ဆောင်းရာသီ အိပ်ချိန်နှင့် ကူးစက်နိုင်သော ရောဂါများ
Posted_Date
Image
Body
ဆောင်းရာသီမှာ တခြားရာသီဥတုတွေထက် ကိုယ်အလေးချိန်ကျဆင်းအောင် ပိုမိုလုပ်ဆောင်နိုင်ပါတယ်။ အေးမြတဲ့ရာသီဥတုဖြစ်တာကြောင့် မနက်ခင်းမှာ လေ့ကျင့်ခန်းပြုလုပ်သူတွေလည်း အများအပြားရှိပါတယ်။ မနက်ခင်းနေရောင်ခြည် ရရှိတာကြောင့်လည်း ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုတွေ ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။
အေးမြတဲ့ဆောင်းရာသီမှာဝတ်ဆင်ဖို့ အနွေးထည်၊ ခြေအိတ်၊ လက်အိတ်၊ ခေါင်းစွပ်၊ ဆွယ်တာ စတာတွေ ကြိုတင်ပြင်ဆင်သင့်ပါတယ်။
ခန္ဓာကိုယ်ဝဖြိုးသူဖြစ်ရင် ပွပွချောင်ချောင် အနွေးထည်တွေ ဝတ်ဆင်တာက ပိုဝနေသလို ထင်မြင်နိုင်တာကြောင့် မပွမချောင် ခန္ဓာကိုယ်နဲ့အနေတော်ဖြစ်မယ့် အဝတ်အစားမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
အလင်းရောင်လုံလောက်စွာ ရသင့်ပါတယ်။ အလင်းရောင်ပြောင်းလဲမှုက အချိန်ကာလအပေါ်သာ သက်ရောက်တာမဟုတ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာအတွက်လည်း သက်ရောက်မှုရှိပါတယ်။ အလင်းရောင်က ဦးနှောက်ရဲ့ပစ်ကျူထရီဂလင်းကို တိုက်ရိုက်သက်ရောက်စေပြီး မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်မှုကိုပြောင်းလဲစေပါတယ်။ မယ်လတိုနင်ဟော်မုန်းက အိပ်စက်မှုစက်ဝန်းကို ပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ အလင်းရောင်နည်းတာက ခန္ဓာကိုယ်ကနေ မယ်လတိုနင် ဟော်မုန်းထုတ်လုပ်မှုများပြီး မောပန်းနွမ်းနယ်တာ၊ ပျင်းရိလေးလံတာတွေဖြစ်စေပါတယ်။
လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မပြုလုပ်သင့်ပါဘူး။ ဆောင်းရာသီရဲ့အေးမြမှုကြောင့် တခြားရာသီဥတုတွေထက် မောပန်းတာ၊ ချွေးထွက်တာနည်းလို့ လေ့ကျင့်ခန်းကိုအချိန်ကြာကြာ ပိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့လေ့ကျင့်ခန်း လုပ်နိုင်တဲ့အချိန်ထက် ပိုလုပ်တာကြောင့် ကြွက်သားတွေနာကျင်တာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်နေကျအချိန်ထက် ပိုကြာပြီး ပြင်းပြင်းထန်ထန် မပြုလုပ်သင့်ပါဘူး။
လေအေးတိုက်ခတ်တဲ့နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အပူချိန်က အိပ်စက်မှုအပေါ် မလိုလားအပ်တဲ့ သက်ရောက်မှုတွေဖြစ်စေပါတယ်။ ရာသီဥတုအေးတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ မယ်လတိုနင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းစေပြီး အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တိုက်ခတ်တဲ့လေက အေးမြပြီး ခြောက်သွေ့တာကြောင့် အအေးမိတုပ်ကွေးဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်လွယ်စေပါတယ်။
အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ ဆောင်းရာသီမှာ တချို့လူတွေက ရာသီဥတုအေးတာကြောင့် အိမ်ထဲကနေ အိမ်ပြင်ထွက်တာနည်းသွားပါတယ်။ အိမ်ထဲမှာနေပြီး အစားတွေပိုစားတာ၊လှုပ်ရှားမှုနည်းတာကြောင့် ကိုယ်အလေးချိန်တွေ တိုးပြီးရင်းတိုး နေပါတယ်။ ကိုယ်အလေးချိန်တွေ မထိန်းနိုင်အောင် တက်လာတာ၊တစ်ကိုယ်တည်းအနေများတာကြောင့်လည်း စိတ်ဓာတ်ကျတာတွေဖြစ်လာနိုင်ပါတယ်။ အိမ်အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ မိသားစုနဲ့အတူ အပြင်ထွက်လည်ပတ်တာတွေလုပ်ရင် ဦးနှောက် ကိုလှုံ့ဆော်မှုဖြစ်ပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဒိုပါမင်းဟော်မုန်းထွက် ရှိစေပါတယ်။
