) ရက်နေ့အထိ ဟန်းတာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသူ ရှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် အသက်(၇၀)အရွယ် ဒတ်ခ်ျလူမျိုးအမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးနှင့် ဂျာမန်လူမျိုးအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦးသည် ရောဂါကြောင့်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဟန်းတာဗိုင်းရပ်စ်ပိုးသည် ကြွက်မှတစ်ဆင့် လူတို့ထံကူးစက်တတ်သော ရောဂါပိုးဖြစ်ပြီး သာမန်အားဖြင့် လူမှလူသို့ကူးစက်လေ့မရှိသော်လည်း ယခုတွေ့ရှိရသည့် ဗိုင်းရပ်စ်ပိုးသည် ဟန်းတာဗိုင်းရပ်စ်ပိုး၏ လူအချင်းချင်းကူးစက်နိုင်သည့် ရှားပါးမျိုးစိတ် Andes virus (ANDV) ဖြစ်ကြောင်းသိရှိရ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးပညာရှင်များက ရောဂါကူးစက်မှုများနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ဟန်းတာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ မိဘပြည်သူများ သိရှိသတိပြုနိုင်ကြစေရန် အောက်ဖော်ပြပါမေးခွန်းနှင့် အဖြေများကို တင်ပြလိုက်ရပါသည် –

မေး ။ ဟန်းတာဗိုင်းရပ်စ်ရောဂါဆိုတာ ဘာလဲ။

ဖြေ ။ ဟန်းတာဗိုင်းရပ်စ်ရောဂါသည် ဟန်းတာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အဆိုပါဗိုင်းရပ်စ်သည် ကြွက်များ(rodents)တွင် သဘာဝအလျောက်ရှိနေနိုင်ပြီး ကြွက်မှတစ်ဆင့် လူသို့ကူးစက်စေ၍ ပြင်းထန်သော အဆုတ်ရောင် ရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးသည့်ရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ ဟန်းတာဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် လူအချင်းချင်းကူးစက်လေ့မရှိဘဲ ၎င်း၏ရှားပါးမျိုးစိတ် Andes virus (ANDV)အနေဖြင့် လူအချင်းချင်းကူးစက်နိုင်သည်ကို တွေ့ရှိရပါသည်။

မေး ။ ဟန်းတာဗိုင်းရပ်စ်သည် လူကိုဘယ်လိုကူးစက်နိုင်သလဲ။

ဖြေ ။ ဟန်းတာဗိုင်းရပ်စ်ရောဂါပိုးရှိသော ကြွက်များ၏မစင်၊ ဆီး သို့မဟုတ် တံတွေးများ ကပ်ငြိနေသည့် အစက်အမှုန်များအား ရှူရှိုက်မိခြင်းနှင့် ထိတွေ့မိခြင်း၊ ဗိုင်းရပ်စ်ပိုးပါရှိသည့် မသန့်ရှင်းသော အစားအစာများကို စားသောက်မိခြင်း၊ ရောဂါပိုးကူးစက်ခံရသူနှင့် အလွန်နီးကပ်ပြီး အချိန်ကြာမြင့်စွာ ထိတွေ့မှုရှိခြင်းနှင့် ရောဂါပိုးရှိသောအရာဝတ္ထုများကို ကိုင်တွယ်ပြီး ပါးစပ် သို့မဟုတ် နှာခေါင်းကို ကိုင်တွယ်မိခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။

ဟန်းတာဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် လူအချင်းချင်း ကူးစက်လေ့မရှိသော်လည်း ယခုအမ်ဗွီဟွန်ဒီယက်ဇ် (MV Hondius) အပျော်စီးသင်္ဘောပေါ်တွင် တွေ့ရှိရသည့် Andes virus (ANDV) မျိုးစိတ်သည် လူအချင်းချင်းကူးစက်နိုင်သည့် ရှားပါးမျိုးစိတ်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Andes virus (ANDV)မျိုးစိတ်သည် တောင်အမေရိကတွင် အဓိကတွေ့ရသောမျိုးကွဲဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်သည့်ဖြစ်စဉ် အနည်းငယ်ရှိခဲ့ဖူးပါသည်။ သို့ရာတွင် လူအချင်းချင်းကူးစက်မှုဖြစ်ပွားရန် ရောဂါလက္ခဏာပြနေသောလူနာနှင့် အချိန်ကြာမြင့်စွာ အနီးကပ်ထိတွေ့မှုရှိရန်လိုအပ်ကြောင်း သိရပါသည်။

