သွေးတိုးရောဂါရှိသူများ ဆောင်းရာသီမှာ သတိထား
Posted_Date
Image
Body
သွေးတိုးရောဂါသည် ပူလွန်းသော ရာသီနှင့်လည်းမသင့်၊ အေးလွန်းသောရာသီနှင့်လည်း မသင့်သော ရောဂါမျိုးဖြစ်သည်။ ပူလွန်းလျှင် အပူဒဏ်ကြောင့် သွေးကြောများကျယ်ပြန့်ကာ သွေးလုံးပွလာ ပြီး ဦးနှောက်သို့ သွေးဆောင့်တိုးကာ မူးလဲတတ်သည်။ အေးလွန်းလျှင်လည်း သွေးကြောများကျုံ့ပြီး မာကျစ်ကာ သွေးဖိအားတက်လာသည်။ သွေးမရောက်သော အစွန်အဖျားနေရာများသို့ သွေးရောက်စေရန် နှလုံးက ပို၍ညှစ်ရာမှ သွေး ဖိအားတက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လူကြီးများ ဆောင်းရာသီတွင် သွေးပေါင်ချိန် အနည်းငယ်ပိုတက်လေ့ရှိသည်မှာ ရောဂါမဟုတ်ပေ။
ဆောင်းတွင်းနံနက်စောစော ကျုံးဘေး တွင် လမ်းလျှောက်နေကျ လူကြီးတစ်ဦး သည် ခေါင်းမူးလာသဖြင့် အိမ်ပြန်လာပြီး နောက် သမီးဖြစ်သူဆရာဝန်က သွေးပေါင်ချိန်ကြည့်သောအခါ သွေးပေါင်ချိန်တက် နေကြောင်း တွေ့ရသည်။
အအေးပတ်ပြီး သွေးတိုးလာခြင်းဖြစ် သည်။ ထိုသူသည် အင်္ကျီလက်ရှည်ဝတ် ထားပြီး အပေါ်မှ ကုတ်အင်္ကျီထပ်ဝတ် ထားသေးသည်။ သူ၏အဓိကချွတ်ယွင်းချက်မှာ အင်္ကျီလည်ပင်းကြယ်သီးဖွင့် ထားခြင်းကြောင့်ဖြစ်သည်။ သတိမမူ ဂူမမြင်ဟူသော စကားအတိုင်း အနွေး ထည်ဝတ်ထားသဖြင့် လုံခြုံပြီဟု ထင်ကြ သော်လည်း လည်ပင်းဖွင့်ထားသောအခါ လည်ပင်းဘေးနှစ်ဖက်ရှိ ဦးနှောက်အထိ သွေးပို့သော သွေးကြောကြီးနှစ်ခုမှာ အအေးပတ်ပြီး ကျုံ့လိုက်သည်။ ထိုအခါ ဦးနှောက်သို့ သွေးအရောက်နည်းသွား သည်။ နှလုံးက သွေးပိုရောက်စေရန် ပို၍ ညှစ်ပေးသည်။ ထို့ကြောင့် သွေးပေါင် ခေါ် သွေးဖိအားတက်လာရခြင်းဖြစ်သည်။
ရှေးလူကြီးများ လမ်းလျှောက်ထွက် ကြသောအခါ အပေါ်က ကုတ်အင်္ကျီ၊ အောက်ပိုင်းက ပုဆိုး၊ ရှူးဖိနပ်နှင့်လက်တွင် တုတ်ကောက်ကိုင်ထားသည်။ ထူးခြားချက်မှာ လည်ပင်းတွင် မာဖလာပတ်ထား ကြသည်။ ဦးခေါင်းတွင် နှင်းမကျစေရန် ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။
ဤသည်ကို ရှေးက ဗိုလ်အောင်ဒင်စတိုင် ဟု ခေါ်ကြသည်။ ဤဝတ်စားဆင်ယင် မှုမှာ ကျန်းမာရေးရှုထောင့်က ကြည့်လျှင် အမှန်ကန်ဆုံးဖြစ်သည်။ တုတ်ကောက် ပါသဖြင့် ရုတ်တရက်လဲကျမှာလည်း မပူရ၊ လည်ပင်းတွင် မာဖလာပတ်ထားသဖြင့် လည်ပင်းသွေးကြောများ အအေးပတ်ပြီး သွေးတိုးမှာလည်း မပူရသောစတိုင်ဖြစ်ပေသည်။
အဝတ်ပြီးလျှင် အစားဘက်ကို သတိပြုရမည်။ ဆောင်းရာသီတွင် ကိုယ်၌ အပူငုပ်သောရာသီ၊ ချွေးမထွက်သောရာသီ ဖြစ်သဖြင့် ဝမ်းတွင်းပူပြီး ဆာလောင်တတ်သည်။ အစားများလျှင် အစာမကြေဖြစ် တတ်သည်။ အစားကို နည်းနည်းနှင့်အကြိမ် များများစားရမည်။ နှစ်နာရီ၊ သုံးနာရီ တစ်ကြိမ်ခန့် အစာစားပေးလျှင်သင့်သည်။ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ ဆန်စေး၊ ရှမ်းဆန်များကို သင့်ရုံသာစား သင့်သည်။ အစားများသွားသည်ဟုထင်လျှင် ရေနွေးကြမ်းတွင် ဆားလှော်အနည်း ငယ်မျှထည့်၍သောက်လျှင် အစာကြေပြီး လေလည်း ကြေစေနိုင်သည်။ နေ့လယ်စာ စားပြီးလျှင် ထန်းလျက်ခဲစားခြင်းဖြင့်လည်း အစာကြေစေနိုင်သည်။
ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံး မခဲဟူသောစကားသည် ရိုးနေပြီဟုထင်ရ သော်လည်း အလွန်မှန်ကန်သောစကား ဖြစ်သည်။ ဆောင်းရာသီတွင် ဝမ်းချုပ်လျှင် အပူအထက်ပြန်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင် ခြောက်ပြီး သွားနာ၊ သွားဖုံးနာ၊ အာသီး ရောင်ရောဂါများဖြစ်တတ်သည်။ ဝမ်းမချုပ် စေရန် သုံးရက်လျှင် တစ်ကြိမ်ခန့် မန်ကျည်း မှည့်နှင့်ဆားခါးကို တေဆေးပြုလုပ်၍ စားခြင်း သို့မဟုတ် မန်ကျည်းမှည့်အနှစ် ကို ထန်းလျက်နှင့် ဆားအနည်းငယ်ထည့် စိမ်ပြီး ညအိပ်ရာဝင်ခါနီးအချိန်တွင် သောက်ပေးခြင်းဖြင့် ဝမ်းမှန်ကာ ကျန်းမာ စေနိုင်ကြောင်း တင်ပြလိုက်ရပေသည်။
MWD
