မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်

Posted_Date

Image

မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်

Body

သဘာဝကပေးသည့် အစားအစာများတွင် ထူးခြားသည့်အာဟာရဓာတ်များ ပေါများစွာပါဝင်ပြီး လူသားတို့၏ ကျန်းမာရေးအပေါ် ကြီးမားသောအကျိုးရလဒ်များဖြစ်ပေါ်စေသည့်အတွက် မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်အကြောင်း ကျန်းမာရေးရှုထောင့်အရ သိကောင်းစရာများကို ရေးသားတင်ပြလိုက်ရပါသည်။

မှိုတွင် ကယ်လိုရီဓာတ်နည်းပါးစွာပါဝင်ခြင်းကြောင့် ကိုယ်အလေးချိန်ထိန်းညှိနေသူများအတွက် အထူးသင့်တော်ပါသည်။ နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများသည် အရိုးကျန်းမာရေးအတွက် အရေးပါသော သဘာဝဗီတာမင်ဒီဓာတ် ပါဝင်ပါသည်။ မှိုတွင် ခန္ဓာကိုယ်ရှိဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးသော ဆီလီနီယမ် (Selenium) သတ္တုဓာတ်ပါဝင်ကာ သက်သတ်လွတ်စားသူများအတွက် အသားအစားထိုး အာဟာရအရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါသည်။ မှိုတွင် အမျှင်ဓာတ်ကြွယ်ဝပြီး ကစီဓာတ်နည်းပါးသည့်အတွက် ဆီးချိုဝေဒနာရှင်များ စားသုံးနိုင်ပါသည်။

လူ၏အစာခြေစနစ်ကို များစွာအထောက်အကူပြု

မှိုတွင် ထူးခြားသော အာဟာရတန်ဖိုးများပါရှိပါသည်။ မှိုအမျိုးအစားအလိုက် အနည်းငယ်ကွာခြားနိုင်သော်လည်း ယေဘုယျအားဖြင့် မှို ၁၀၀ ဂရမ် (၆ ကျပ်သားခန့်) တွင် ကယ်လိုရီ ၂၂ မှ ၃၅ ကယ်လိုရီ ခန့်ပါဝင်ပြီး ရေဓာတ် ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ အသားဓာတ် (၃ ဒသမ ၁) ဂရမ်ခန့်ပါဝင်ပြီး အခြားဟင်းသီးဟင်းရွက်များထက် အသားဓာတ်များပိုမိုပါဝင်ကာ ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများအတွက် အရေးပါသည့်အမိုင်နိုအက်စစ်များစွာ ပါဝင်ပါသည်။ မှို ၁၀၀ ဂရမ်တွင် အဆီဓာတ် ၀ ဒသမ ၃ ဂရမ်ခန့်သာ ပါဝင်သောကြောင့် အဆီဓာတ်နှင့် ကိုလက်စထရောအဆီများ လုံးဝမပါဝင်သလောက်နည်းပါးပြီး အမျှင်ဓာတ် (Fiber) ၁ မှ ၂ ဂရမ်ခန့် ပါဝင်သောကြောင့် လူ၏အစာခြေစနစ်ကို များစွာအထောက်အကူပြုပါသည်။

မှိုသည် ဗီတာမင်ဓာတ်ကြွယ်ဝသော အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါသည်။ အထူးသဖြင့် ဗီတာမင်ဒီကို သဘာဝအတိုင်း ပေးစွမ်းနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသောမှိုများတွင် ပိုမိုများပြားစွာပါဝင်ပါသည်။ ဗီတာမင်ဘီအုပ်စုများအနက် အထူးသဖြင့် Riboflavin (B2)၊ Niacin (B3) နှင့် Pantothenic Acid (B5) ဓာတ်တို့ကြွယ်ဝစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ထုတ်လုပ်မှုနှင့် အာရုံကြောစနစ်အတွက် အထူးကောင်းမွန်ပါသည်။

မှိုတွင်ပါဝင်သော ဆီလီနီယမ်သည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး

မှိုတွင်ပါဝင်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည့် ဆီလီနီယမ်သည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပါသည်။ မှိုတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ပိုတက်စီယမ်နှင့် ကြေးနီသတ္တုဓာတ်များလည်းပါဝင်သောကြောင့် သွေးပေါင်ချိန်ထိန်းညှိခြင်း၊ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း၊ သွေးနီဥဆဲလ်များဖြစ်ပေါ်စေခြင်းနှင့် အရိုးများခိုင်မာစေခြင်းတို့အတွက် ကူညီပေးပါသည်။

မှိုတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antio-xidants) ဖြစ်သည့် Ergothioneineနှင့် Gluta-thione ပါဝင်သောကြောင့် ဆဲလ်များရောင်ရမ်းမှုနှင့် ပျက်စီးမှုကိုကာကွယ်ပေးပါသည်။ မှိုတွင်ပါဝင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အသက်ကြီးလာသည့်အခါ ဖြစ်တတ်သော မေ့လျော့သည့်ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနစာတမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ မှို၏ ဆဲလ်နံရံတွင် ပါဝင်သောအမျှင်ဓာတ် (Beta-glucans) သည် သွေးတွင်းအဆီဓာတ်ကိုလျော့ကျစေပြီး ကိုယ်ခံအားကို ကောင်းမွန်စေပါသည်။

စနစ်တကျ စိုက်ပျိုးထုတ်လုပ်ထားသော မှိုများကိုသာ စားသုံးသင့်

အဆိပ်ရှိသောမှိုနှင့် စားသုံးနိုင်သောမှိုကို ခွဲခြားရန်ခက်ခဲနိုင်သောကြောင့် တောတွင်းအလေ့ကျပေါက်သည့်မှိုများကို အလွယ်တကူ ခူးဆွတ်မစားသုံးမိရန် အထူးသတိပြုရမည် ဖြစ်ပါသည်။ စနစ်တကျစိုက်ပျိုးထုတ်လုပ်ထားသော မှို (ဥပမာ - ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြက်တောင်မှို) များကိုသာ စားသုံးသင့်ပါသည်။ မှိုသည် ပျက်စီးလွယ်သောကြောင့် လတ်ဆတ်သောမှိုကိုသာ ရွေးချယ်ရန်နှင့် မချက်ပြုတ်ခင်သေချာဆေးကြောရန် လိုအပ်ပါသည်။ ဆေးဖက်ဝင်မှိုများ (ဥပမာ - လင်ဇီးမှိုစသည်) ကို ကိုယ်ခံအားမြှင့်တင်ရန်နှင့် မောပန်းနွမ်းနယ်မှုလျော့ကျစေရန်စသည်တို့အတွက် အာဟာရဖြည့်စွက်စာအဖြစ် အသုံးပြုကြကြောင်း တွေ့ရပါသည်။

မှိုကို အစိမ်းစားခြင်းထက် ချက်ပြုတ်စားခြင်းက အာဟာရဓာတ်များကို ပိုမိုစုပ်ယူနိုင်စေပြီး အစာခြေစနစ်အတွက်လည်း ပိုမိုကောင်းမွန်ပါသည်။ မှိုကို ဟင်းရည်ချက်သောက်ခြင်းဖြင့်လည်းကောင်း၊ အသီးအရွက်များနှင့် ရော၍ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း အာဟာရမျှတစွာ စားသုံးနိုင်ပါသည်။

မှိုကို ဟင်းချက်ရာတွင် ထည့်သွင်းခြင်းဖြင့် အရသာကို ပိုမိုကောင်းမွန်စေ

မှိုကို ဟင်းလျာတစ်ခုအနေဖြင့်သာ မဟုတ်ဘဲ ကျန်းမာရေးနှင့်မညီညွတ်သော ဟင်းခတ်မှုန့်နေရာတွင် အစားထိုး၍ ‘သဘာဝဟင်းခတ်မှုန့်’အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ မှိုခြောက် (အထူးသဖြင့် မှိုနက် သို့မဟုတ် ရှီတာကေးမှို) ကို အမှုန့်ကြိတ်ပြီး ဟင်းချို၊ ဆော့စ်၊ အသားနှပ်ခြင်းနှင့် အသီးအရွက်ကြော်များတွင် သဘာဝဟင်းခတ်မှုန့်အဖြစ် အသုံးပြုနိုင်ပါသည်။ မှိုတွင် Glutamate ဓာတ်သဘာဝအတိုင်း ကြွယ်ဝစွာပါဝင်သောကြောင့် အချို မှုန့် (Monosodium Glutamate - MSG) အစားထိုး သဘာဝပစ္စည်းအဖြစ် အသုံးပြုလေ့ရှိကြပါသည်။ မှိုကို အနှစ်ပြုလုပ်ပြီး ဟင်းချက်ရာတွင် ထည့်သွင်းခြင်းဖြင့် ဟင်းရည်ကို ပိုမိုပျစ်နှစ်စေပြီး အရသာကိုပိုမိုကောင်းမွန်စေပါသည်။

