ညဉ့်နက်မှအိပ်စက်သူများနှင့် နံနက်ခင်းစောစောနိုးထသူများတွင် သိပ္ပံ ပညာအရ မည်သူက စွမ်းဆောင်ရည် ပိုမို ကောင်းမွန်သနည်း
Posted_Date
Image
Body
နံနက်ခင်းစောစောနိုးထသူများသည် ပိုမိုစည်းကမ်းရှိပြီး ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိသည်ဟူသော သမားရိုးကျ အမြင်သည် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုတွင် ကြာရှည်စွာ အမြစ်တွယ်နေခဲ့သည်။ နံနက်စောစောထခြင်းကို အောင်မြင်မှုနှင့် ကျန်းမာရေး၏ အထူးပြုလက္ခဏာတစ်ရပ်အဖြစ် မကြာခဏချီးကျူးတတ်ကြသည်။ သို့သော် သိပ္ပံပညာက အဆိုပါအယူအဆကို လက်တွေ့အားဖြင့် ထောက်ခံပါသလား၊ သို့မဟုတ် ညဉ့်နက်ချိန်အထိ မအိပ်စက်သူများတွင် လူကြိုက်နည်းသော်လည်း သာလွန်ကောင်းမွန်သည့် အချက်များရှိနိုင်ပါသလား။
နောက်ဆုံးပေါ်သုတေသနများအရ ထိုအခြေအနေသည် ရှေးရိုးစကားများက ဖော်ပြသည်ထက် ပိုမိုရှုပ်ထွေးကြောင်း တွေ့ရှိရသည်။ အိပ်စက်မှုပုံစံများသည် ဗီဇဆိုင်ရာအကြောင်းရင်းများ၊ နေထိုင်မှုပုံစံနှင့် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိသည်။ နံနက်စောစောထသူများသည် ပုံမှန်အလုပ်ချိန်ဇယားများနှင့် ပိုမို ကိုက်ညီနိုင်သော်လည်း ညဉ့်နက်ချိန်အထိ မအိပ်စက်သူများသည် ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် လိုက်လျောညီထွေရှိမှုတို့တွင် သာလွန်နိုင်သည်။
ထို့ကြောင့် ကျန်းမာခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် အချိန်နာရီပေါ်တွင်သာ မူတည်သည်မဟုတ်ပေ။
ညဉ့်နက်မှအိပ်စက်သူ သို့မဟုတ် နံနက်ပိုင်းစောစောနိုးထသူကို အမှန်တကယ် ဆုံးဖြတ်ပေးခြင်းသည် မည်သည့် အရာဖြစ်သနည်း
တစ်စုံတစ်ဦးသည် စောစောအိပ်စက်သည်ဖြစ်စေ၊ နောက်ကျမှ အိပ်စက်သည်ဖြစ်စေသည် ကိုယ်ပိုင် သဘောဆန္ဒ သက်သက် မဟုတ်ပါ။ အဆိုပါ အပြုအမူပုံစံကို အဓိကအားဖြင့် လူတစ်ဦး၏ "ဇီဝနာရီပုံစံ" (Chronotype) က သတ်မှတ်ပေးသည်။ MDPI ၏ အဆိုအရ ဇီဝနာရီပုံစံဆိုသည်မှာ သဘာဝ အိပ်ခြင်း-နိုးခြင်း စက်ဝန်း၊ နိုးကြားမှုနှင့် စွမ်းဆောင်ရည် အမြင့်ဆုံးအချိန်များကို ညွှန်ကြားပေးသော ဇီဝဗေဒဆိုင်ရာ မွေးရာပါအခြေခံ ပုံစံများပင်ဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် ဇီဝနာရီပုံစံသည် မိမိတို့၏ သဘာဝ ဇီဝကမ္မဖြစ်စဉ်ကို ထင်ဟပ်စေပြီး ဦးနှောက်အတွင်းရှိ ပင်မနာရီတစ်ခုနှင့် တူညီသည်။