အစားအသောက်ကို ဂရုစိုက်သင့်ပါတယ်။ ဆောင်းရာသီမှာ ပွဲလမ်းတွေများတာကြောင့် ကယ်လိုရီများတဲ့အစားအစာတွေ စားသုံးမှုများစေပါတယ်။ အဲဒီအစားအသောက်တွေက ခန္ဓာကိုယ်ရဲ့ လက်ပ်တင်ဟော်မုန်းပြောင်းလဲမှုကို အနှောင့်အယှက်ဖြစ်စေပြီး အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။
ဆောင်းရာသီမှာအေးမြတာ၊ အလင်းရောင်ရရှိမှုနည်းတာတွေက အိပ်စက်မှုအပေါ် များစွာသက်ရောက်မှုရှိစေပါတယ်။ အိပ်စက်တာက စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးတာဖြစ်ပါတယ်။ ဆောင်းရာသီမှာ လူတိုင်းတစ်ညကို ခြောက်နာရီကနေ ရှစ်နာရီ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သင့်ပါတယ်။ အိပ်ခါနီး အစားစားတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ နွားနို့ပူပူတစ်ခွက်သောက်ပြီး အိပ်စက်သင့်ပါတယ်။ အိပ်ပျော်သွားရင် အအေးပိုလာနိုင်တာကြောင့် နွေးနွေး ထွေးထွေး အိပ်စက်သင့်ပါတယ်။
ဆောင်းရာသီမှာ အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ်တွေကြောင့် နေမကောင်းဖြစ်လွယ်စေပါတယ်။ ကိုဗစ်-၁၉ ရောဂါလည်းဖြစ်ပွားနိုင်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံဖို့လိုအပ်ပြီး ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ၆ ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံခြင်းတို့ ပြုလုပ်ဖို့လိုအပ်ပါတယ်။
ရာသီတုပ်ကွေးက ၁၂ ရာသီပတ်လုံးကူးစက်နိုင်ခြေရှိပါတယ်။ ဆောင်းအကုန်နဲ့ နွေဦးပေါက်မှာ ပိုမိုဖြစ်ပွားနိုင်ပြီး ရာသီတုပ်ကွေးကူးစက်မှု ကိုလည်း တုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တုပ်ကွေးက ကိုဗစ်-၁၉ ရောဂါပိုးလို မျိုးကွဲတွေရှိနေလို့ တုပ်ကွေးကာကွယ်ဆေးထိုးနှံဖို့ လိုအပ်ပါတယ်။ အသက်ကြီးသူတွေနဲ့ ခုခံအားနည်းတဲ့ကလေးတွေကို ဦးစားပေးအနေနဲ့ မိုးဦးကာလမှာထိုးနှံထားသင့်ပါတယ်။
အဆုတ်ရောင်ရောဂါဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်ရောဂါက ဗက်တီးရီးယားကြောင့်ဖြစ်ပွားတတ်ပြီး တုပ်ကွေးနဲ့တခြားဗိုင်းရပ်စ်တွေကြောင့်လည်း ရံဖန်ရံခါဖြစ်ပွားတတ်ပါတယ်။ အဆုတ်ရောင်ရောဂါကဆောင်းရာသီမှာအဖြစ်များတတ်လို့ သတိထားရမယ့်ရောဂါဖြစ်ပါတယ်။
အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့အတွက် လူထူထပ်တဲ့နေရာကို ရှောင်ကြဉ်တာ၊ အနီးအနားမှာ နှာချေ၊ ချောင်းဆိုးတဲ့သူရှိရင် ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဆင်တာ၊ ကိုယ်တိုင်လည်းနှာချေ၊ ချောင်းဆိုးရင် အဖုံးအကာနဲ့ပြုလုပ်တာ၊ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောတာ စတာတွေလိုက်နာလုပ်ဆောင်သင့်ပါတယ်။ ရာသီတုပ်ကွေး၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုးလက္ခဏာတွေခံစားနေရပြီး ရက်အနည်းငယ်အတွင်း မသက်သာရင် ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုခံယူသင့်ပါတယ်။