ဥရောပဟင်းလျာများတွင် မှိုကို အခြေခံသော ကရင်မ်ဆော့စ်အနှစ်များကို အသားကင်များနှင့် တွဲဖက်သုံးစွဲလေ့ရှိပါသည်။ မှိုကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲရာတွင် မှို၏ ထူးခြားသောအရသာကြောင့် ဟင်းလျာများတွင် ဆားအများကြီးထည့်ရန် မလိုအပ်ဘဲ အရသာဖြင့် ပြည့်စုံစေသဖြင့် သွေးတိုးရောဂါရှိသူများအတွက် အထူးသင့်လျော်ပါသည်။ မှိုခြောက်ကို ပြန်စိမ်ထားသည့်ရေကို ဟင်းရည်ချက်ပြုတ်ရာတွင် ပြန်လည်သုံးစွဲခြင်းဖြင့် ဟင်း၏ ထူးခြားသော သဘာဝအနံ့ကို ရရှိစေပါသည်။ မှိုနက်သည် အနံ့အသက်ထူးခြားပြီး အရသာအလွန်ရှိ၍ ဟင်းခတ်မှုန့်ပြုလုပ်ရန် အကောင်းဆုံးဖြစ်ပါသည်။ လတ်ဆတ်သောမှိုထက် ခြောက်သွေ့အောင် ပြုလုပ်ထားသော မှိုများက အနံ့နှင့်အရသာ ပိုမိုစူးရှပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရန်ပိုမိုသင့်တော်ပါသည်။

မှိုကို သာမန်ဟင်းလျာတစ်ခွက်အဖြစ်သာ မဟုတ်ဘဲ စီးပွားရေးအရသော်လည်းကောင်း၊ အာဟာရဗေဒအရသော်လည်းကောင်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါသည်။

(က)    အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ တန်ဖိုးမြှင့်မှု သဘာဝအချိုမှုန့် - မှိုကို အခြောက်လှန်းပြီး အမှုန့်ပြုလုပ်ခြင်းဖြင့် ဓာတုကင်းစင်သော “မှို ဟင်းခတ်မှုန့်” အဖြစ် ထုတ်လုပ်နိုင်ပြီး ကျန်းမာရေးရှုထောင့်မှကြည့်လျှင် အလွန်တန်ဖိုးရှိသော အချိုမှုန့်အစားထိုးပစ္စည်း ဖြစ်ပါသည်။

ဗီတာမင်ဒီမြှင့်တင်ခြင်း - မှိုကို မချက်ပြုတ်ခင် နေရောင်ခြည်အောက်တွင် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ထားရှိခြင်းဖြင့် ဗီတာမင်ဒီပါဝင်မှုကို သိသိသာသာမြှင့်တင်နိုင်ပါသည်။

(ခ) ထုတ်ကုန်ပိုင်းဆိုင်ရာ တန်ဖိုးမြှင့်မှု (Value Added Products)

မှိုအစိုသည် သက်တမ်းတိုပြီး ပျက်စီးလွယ်သော်လည်း အောက်ပါအတိုင်းပြုလုပ်ခြင်းဖြင့် ဈေးကွက်တန်ဖိုး မြှင့်တင်နိုင်ပါသည် -

မှိုခြောက်နှင့် မှိုမှုန့် - တာရှည်ခံအောင် အခြောက်ခံခြင်းဖြင့် ရာသီမရွေးရောင်းချနိုင်ပြီး မှိုမှုန့်ကို ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် စွပ်ပြုတ်ထုပ်များတွင် ထည့်သွင်း၍ အားဖြည့်အစာ (Functional Food) အဖြစ် ထုတ်လုပ်နိုင်ပါသည်။

မှိုအခြေခံ သရေစာများ - မှိုကြော်နှင့် မှိုချဉ်များအပြင် မှို၏ အသားကဲ့သို့ ကျစ်လျစ်သော အသွင်အပြင်ကြောင့် ဟမ်ဘာဂါအသားပြားနှင့် ဝက်အူချောင်းများတွင် သက်သတ်လွတ်အစားအစာအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ရာ သက်သတ်လွတ်စားသုံးသူများအကြားတွင် မှိုအခြေခံသရေစာများက အထူးလူကြိုက်များလှပါသည်။

(ဂ) စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးမြှင့်မှု

စိုက်ပျိုးစရိတ် သက်သာခြင်း - စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ လွှစာ၊ နှမ်းရိုးများကို အသုံးပြုပြီး မှိုစိုက်ပျိုးနိုင်သည့်အတွက် စွန့်ပစ်ပစ္စည်းကိုအကျိုးရှိရှိ အသုံးချရာရောက်ပါသည်။ မှိုခူးပြီး ကျန်ရစ်သော စိုက်ခင်းအကြွင်းအကျန်များကို အရည်အသွေးမြင့် သဘာဝမြေဩဇာအဖြစ် ပြန်လည်ရောင်းချနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုပါသည်။

မြန်မာ့တိုင်းရင်းဆေးပညာနှင့် ရိုးရာကုထုံးများတွင် မှိုအမျိုးအစားအလိုက် ဆေးဖက်ဝင်ပုံများကွဲပြားသော်လည်း ယေဘုယျအားဖြင့် တိုင်းရင်းဆေးပညာရှုထောင့်အရ ဆေးဖက်ဝင်ပုံများကို အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်-

