ကုံရာသီတပို့တွဲ ထမနဲမီးပုံပွဲ

Posted_Date

Image

ကုံရာသီတပို့တွဲ ထမနဲမီးပုံပွဲ

Body

ကမ္ဘာမြေ၏ သဘာဝလောကဖြစ်စဉ်မှာ ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့ထက်တိုင် နေ (တနင်္ဂနွေဂြိုဟ်)၊ လ (တနင်္လာဂြိုဟ်)၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ ရာဟုဂြိုဟ်များသည် အစဉ်အတိုင်းထွက်ပေါ်နေကြ၏။ ထိုနည်းတူ နက္ခတ်တာရာကြယ်စုများသည်  အစဉ်အတိုင်းလှည့်ပတ်နေကြ၏။ ယင်းသို့ နက္ခတ်ရာသီနှင့်အညီ ကမ္ဘာမြေပေါ်တွင် ပေါက်ရောက်ဖူးပွင့်ကုန်သော ပန်းတို့သည် မည်သည့်ဖန်ဆင်းရှင်၊ တန်ခိုးတော်ကြောင့်မဟုတ်ဘဲ သဘာဝအလျောက် ဖူးပွင့်နေခြင်းသာဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင်၏ ဒေသနာတော်တွင် ပြဆိုထားသည်။

သဘာဝပေါက်ပင်များ၊ သီးနှံ၊ ပန်းမန်များသည် ရာသီဥတုကိုမှီ၍ ဖြစ်ထွန်းကြစမြဲဖြစ်သည်။ လူတို့သည် ရာသီအလိုက် အသီးအပွင့်များကို ကြည့်ရှုလေ့လာမှတ်သားပြီး စိုက်ပျိုးလုပ်ဆောင်ကြရမည့် လရာသီကို မှတ်သားနိုင်ကြသည်။ ရှေးမြန်မာကြီးများက ရာသီမသိပန်းနှင့်ညှိ ဟူ၍ သဘာဝဖူးပွင့်ကြသည့် ပန်းကလေးများကိုကြည့်ပြီး မည်သည့်လရာသီကို ရောက်နေကြောင်းဆုံးဖြတ်ကြသည်။ ထို့ကြောင့် ခွာတံပေါက်လဲတပို့တွဲ လင်္ကာအရ ပြာသိုလတွင် ခွာညိုပန်းနှင့် တပို့တွဲလတွင် ပန်းပွင့်သည်မှာ ပေါက်ပန်း၊ လဲပန်း၊ လက်ပံတို့ဖူးပွင့်ကြသည်ဟုမှတ်ယူရမည်။

ထိုနည်းတူ ဆယ့်နှစ်လမိုးကို လအလိုက်ရွာသွန်းသည်ကိုလည်း ကဗျာလင်္ကာဖြင့် မှတ်တမ်းတင်ကြပြီး တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း ဟု မှတ်သားထားကြသည်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတွင် တပို့တွဲမှာ ဆောင်းလရာသီကုန်ဆုံးချိန်ဖြစ်သော်လည်း မိုးကြွင်းမိုးကျန်ကလေးများ ရွာသွန်းတတ်ကြောင်းကို ပြဆိုထားသည်။ နှင်းမှုန်ကြားမှာ အေးမြသောရာသီဖြစ်၍ တပို့တွဲလတွင် ရှေးအခါက မုရင်းစပါးများ စိုက်ပျိုးကြကြောင်းကို မဃဒေဝလင်္ကာကြီး အပိုဒ် (၂၇၆)တွင်  သင်္ကြန်ကျပြီး  နှစ်ဆန်းတစ်ရက်နေ့မှအစပြု၍ ရေတွက်သော် ရက် ၃၁၈၊ ပြည့်လစ်မလွဲ၊ တပို့တွဲဟု၊ စိုရွှဲငွေနှင်း၊ ကုံရက်တွင်းမူ  မူရင်းကောက်သား၊ ဝံတုံညား၏ဟူ၍ ပြဆိုထားသည်။  ရှေးအခါက   မုရင်းကောက်စိုက်သည့်နေ့တွင် လယ်မြေအတွက် ပုဗ္ဗကြယ် (ပုန်းမကြည်နတ်)ကို ပသမှုပြုလုပ်ကြသည်။ 