မေး ။ ဟန်းတာဗိုင်းရပ်စ် ကူးစက်ခံရပါက မည်သည့်ရောဂါလက္ခဏာများကို ခံစားရပါသလဲ။

ဖြေ ။ ဟန်းတာဗိုင်းရပ်စ်နှင့် ထိတွေ့ပြီးနောက် ရောဂါပျိုးရက်အနေဖြင့် အများအားဖြင့် ရက်သတ္တတစ်ပတ်မှ ခြောက်ပတ်အတွင်းတွင် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာတတ် ပါသည်။

အစောပိုင်းလက္ခဏာများအနေဖြင့် တုပ်ကွေးရောဂါလက္ခဏာများကဲ့သို့ ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများပြင်းထန်စွာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချမ်းတုန်ခြင်းနှင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဗိုက်နာခြင်း စသည့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ ဖြစ်ပေါ်တတ်ပါသည်။

၎င်းနောက် ဆက်လက်၍ ၄ ရက်မှ ၁၀ ရက်ခန့်အကြာတွင် ရောဂါလက္ခဏာများ လျင်မြန်စွာ ဆိုးရွားလာတတ်ပြီး အဆုတ်ရောင်ရောဂါလက္ခဏာများနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲလာခြင်းနှင့် အဆုတ်ရောင်၍ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပွားလာနိုင်ပါသည်။ ထို့ပြင် ကျောက်ကပ်ထိခိုက်ခြင်းနှင့် သွေးလန့်ခြင်း လက္ခဏာများဖြစ်သည့် သွေးပေါင်ကျခြင်း၊ သွေးယိုစိမ့်ခြင်း၊ သွေးလန့်ခြင်း၊ ဆီးနည်းခြင်း၊ ကျောက်ကပ်အလုပ်မလုပ်တော့၍ ဆီးမထွက်တော့ခြင်း အစရှိသည့် ပြင်းထန်ရောဂါလက္ခဏာများကို ခံစားရနိုင်ပြီး ရောဂါပြင်းထန်စွာခံစားရပါက ရောဂါကြောင့်သေဆုံးမှုနှုန်းမှာ (၃၀)မှ (၅၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။

မေး။ ဟန်းတာဗိုင်းရပ်စ်ကူးစက်ခံရပါက ကုသပျောက်ကင်းနိုင်ပါသလား။

ဖြေ။ လက်ရှိအချိန်အထိ ဟန်းတာဗိုင်းရပ်စ်ရောဂါအတွက် ခွင့်ပြုထားသော သီးသန့်ကုသဆေး၊ ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်သတ်ဆေး (antiviral) မရှိသေးသော်လည်း စောစီးစွာ အချိန်မီ ကုသမှုခံယူခြင်းဖြင့် ရောဂါပြင်းထန်စွာခံစားရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်ပါသည်။

မေး ။ ဟန်းတာဗိုင်းရပ်စ်ကူးစက်မှုကို ဘယ်လိုကာကွယ်နိုင်မလဲ။

ဖြေ။ ဟန်းတာဗိုင်းရပ်စ်ကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကြွက်များ၊ ၎င်းတို့၏အညစ်အကြေးများနှင့် ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်ရှားရန်ဖြစ်ပါသည်။ မိမိနေထိုင် ရာပတ်ဝန်းကျင်တွင် ကြွက်များနေထိုင်ခြင်းနှင့် ပေါက်ဖွားခြင်းမပြုနိုင်ရန်နှင့် မိမိနေထိုင်ရာအိမ် အတွင်း ကြွက်များမဝင်ရောက်နိုင်ရန် အဓိကအလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါအချက်တို့ကို သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည် –

(က) ပတ်ဝန်းကျင်သန့်ရှင်းရေး သတိပြုဆောင်ရွက်ပါ – အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ၊ အစားအစာအကြွင်းအကျန်များ စနစ်တကျစွန့်ပစ်ခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်းတို့ဖြင့် အိမ်နှင့်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရှိပါ၊ အစားအစာနှင့်ရေများကို လုံခြုံစွာဖုံးအုပ်ထားပါ။

(ခ) ကြွက်ဝင်ပေါက်များကိုပိတ်ဆို့ထားပါ – အိမ်၊ ကားဂိုဒေါင်၊ စပါးကျီနှင့် သိုလှောင်ရုံများ သို့မဟုတ် လုပ်ငန်းခွင်နေရာများသို့ ကြွက်များဝင်ရောက်နိုင်သည့်အပေါက်များကို လုံခြုံအောင် ပိတ်ဆို့ထားပါ။