လန်ဒန်မြို့ရှိ Imperial College London မှ ခွဲစိတ်ကုသရေးနှင့် ကင်ဆာဌာနမှ ဒေါက်တာ ရာဟာ ဝက်စ်က အဆိုပါ ဇီဝနာရီပုံစံများသည် ကိုယ်ပိုင်နှစ်သက်မှုသက်သက်မျှသာမကဘဲ မိမိတို့၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ဆောင်နိုင်စွမ်း ကိုပါ သက်ရောက်မှုရှိနိုင်သည်ဟု ရှင်းလင်းဖော်ပြထားပါသည်။
နောက်ဆုံးသုတေသနရလဒ်များ၏ ဖော်ပြချက်
လန်ဒန်မြို့ရှိ Imperial College London မှ ပြုလုပ်ခဲ့သည့် အရေးပါသော လေ့လာချက်တစ်ခုတွင် လူကြီး ၂၆,၀၀၀ ကျော်တို့၏ ဒေတာများကို စနစ်တကျ စိစစ်ဆန်းစစ်ခဲ့ပါသည်။ ထိုလေ့လာချက်အတွင်း ပါဝင်သူများသည် ဉာဏ်ရည်၊ ဆင်ခြင်တုံတရား၊ မှတ်ဉာဏ်နှင့် အချက်အလက်များကို လျင်မြန်စွာ ဆောင်ရွက်နိုင်မှုစွမ်းရည်တို့ကို တိုင်းတာသည့် စွမ်းရည်စမ်းသပ်ချက်များကို ဖြေဆိုခဲ့ကြရသည်။
စိတ်ဝင်စားဖွယ်ရာ တွေ့ရှိချက်မှာ မိမိကိုယ်ကို 'ညဉ့်နက်ချိန်အထိ မအိပ်စက်သူများ' အဖြစ် သတ်မှတ်သူများသည် 'နံနက်စောစောထသူများ' ထက် သိသိသာသာ ပိုမိုမြင့်မားသော အမှတ်များ ရရှိခဲ့ခြင်းပင်ဖြစ်သည်။ အလယ် အလတ် Chronotype များ (အစွန်းရောက်သော အုပ်စုများတွင် မပါဝင်သူများ) သည်လည်း နံနက်ပိုင်း စောစော နိုးထသူများထက် စွမ်းဆောင်ရည် ပိုကောင်းခဲ့သည်။
သို့ရာတွင် ညဉ့်နက်ချိန်အထိ မအိပ်စက်သူများသည် ဉာဏ်ရည်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ၎င်းတို့၏ ကျန်းမာရေးအတွက်မူ အခြေအနေများ ပိုမိုဆိုးရွားနိုင်သည်ကိုလည်း သိပ္ပံပညာက ထောက်ပြနေပါသည်။ အချို့သော လေ့လာချက်များအရ ညဉ့်နက်ချိန်အထိ မအိပ်စက်သူများသည် ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် သေဆုံးနိုင်ခြေ ပိုမိုမြင့်မားခြင်းတို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။
ညဉ့်နက်ပိုင်းမှအိပ်စက်သူများအတွက် ကျန်းမာရေးဆိုင်ရာ အပေးအယူများ
Frontiers ဂျာနယ်တွင် ဖော်ပြခဲ့သော စုပေါင်းခွဲခြမ်းစိတ်ဖြာလေ့လာချက် (Meta-analysis) တစ်ခုအရ ညဉ့်နက်ချိန် အထိ မအိပ်စက်တတ်သည့် ဇီဝနာရီပုံစံသည် မကောင်းသော ဇီဝကမ္မပြောင်းလဲမှုများနှင့် ဆက်စပ်နေသည်။၎င်းတို့တွင် ကိုယ်အလေးချိန်အညွှန်းကိန်း (BMI) ပိုများခြင်း ၊ အစာမစားမီ သွေးတွင်းသကြားဓာတ် (fasting glucose) မြင့်တက်ခြင်း ၊ စုစုပေါင်း ကိုလက်စထရော (total cholesterol) မြင့်တက်ခြင်း နှင့် အကျိုးပြု ကိုလက် စထရော (HDL cholesterol) နည်းပါးခြင်းတို့ ပါဝင်သည်။