မြန်မာတို့၏ ရိုးရာဓလေ့ ဆယ့်နှစ်လရာသီပွဲတော်များကိုလည်း ရွှေနန်းထက်မှစ၍ ကျေးလက်မကျန် ကျင်းပပျော်ရွှင်ကြသည်။ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံးဟူ၍ လင်္ကာစာချိုးအရ ပြာသိုလတွင် မြင်းခင်းသဘင်နှင့်  တပို့တွဲလတွင် အေးမြမြဆောင်းနံနက်ခင်း ယာဂု(ထမနဲ)တို့ကိုလှူဒါန်းကြပြီး ညဉ့်အခါတွင် မြတ်စွာဘုရားကို ညံရိုးဆီမီးဖြင့်ပူဇော်ကြသည့် မီးပုံပွဲသဘင်ဆင်ယင်ကျင်းပကြသည်။

ပုဂံခေတ်ကျောက်စာများတွင် တပို့တွဲလအမည်ကို တပို့လ်တွယ်တပိုင်တွယ်တပို့တွယ်တပို့တွဲ စသည်ဖြင့် ရေးထိုးခဲ့ကြသည်။ 

တပို့သည် ထမ်းပို့ဟုအနက်ရ၍  တွဲမှာ ချိတ်ဆွဲထားခြင်းဟု အဓိပ္ပာယ်ရှိသည်။ ရှေးအခါက တောင်သူဦးကြီးများ လယ်ယာလုပ်ငန်းပြီးစီးသည့်လဖြစ်၍ လယ်ယာသုံးကိရိယာများကို ချိတ်ဆွဲသိမ်းဆည်းထားသည်ဟုလည်းယူဆကြသည်။

ထို့ပြင် တပို့တွဲ၊ တပေါင်း၊ တန်ခူး စသည့်သုံးလတွင်  ကို ထန်း ဟုအနက်ဖွင့်ကြသည်။ တပို့တွဲလသည် ထန်းဖူး၊ ထန်းခိုင်ဟု အဓိပ္ပာယ်သက်ရောက်ပြီး တွဲ မှာ အောက်သို့ကိုင်းညွတ်ဆွဲဆိုင်းအောင် တွဲကျနေရန် ပြုပြင်ခြင်းဟုအနက်ဖွင့်သည်။ ထို့ကြောင့် တပို့တွဲလကို ထန်းဖူး၊ ထန်းခိုင်၊ ထန်းလက်များအောက်သို့  ညွတ်ကိုင်းတွဲလျားကျနေသောကာလ၊ ထန်းရည်နင်းလဖြစ်သည်ဟုလည်းယူဆကြသည်။ 

တပို့တွဲပေါက်လဲငုံစီစီ

 တပို့တွဲလတွင် ပေါက်ပန်းနှင့် လဲပန်းတို့ နီနီရဲရဲဖြင့် တစ်ပင်လုံး ကမ္ဗလာဝတ်ရုံခြုံထားသကဲ့သို့ ပွင့်ဖူးကြသည်။

ပေါက်ပန်းနှင့် လဲပန်းမှာတစ်ပင်စီဖြစ်၏။ ပေါက်ပင်ကပွင့်သောပန်းကို ပေါက်ပန်းဟုခေါ်သည်။ လက်ပံပင်ကပွင့်သောပန်းကို လက်ပံပန်းဟုမခေါ်ဘဲ လဲပန်းဟုခေါ်ကြသည်။ အကြောင်းမူကား လက်ပံသီးမှ လဲကိုရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်ပံပင်ကို  လဲပင်ဟုခေါ်သကဲ့သို့ လက်ပံပန်းကိုလည်း လဲပန်းဟုခေါ်ကြခြင်းဖြစ်သည်။ 