(၁) ကိုယ်တွင်းအပူကို ငြိမ်းစေခြင်း

မှိုသည် အေးမြသောဂုဏ်သတ္တိရှိသဖြင့် ခန္ဓာကိုယ်အတွင်း အပူအောင်းခြင်း၊ ဆီးပူခြင်းနှင့် အပူကြောင့်ဖြစ်သော အနာအဆာများကို သက်သာစေပါသည်။ အထူးသဖြင့် နွေရာသီတွင် မှိုကိုဟင်းရည်ချက်၍ သောက်ခြင်းဖြင့် ကိုယ်တွင်းအပူကို လျော့ကျစေပါသည်။

(၂) အားအင်ဖြည့်တင်းပေးခြင်း (ဓာတ်စာ)

မှိုတွင်ပါဝင်သော အာဟာရဓာတ်များသည် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး သွေးအားကိုလည်းအားပေးသည့်အတွက် တိုင်းရင်းဆေးကျမ်းများတွင် မှိုကို အားနည်းသူများ၊ ဖျားနာပြီးစလူနာများအတွက် ဓာတ်စာအဖြစ် ညွှန်းဆိုလေ့ရှိပါသည်။

(၃) ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ အကျိုးပြုပုံ

မှိုသည် ဆီးရွှင်သောအာနိသင်ရှိပြီး ဆီးအိမ်ရောင်ခြင်းနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါအချို့တွင် မှိုကိုဟင်းလျာအဖြစ် စားသုံးပေးနိုင်ပါသည်။

(၄) ဆေးဖက်ဝင်မှိုများ၏ ထူးခြားချက်

လင်ဇီးမှို (Reishi) - သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အသည်းရောဂါများအတွက် အထူးဆေးဖက်ဝင်သည့်အတွက် တိုင်းရင်းဆေးနှင့် တရုတ်ရိုးရာဆေးပညာတွင် အသုံးပြုကြပါသည်။

ကောက်ရိုးမှို - နှလုံးအားကောင်းစေပြီး အပူ ငြိမ်းစေပါသည်။

ကြွက်နားရွက်မှို (Wood Ear) - သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေရန် အသုံးပြုလေ့ရှိသည်။

မှို၏ အာဟာရဓာတ်များသည် အထူးပင်ဆေးဖက်ဝင်လှသော်လည်း အချို့သောရောဂါ ဝေဒနာရှင်များအနေဖြင့် သတိပြု၍ မှိုကိုစားသုံးသင့်ပါသည်။ အထူးသဖြင့် ဂေါက်ရောဂါနှင့် အဆစ်ရောင်ဝေဒနာရှင်များ၊ ယားယံတတ်သော အရေပြားရောဂါနှင့် အစာအိမ်လေထိုးလေအောင့် ဖြစ်တတ်သူများအနေဖြင့် မှိုကို သတိပြု၍ စားသုံးသင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် မှိုကို ဟင်းချက်စရာအဖြစ်သာမက စနစ်တကျပြုပြင်ထုတ်လုပ်ပါက ကျန်းမာရေးအတွက် ဘေးကင်းသောဟင်းခတ်မှုန့်၊ အသားအစားထိုး အာဟာရပြည့်အစားအစာနှင့် မိသားစုအပိုဝင်ငွေရရှိစေမည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါသည်။ မှိုသည် ဆေးဖက်ဝင်သော အစားအစာဖြစ်သော်လည်း တောတွင်းအလေ့ကျပေါက်သော မှိုများကို စားသုံးရာတွင် အဆိပ်ရှိနေနိုင်သည်ကို အထူးဂရုပြုရန်နှင့် ရောဂါအခံရှိသူများအနေဖြင့် မိမိနှင့် သင့်တော်သော မှိုအမျိုးအစားကိုသာ ရွေးချယ်စားသုံးရန် လိုအပ်ပါသည်။

မှိုတွင် အဆီဓာတ်နှင့် ကယ်လိုရီပါဝင်မှု အလွန်နည်းသော်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်ဒီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေသော အစားအစာဖြစ်၍ အထူးသဖြင့် အသားမစားသူ (သက်သတ်လွတ်စားသူ) များအတွက် အသားဓာတ်နှင့် ဗီတာမင်ဓာတ်များကို ကြွယ်ဝစွာဖြည့်တင်းပေးနိုင်သော အာဟာရဓာတ် ထူးခြားပြည့်ဝသည့် အစားအစာတစ်ခုဖြစ်၍ မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်အဖြစ် မိဘပြည်သူများအနေဖြင့် သိရှိထုတ်လုပ်အသုံးပြုနိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။ ။

moi

မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်