အခြားသော လေ့လာချက်တစ်ခုကလည်း ညဉ့်နက်ချိန်အထိ မအိပ်ဘဲနေတတ်သူများသည် အခြားအန္တရာယ် ဖြစ်နိုင်ခြေများ ကို ထိန်းချုပ်ပြီးနောက်တွင်ပင် ဝမ်းဗိုက်တွင် အဆီများစုခြင်း၊ အင်ဆူလင်ခုခံမှုများခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ရောဂါစုများ ပိုမိုဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားပါသည်။
ယူကေမှ အထင်ကရ လေ့လာမှုတစ်ခုက ညဉ့်နက်ပိုင်းအထိ မအိပ်စက်သူများသည် နံနက်စောစောနိုးထသူများနှင့် နှိုင်းယှဉ်ပါက နေထိုင်မှုပုံစံနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ထိန်းချုပ်ပြီးနောက်တွင်ပင် အလုံးစုံသော သေဆုံးမှုနှုန်း (all-cause mortality) ပိုမိုမြင့်မားပြီး နှလုံးသွေးကြောဆိုင်ရာ သေဆုံးမှုနှုန်း (cardiovascular mortality) ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့သည်။
ရိုးရှင်းစွာပြောရလျှင် ညဉ့်နက်ချိန်အထိ မအိပ်စက်ခြင်းသည် ပင်ကိုအားဖြင့် ဆိုးရွားမှု မဟုတ်သော်လည်း အတွင်းပိုင်းဇီဝနာရီသည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် မကိုက်ညီပါက ဇီဝကမ္မဖြစ်စဉ်များကို နာတာရှည် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေး စွမ်းဆောင်ရည် (cognitive performance) တွင် ညဉ့်နက်ပိုင်းထိ မအိပ်စက် သူများက သာလွန်နေနိုင်သော်လည်း ညဉ့်နက်ပိုင်းထိ မအိပ်စက်သူများသည် ရေရှည်ကျန်းမာရေးအန္တရာယ်များ ပိုမိုဖြစ်ပွားနိုင်ခြေရှိပြီး ၎င်းသည် နောက်ဆုံးတွင် အလုံးစုံသောစွမ်းဆောင်ရည်ကို သက်ရောက်မှုရှိစေပြီး ကျဆင်း စေနိုင်သည်။
နံနက်စောစောထသူများအတွက် ကျန်းမာရေးအကျိုးကျေးဇူးများ
မကြာသေးမီက လေ့လာမှုတစ်ခုအရ နံနက်စောစောနိုးထသူများသည် ကိုယ်အလေးချိန်အညွှန်းကိန်း (BMI) နည်းပါးခြင်း၊ ခါးအတိုင်းအတာ ပိုမိုသေးငယ်ခြင်း၊ အစာမစားမီ ထရိုင်ဂလစ်စရိုက် (triglycerides) နှင့် သကြားဓာတ် (glucose) နည်းပါးခြင်း၊ အကျိုးပြုကိုလက်စထရော (HDL cholesterol) ပိုမိုမြင့်မားခြင်းကဲ့သို့သော ဇီဝဖြစ်စဉ်ဆိုင်ရာ ကန့်သတ်ချက်များနှင့် သိသိသာသာဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။
၎င်းက နံနက်စောစောနိုးထသူများသည် ပိုမိုကောင်းမွန်သော ဉာဏ်ရည်ဉာဏ်သွေး စွမ်းဆောင်ရည်မရှိနိုင် သော်လည်း အလုံးစုံကျန်းမာရေးရလဒ်များနှင့်ပတ်သက်လာလျှင် အားသာချက်ကို ယူဆောင်နိုင်သည်ဟု အကြံပြု ထားသည်။