ရှေးမြန်မာတို့သည် ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး ဟူ၍ ခိုင်းနှိုင်းကြသည်။   ပေါက်ပင်၏အရွက်မှာစိမ်း၍   ပေါက်ပန်းမှာရဲရဲနီသည်။ ထိုနည်းတူ ကြက်တူရွေး၏ အမွေးအတောင်ကစိမ်း၍ နှုတ်သီးကနီသည်။ ထို့ကြောင့် ကြက်တူရွေးတို့သည် ပေါက်ပန်းပွင့်ချိန်တွင် ပေါက်ပွင့်နှင့်ခွဲမရအောင်ဖြစ်ရသည်။ ထိုနည်းတူ ပြည်ထဲရေးနှင့် နိုင်ငံရေးမှာ  ထင်ရှားပြတ်သားစွာခွဲခြားမရကြောင်းကို ပြဆိုခိုင်းနှိုင်းထားခြင်းဖြစ်သည်။

ပေါက်ပန်းနှင့်လဲပန်းတို့၏အရောင်အဆင်းကို ဂါထာ ၆၀ ပျို့ (အပိုဒ်-၃၇)တွင် ရှင်အုန်းညိုက ရင်းမာဖက်ဆွတ်၊ ရင်ခတ်သရဖီ၊ ကတ္တရီမြစ်ကိုင်း၊ ရွှေနှိုင်းပိတောက်၊ လဲနှင့်ပေါက်လည်း၊ တောက်သည့်မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင်ကြီးသို့၊ ခရီးတောဝယ်၊ မြိုင်အလယ်၌၊ အံ့ဖွယ်သရဲ၊ မဖြစ်မြဲတည့် ဟူ၍ တပို့တွဲလ ပေါက်လဲပန်းတို့ကြောင့် တောတောင်တစ်ဝိုက် နီနီဝါဝါ စိမ်းစိမ်းလဲ့လဲ့ အဆင်းလှပနေကြောင်း လျှောက်ထားစပ်ဆိုထားသည်။

တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း

   မိုးရာသီကာလကုန်ဆုံးလွန်မြောက်၍ တပို့တွဲလဆောင်းရာသီကုန်ဆုံးချိန်ဖြစ်သော်လည်း မိုးကြွင်းမိုးကျန်ကလေးများ ရွာသွန်းတတ်ကြောင်းကိုပြဆိုထားသည်။

ဤသည်ကိုရည်၍   ကုန်းဘောင်ခေတ်စာဆိုတော်လူဦးမင်းက ဆယ့်နှစ်လရာသီဖွဲ့တွင်-

သဘင်ငယ်တင့်ဆုံး၊ လှူမီးပုံးနှင့် 

အိုင်ထုံးသီဒါ၊ မြိုင်လုံးသာနှင့်၊ ခါ ပရမ။

သိသိရကို၊ ညီလာ့သန်းခေါင်၊ ဆန်းတဲ့ညောင်က

နောင်ဗျာထပ်ပို့၊ နှောင့်သဲကိုလ၊ ပျောက်ပြိုခွဲဝေ။

ဘယ်နဲသာဖြေလိမ့်၊ သွန်းရွှေခန့်ပုံစံငယ်

ကုံသန်ကျန်ခါတော်မြို့က၊ တိုးဆင့်ချည်သေး ဟူ၍ တပို့တွဲလ၏ မိုးကြွင်းမိုးကျန်များ ရွာလေ့ရှိသည်ကိုပြဆိုထားသည်။