လည်ချောင်းနာခြင်းဖြစ်တတ်ပါတယ်။ လည်ချောင်းနာခြင်းကလည်း ဆောင်းရာသီမှာ အဖြစ်များတတ်ပါတယ်။ လည်ချောင်းနာရင် ဆရာဝန်နဲ့ကုသမှုခံယူဖို့မလိုအပ်ပေမယ့် လက္ခဏာတွေပိုဆိုးလာရင် ထိရောက်တဲ့ ကုသမှုခံယူသင့်ပါတယ်။
ဆောင်းရာသီမှာ နေအိမ်အဆောက်အအုံအတွင်း လေထုအရည်အသွေးကျဆင်းတာ၊ ရာသီဥတုအေးတာကြောင့် လူနေအဆောက်အအုံတွေမှာ တံခါးတွေပိတ်ထားတတ်ကြပါတယ်။ ဒါကြောင့် အဆောက်အအုံအတွင်းနေထိုင်တဲ့အချိန် ပိုပြီးဖျားတတ်ကြပါတယ်။ နေမထွက်တဲ့ဒေသတွေမှာ နေအိမ်အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုတွေ ပိုမိုဆိုးရွားစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်စေ တတ်ပါတယ်။ တတ်နိုင်သမျှ ပြတင်းတံခါးတွေ ဖွင့်ထားတာ၊ ဖုန်၊ အမှိုက်တွေ ပုံမှန်သန့်ရှင်းရေးပြုလုပ်တာ၊ လေဝင်လေထွက်ကောင်းစေဖို့စီမံတာတွေ ပြုလုပ်သင့်ပါတယ်။
ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေကြောင့် ရင်ကျပ်ရောဂါခံစားနေရသူတွေကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် အဲဒီလူနာတွေအနေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို ပုံမှန်သောက်သုံးသင့်ပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်သင့်ပါဘူး။
တတ်နိုင်သမျှ နေအိမ်အတွင်းမှာသာ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ အေးမြခြောက်သွေ့နေတဲ့ ပြင်ပလေကိုရှူရှိုက်မိရင် ရင်ကျပ်ရောဂါသည်တွေအနေနဲ့ ရောဂါလက္ခဏာပိုဆိုးစေလို့ ဆာဗျူထမောရှူဆေးတောင့် ဆောင်ထားသင့်ပါတယ်။
ရာသီဥတုအေးတာကြောင့် အသင့်အမြန်စားစနပ်တွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ အိမ်မှာ ပူပူနွေးနွေးချက်ပြုတ်စားသောက်တာက ရောဂါကင်းရှင်းပြီး စားချင်စဖွယ်စီမံဆောင်ရွက်နိုင်လို့ အိမ်မှာပဲ ချက်စားသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို နေ့စဉ်နာရီဝက်ကနေ တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။
နေ့စဉ်စားသုံးလို့ပိုလျှံတဲ့ကယ်လိုရီကို အဆီအဖြစ်မစုဆောင်းဘဲ ချွေးအဖြစ်စွန့်ထုတ်ပစ်လို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆီစုတာ၊ အဝလွန်တာ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ကနေ ကာကွယ်နိုင်ပါတယ်။
ရာသီဥတုအပြောင်းအလဲကြောင့် စိတ်ကျရောဂါဖြစ်နိုင်ပါတယ်။ရာသီဥတုအေးတာကြောင့် စိတ်မပျော်မရွှင်ဖြစ်တာ၊ ထုံထိုင်းတာတွေ ခံစားရတတ်ပါတယ်။ တချို့သူတွေမှာ ရာသီဥတုကြောင့်ရတဲ့စိတ်ကျရောဂါအခံရှိရင် မိတ်ဆွေတွေထံ လည်ပတ်တာ၊ မိတ်ဆွေတွေနဲ့ ကာယလေ့ကျင့်ခန်းပြုလုပ်တာတွေအပြင် ဆရာဝန်နဲ့တိုင်ပင်ပြီး စိတ်ကျရောဂါကုသဆေး သောက်သင့်ပါတယ်။ ဆောင်းရာသီကာလမှာ ကျန်းကျန်းမာမာဖြတ်သန်းနိုင်ဖို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို ကြိုတင်ဆောင်ရွက်ထားနိုင်ဖို့ အကြံပြု ရေးသားလိုက်ရပါတယ်။ ။
MWD
Photo Credit to RestHouse