ပေါ်ထွက်လာသော အထောက်အထားများအရ ညဉ့်နက်ချိန်အထိမအိပ်စက်သူများသည် ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းဆောင်တာများတွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်သော်လည်း အဆိုပါအားသာချက်သည် ရေရှည် ကျန်းမာရေး အပေးအယူများနှင့် ဆက်စပ်နေသည်။ ဆန့်ကျင်ဘက်အားဖြင့် နံနက်စောစောနိုးထသူများသည် ကျန်းမာရေးအကျိုးကျေးဇူးများနှင့် လူနေမှုပုံစံ လိုက်လျောညီထွေဖြစ်မှုကို ခံစားကြသော်လည်း ညဉ့်နက်ပိုင်းအထိ မအိပ်စက်သူများကဲ့သို့ အမြင့်ဆုံးသိမြင်မှုရမှတ်များကို မရရှိနိုင်ပါ။ အဆုံးသတ်အနေဖြင့် Chronotype တစ်ခုစီ တွင် ၎င်း၏ကိုယ်ပိုင် အားသာချက်များနှင့် အားနည်းချက်များရှိနေသည်။
လူတစ်ဦး၏ နေ့စဉ်ဇီဝစက်ဝန်းကို ပြောင်းလဲနိုင်မည်လား ၊ ထိုသို့ပြောင်းလဲခြင်းက အကျိုးရှိမည်လား
တစ်စုံတစ်ဦး၏ သဘာဝအတိုင်း နံနက်ပိုင်း သို့မဟုတ် ညနေပိုင်း အိပ်တတ်သည့် အလေ့အကျင့် ဇီဝစက်ဝန်းကို လုံးဝပြောင်းလဲနိုင်သည်ဟူသော အထောက်အထားမှာ ခိုင်မာစွာ မတွေ့ရှိရသေးပေ။ သို့ရာတွင်၊ ပုံမှန်အိပ်ချိန်၊ နိုးချိန်ကို စနစ်တကျ သတ်မှတ်လိုက်နာခြင်းဖြင့် ခန္ဓာကိုယ်အား အိပ်စက်မှု အလေ့အထသစ်များဆီသို့ တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပါသည်။ ထိုသို့ ရက်ရှည်လများ ပုံမှန်ထိန်းသိမ်းခြင်းဖြင့် အိပ်စက်မှု၏ အရည်အသွေး တိုးတက်လာစေရုံသာမက ဇီဝနာရီစက်ဝန်း ပိုမိုအားကောင်းလာစေပြီး နေ့စဉ် လုပ်ငန်းဆောင်တာများကို ကိုယ်ရေးကိုယ်တာ သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်များနှင့် ပိုမို ကိုက်ညီအောင် ညှိပေးနိုင်မည် ဖြစ်ပါသည်။
ထိုသို့ ချိန်ညှိယူခြင်းသည် အကျိုးရှိ၊မရှိဆိုသည်မှာမူ ပိုမိုအရေးကြီးသော မေးခွန်းတစ်ရပ်ပင် ဖြစ်ပါသည်။ သုတေသန များအရ အိပ်စက်မှုပုံစံကို လူမှုအသိုင်းအဝိုင်း၏ အချိန်ဇယားနှင့် ကိုက်ညီအောင် ချိန်ညှိခြင်းသည် စိတ်၏ တက်ကြွမှု၊ စိတ်အခြေအနေ၊ လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်သည့်အပြင် အချို့သော ဇီဝဖြစ်ပျက်မှုဆိုင်ရာ အညွှန်းကိန်းများကိုပါ တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိရပါသည်။ တစ်နည်းဆိုရသော် မိမိ၏ သဘာဝ ဇီဝ စက်ဝန်းကို ဆန့်ကျင်တိုက်ခိုက်ရသည့် ဖိစီးမှုများကင်းရှင်းစွာဖြင့် ထိုသဘာဝအတိုင်း အနည်းငယ်မျှ ချိန်ညှိလိုက်ခြင်း ဖြင့်ပင် ကျန်းမာရေးနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