ဆရာကြီး ဦးပြုံးချိုက -

            “ပေါက်လဲရယ်တဲ့ ပွင့်စီစီ၊ ဝတ်ပန်းသူရာရေကြောင့်

             ဆက်ရက်တွေ သံစုံကျူးကြတယ်၊ မြူးတဲ့ရာသီ။

             ငွေသော်တာ ကြယ်မာဃငယ်နှင့် 

             ထွန်းလျှံပ ပြည့်ခါညီ၊ ပြာရီလဲ့မြူခိုး။

             ယာဂုပွဲကိုတဲ့၊ လှူမြဲအလွန်ရွှင်လို့၊ 

             ခုနစ်စဉ်တာရာလျှမ်းသည်နှင့်၊ 

            ဆူးပန်းတွေဝေဝေပွင့်ကြတယ်၊   ထူးတင့်မညှိုး။ ဟူ၍ တပို့တွဲလသည်   ပေါက်ပန်းတို့လည်းပွင့်၊  မြူခိုးမြူမှုန်ပြာရီလဲ့နှင်းဝင်းပနေသည်။   ငှက်ကျေးသာရကာတို့သည် တပို့တွဲ  ပေါက်လဲပန်းဝတ်ရည်စုပ်၍ ပျော်ရွှင်ဆူညံနေကြသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း  ထမနဲ(ယာဂု)ပွဲများဖြင့် ဆင်နွှဲလှူဒါန်းကြပုံကို ရေးဖွဲ့ထားသည်။

တပို့တွဲလရာသီတွင် ကောက်ပင်တို့ရိတ်သိမ်းပြီးကြသည်။ မိုးမရွာသဖြင့် ခြောက်သယောင်းနေသည့် ရိုးပြတ်တောက လယ်ကွင်းပြင်တွင် ထိုးထိုးထောင်ထောင်နှင့်  နေပူလောင်ခြင်းကို    သရုပ်ပြနေသည်။ ကျေးလက်တောင်သူများက တပေါင်း၊ တန်ခူးလတို့တွင် မိုးရွာပါက မိုးကြိုထွန်ရေးငယ်ငင်နိုင်ရန်အတွက် ရိုးပြတ်တောများကို ရှင်းလင်းရန်လိုအပ်သည်။ တောင်သူတို့က ရိုးပြတ်တောများကို ဂရုတစိုက်မီးရှို့၍ စောင့်ဆိုင်းကာပြုလုပ်ကြသည်။ သို့သော် မသမာသူ သို့မဟုတ် ခြေလက်စည်းမစောင့်နိုင်သူအချို့က ရိုးပြတ်တောကိုမီးရှို့၍ မျက်နှာလွှဲခဲပစ်ရှောင်သွားလေ့ရှိကြသည်။

မီးရောင်ညီးညီး နွေလယ်နေ့တွင် တောက်လောင်နေသည့် မိုးရနံ့ကင်းသော   ရိုးပြတ်တောမီးကို မြင်တွေ့ကြရသည်။    အမည်မသိရှေးစာဆိုတစ်ဦးက စာဖွဲ့ထားခဲ့သည်မှာ-

မှုန်ပြာရီ၊ ကုံရာသီတပို့တွဲမှာလ၊

ပေါက်လဲတွေအရောင်တောက်ပါလို့၊ 

တောင်မြောက်လေနှော။ 

ညီးလို့ငယ်ဝါ၊ မီးရှို့ကာဘယ်သူမြှိုက်ခဲ့ပါလိမ့်၊

ပူလိုက်လေအကျိုးပါမျှမနပ်ပါကာလ 

လူမိုက်တွေ၊ ပိုးသတ္တဝါသတ်ခဲ့တယ်၊ ရိုးပြတ်လယ်တော။ဟူ၍ဖြစ်သည်။

စာဆိုရှင်က သဘာဝတရားကိုချစ်မြတ်နိုးသကဲ့သို့ သတ္တဝါကလေးများကို သနားကြင်နာကရုဏာသက်သည်မှာ ကျေးလက်သဘာဝတရားကို ဖော်ကျူးရာရောက်ပေသည်။