(ဂ) လုံခြုံစွာ သန့်ရှင်းရေးဆောင်ရွက်ပါ – ကြွက်ချေး၊ ဆီး စသည့်ကြွက်၏ အညစ်အကြေးများ သို့မဟုတ် ကြွက်သိုက်များကို ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းတို့ ပြုလုပ်ရာတွင် ဗိုင်းရပ်စ်ပိုးများကို လေထဲသို့လွင့်ပျံ မသွားစေရန် စိုစွတ်စေသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရပါမည်။ အညစ်အကြေးများ ရှိသည့်နေရာကို ပိုးသတ်ဆေး (ဥပမာ - ကလိုရင်းအရည်/ ချွတ်ဆေးရည်နှင့် ရေ ရောစပ်ထားသောအရည်) သို့မဟုတ် အရက်ပြန်ဖြင့် သေချာစွာစိုရွှဲနေအောင် ဖျန်းပြီးမှ သတိပြု၍သုတ်သင်ဖယ်ရှားပါ။ ကြွက်များရှိနေနိုင်သည့်နေရာများကို သန့်ရှင်းရေးလုပ်ရာတွင် ရော်ဘာလက်အိတ်များနှင့် မျက်နှာနှင့် အံဝင်ခွင်ကျဖြစ်သော ပါးစပ်နှင့်နှာခေါင်းစည်း (ဥပမာ - N95 Mask)ကို စနစ်တကျတပ်ဆင်ပါ၊ သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြု၍ စင်ကြယ်စွာစနစ်တကျဆေးကြောပါ။

မေး ။ မြန်မာနိုင်ငံတွင် ဟန်းတာဗိုင်းရပ်စ်ရောဂါ  ဖြစ်ပွားနိုင်ခြေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိသလား။

ဖြေ ။ ဟန်းတာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ရောဂါနှင့်မတူဘဲ လူမှလူသို့ တိုက်ရိုက်အလွယ်တကူ မကူးစက်နိုင်ခြင်း၊ အချိန်ကြာကြာ နီးကပ်စွာထိတွေ့မှုရှိမှသာ ကူးစက်နိုင်ကြောင်း အထောက်အထား များရှိခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ပြည်သူလူထုအတွင်း ဆက်လက်ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးကြောင်းတွေ့ရှိရပါသည်။

ကမ္ဘာတစ်ဝန်းတွင် ဟန်းတာဗိုင်းရပ်စ်ကူးစက်မှုနှင့် ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးပြီး ၂၀၂၅ ခုနှစ် အတွင်း အမေရိကတိုက်ရှိ နိုင်ငံရှစ်နိုင်ငံ စုစုပေါင်းတွင် လူနာ ၂၂၉ ဦးနှင့် သေဆုံးသူ ၅၉ ဦး ရှိခဲ့ကြောင်းသိရပြီး အရှေ့အာရှဒေသတွင်မူ လွန်ခဲ့သည့်နှစ်များအတွင်း ရောဂါဖြစ်ပွားမှုနှုန်းမှာ လျော့ကျလာခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ လက်ရှိအချိန်အထိ ဟန်းတာဗိုင်းရပ်စ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လူတစ်ဦးမှလူတစ်ဦးသို့ ကူးစက်နိုင်ခြေနည်းပါး သည့်အဆင့် (low risk) အဖြစ်သာ သတ်မှတ်ထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဟန်းတာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့်ချိတ်ဆက်၍ လတ်တလောရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို စောင့်ကြည့်လျက်ရှိပြီး နိုင်ငံဖြတ်ကျော် ဝင်၊ ထွက်ပေါက်များဖြစ်သော လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတကာသင်္ဘောများ ဝင်/ထွက်မှုရှိသော ရန်ကုန်ဆိပ်ကမ်းတွင်လည်း ပြည်ပပင်လယ်ကူးသင်္ဘောများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု ပင်လယ်ကူးသင်္ဘောများ ကူးစက်ရောဂါ ကင်းရှင်းကြောင်းနှင့် သန့်ရှင်းမှုရှိကြောင်း စစ်ဆေးခြင်း လက်မှတ်ထုတ်ပေးခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။

လတ်တလောအနေဖြင့် နိုင်ငံတကာ အပျော်စီးသင်္ဘောပေါ်တွင် ဟန်းတာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်မှုမရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကိုယ်အပူချိန်နှင့် ကူးစက်ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်နှင့်အညီ ရောဂါရှာဖွေစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သတင်းပို့ခြင်း၊ ကုသမှုပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သင်္ဘောပေါ်တွင် ပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲခြင်းလုပ်ငန်းများကို သင်္ဘောလုပ်ငန်းဆောင်ရွက်သူများနှင့် နီးကပ်စွာပူးပေါင်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

ရောဂါသံသယရှိသူများ ပေါ်ပေါက်လာပါကလည်း ဆေးကုသရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ သို့ဖြစ်၍ လက်ရှိအချိန်တွင် ဟန်းတာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် ကြွက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကြွက်နှိမ်နင်းရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး ဟန်းတာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ အထူးစိုးရိမ်ကြောင့်ကြရန် မလိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

moi