အိပ်ချိန်နောက်ကျခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်
အိပ်ချိန်နောက်ကျခြင်းသည် ခန္ဓာကိုယ်၏ သဘာဝ ဇီဝနာရီစက်ဝန်း (Circadian Rhythm) ကို နှောင့်ယှက်ကာ အလုံးစုံသော ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။ ၎င်းသည် အိပ်မပျော်ခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်းနှင့် ကိုယ်ခံအား အားနည်းခြင်းတို့ကို မကြာခဏဖြစ်ပေါ်စေသည်။
ကာလရှည်ကြာစွာ အိပ်ချိန်မမှန်ခြင်းသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်မြေပြင်အခြေအနေများ၊ ကိုယ်အလေးချိန် တက်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါသည်။
ထို့ကြောင့် စောစီးစွာနှင့် တစ်သမတ်တည်း အိပ်စက်ခြင်းကို ဦးစားပေးခြင်းသည် ပိုမိုကောင်းမွန်သော ကျန်းမာရေး အား ပံ့ပိုးပေးနိုင်ပါသည်။ မိမိ၏ အိပ်စက်ချိန်ဇယားကို ခန္ဓာကိုယ်အတွင်း၌ရှိသော ဇီဝနာရီနှင့်ကိုက်ညီအောင် ညှိယူခြင်းသည် ဟော်မုန်းမျှတမှု၊ ဇီဝဖြစ်စဉ်များနှင့် နေ့ခင်းဘက် လုပ်ဆောင်နိုင်စွမ်းတို့ကို အမြင့်မားဆုံး အဆင့်သို့ မြှင့်တင်ပေးရန် အထောက်အကူပြုပါသည်။
လူတိုင်းအတွက် ကိုယ်ပိုင်ပုံစံ
နောက်ဆုံးတွင် လူတိုင်း၏ ခန္ဓာကိုယ်သည် ကွဲပြားသကဲ့သို့၊ ဇီဝစက်ဝန်းလည်း သူ့နည်းသူ့ဟန်နှင့် ကွဲပြား ကြပါသည်။ ထို့ကြောင့် သင့်၏ သဘာဝ ဇီဝစည်းချက်နှင့် ကိုက်ညီပြီး ကျန်းမာရေး ပန်းတိုင်များနှင့် လိုက်လျော ညီထွေရှိသော အိပ်ချိန်-နိုးချိန် ပုံစံကို ရှာဖွေတွေ့ရှိခြင်းသည်သာလျှင် စစ်မှန်သော အနားယူမှုနှင့် ကျန်းမာရေး အတွက် အဓိကသော့ချက်ပင် ဖြစ်ပါသည်။
သင်၏ အချိန်ဇယားသည် သင့်ဇီဝဗေဒကို ဆန့်ကျင်ရန်အစား ၎င်းနှင့်ပူးပေါင်းဆောင်ရွက်သည့်အခါ စွမ်းအင် အဆင့်များနှင့် အိပ်စက်မှု၏ အရည်အသွေးနှစ်ခုစလုံး သိသိသာသာ တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသည်။
သတိပြုရန်
(ဖော်ပြပါ အချက်အလက်များသည် အသိပညာပေးရန် သက်သက်သာ ဖြစ်ပါသည်။)
Times of India တွင် ဖော်ပြထားသည့် “Night owls vs early birds: Who performs better according to science” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာ ပြန်ဆိုထားပါသည်။