ကုံရာသီတပို့တွဲ ယာဂုမီးပုံပွဲကုံရာသီတပို့တွဲလတွင် ချမ်းအေးသည့် နှင်းပွဲများကြားတွင် မြန်မာတို့သည် ယာဂုခေါ် ထမနဲထိုးပွဲများကျင်းပသည်။ ကောက်ဦး ပေါ်ဦးပေါ်ဖျား ထမနဲ (နှမ်းမနဲ) အလှူပွဲများကိုကျင်းပသည်။ ရှင်တော်မြတ် ဘုရားကိုရည်မှန်း၍ အနွေးဓာတ်ဖြင့် ပူဇော်ပွဲနှင့်မီးပုံပွဲသဘင်ကိုလည်းဆင်ယင်ကျင်းပကြသည်။

မဟာအတုလမင်းကြီး၏ ဆယ့်နှစ်ရာသီပွဲလွမ်းချင်းတွင်-

တပို့တွဲမို့၊ မင်းပွဲရွှင်ပျော်၊

 ယာဂုတော်နှင့်၊ ကြွေးကြော်ပြင်ဆင်၊ 

 လွမ်းဖို့သာ ဆင်တော့တယ်၊ 

 ကောင်းကင်မြင့်တိမ်ဆီမှာ၊

 ကြယ်မာဂီ ရောင်စုံကျင်းလို့၊ 

 လင်းလှတယ်လေး။ဟူ၍ ရေးဖွဲ့မှတ်တမ်းတင်ထားခဲ့သည်။

တပို့တွဲလ ထမနဲပွဲတွင် မင်းနှင့်ပြည်သူအားလုံးပျော်ရွှင်ကြသည်။

ကောင်းကင်ယံတွင် တိမ်များရောင်စုံထွန်းလင်းနေသည်ဟုပြဆိုထားသည်။ ရှေးအခါက တပို့တွဲလမှာ ယာဂုကျိုသည့်ပွဲကျင်းပသည်ဟုဆို၏။

ယာဂု ဆိုသည်မှာ ပါဠိဘာသာစကားဖြစ်၏။ မြန်မာတို့က ယာဂု ဟူ၍ခေါ်သော်လည်း ခေတ်ကာလရွေ့လျော၍ ထမနဲ ဟုခေါ်ဆိုလာခြင်းဖြစ်သည်။

ယာဂု (ထမနဲ) ထိုးခြင်းတွင် ပါဝင်သောပစ္စည်းများမှာ ကောက်ညှင်းဆန်၊ မြေပဲ၊ အုန်းသီး၊ နှမ်းဆီ စသည်တို့ရောနှော၍ ကျိုချက်ထိုးရသောစားဖွယ်ဖြစ်၏။

တပို့တွဲလနံနက်လင်းရောင်ပျို့ အရုဏ်မတက်မီအချိန်တွင် တန်ခိုးကြီးဘုရားစေတီရင်ပြင်တော်ပေါ်တွင်  ထင်းမီးများစုပုံ၍ မီးပုံပွဲသဘင်ဆင်ယင်ပူဇော်ကန်တော့ကြသည်။ မီးပုံပွဲများအနက် ပြည်မြို့ ရွှေဆံတော်ဘုရားရင်ပြင်တွင်ကျင်းပသည့် တပို့တွဲလပြည့်နေ့ မိုးသောက်ယံ (ညံရိုးဖြင့်)မီးပူဇော်ပွဲမှာ စည်ကားသိုက်မြိုက်လှသည်။

ဗုဒ္ဓမြတ်စွာဘုရားသခင်သည် ဘုရားပွင့်တော်မူပြီး ကိုးလမြောက် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် သံဃာတော်များအား ဩဝါဒပါတိမောက်ဒေသနာတရားတော်ကို ဩဝါဒပေးတော်မူသည်။ 

ဗုဒ္ဓ၊ သံဃာတော်များက ထိုနေ့ကို ဩဝါဒပါတိမောက်အခါတော်နေ့အဖြစ် သတ်မှတ်ပူဇော်ကြသည်။   ။