ကုံရာသီတပို့တွဲ နွှဲကြစို့ ထမနဲပွဲ
Posted_Date
Image
Body
တပို့တွဲလရောက်လျှင် မြန်မာတို့၏စည်းလုံးညီညွတ်မှုပြယုဂ်ကိုမြင်တွေ့ရသည်။ ရပ်ကွက်၊ ကျေးရွာအလိုက် ထမနဲထိုးပြိုင်ပွဲများကျင်းပကြသည်။ မီးဖိုပြုလုပ်သူ၊ မီးမွှေးသူ၊ ထင်းထည့်သူ၊ အိုးဆေးသူ၊ ကောက်ညှင်းဆေးကြောသူ၊ ရေထည့်သူ၊ စားပွဲခင်းသူ စသည်ဖြင့်မည်သူကမျှ ပြောစရာမလိုအောင် လုပ်ကိုင်နေကြသည်မှာ ဟာကွက်ပင်မရှိကြပေ။
ကောက်ညှင်းနပ်သည်နှင့် အမျိုးသားများသည်ချွေးတလုံးလုံးဖြင့် ကောက်ညှင်းကိုကြေညက်အောင်ချေကြရသည်။ အမျိုးသမီးများသည်မြေပဲ၊ နှမ်းနှင့် အုန်းကြော်များဖြူးပေးကြသည်။ လူငယ်များသည်ဘေးမှနေ၍လက်ခုပ်တီးအားပေးကြသည်။ သက်ကြီးရွယ်အိုများက ထမနဲနပ်၊မနပ်နှင့် အပေါ့၊ အငန်မြည်းပေးကြသည်။ ပြည်ထောင်စုကြီးအတွင်းမှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားညီအစ်ကိုများ၏စည်းလုံးညီညွတ်မှုကိုတွေ့မြင်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။
အလှူဒါနပြုလုပ်
ဆောင်းရာသီ၏နောက်ဆုံးလဖြစ်သည့် တပို့တွဲလတွင် ညဉ့်အချိန်၌ နှင်းမှုန်ဖြူလွလွကလေးများက ဇာပဝါလိုခြုံလွှမ်းထားသဖြင့်လွန်စွာချမ်းအေးလှသောကာလဖြစ်သည်။ “နှာရည်ယိုရွှဲ တပို့တွဲ” ဟုခေါ်ဆိုကြသည့်အတိုင်း အပူနှင့်အအေးလွန်ဆွဲသည့်ကာလလည်းဖြစ်သည်။
တပို့တွဲလတွင် ပေါက်ပန်းနှင့် လဲပန်းများပွင့်လေ့ရှိကြသည်။ ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏ ထင်ရှားသည့် အလှတစ်ပါးပင်မဟုတ်ပါလား။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းအောက်တွင် ရဲရဲနီနေသော ပေါက်ပန်းများကိုကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်လိုပင်ဖြစ်နေသည်။
တပို့တွဲလတွင် မြန်မာတို့၏ ထူးခြားသောအလှူဒါနတစ်ခုသည် ထမနဲထိုးကာလှူဒါန်းကြခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးလက်နေပြည်သူများသည်လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်ခြံများမှထွက်ရှိသော ကောက်ပဲသီးနှံများကိုရောင်းချပြီးနောက် အလှူဒါနပြုလုပ်ခြင်းဖြစ်သည်။ ချစ်စရာကောင်းသောအလေ့အထပင်မဟုတ်ပါလား။
တပို့တွဲလ
တပို့တွဲလသည် မြန်မာလများတွင် ဆယ့်တစ်ကြိမ်မြောက်လဖြစ်သည်။ ဆောင်းဥတုနောက်ပိုင်းချိန်ဖြစ်သည်။ တပို့တွဲလဟုခေါ်ဝေါ်ခြင်းသည်ထန်းဖူးထန်းခိုင်တို့တွဲညွတ်သောရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။ ကျောက်စာအရေးအသား၌ တပို့တွဲကို တပိုဝ်ထွယ်၊ တပိုဝ်ထွဲ၊ တပိုဝ်တွဲ၊ တပိုဝ်တွယ်၊ တပိုဝ့်ထွယ်ဟုရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အားဖြင့် ကုံရာသီဖြစ်သည်။ ထိုရာသီတွင် မာဃနက္ခတ် စန်းနှင့်ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်သည် ရေထမ်းသမား ဆင်းရဲ သားပုံဖြစ်သည်။ ရာသီပန်းသည် ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမနဲပွဲကျင်းပကြသည်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် နိုင်ငံတစ်ဝန်း၌ ထမနဲထိုး၍ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။
တပို့တွဲလတွင် နံနက် ၆ နာရီ မိနစ် ၂ဝ ၌ နေထွက်လေ့ရှိပြီး ညနေ ၅ နာရီ မိနစ် ၄ဝ တွင် နေဝင်လေ့ရှိသဖြင့် ညအချိန်သည် နေ့အချိန်ထက်ပို၍ရှည်လျားသည်။ တပို့တွဲလသည် ရက်မစုံလကွယ်သောကြောင့် ၂၉ ရက်သာရှိသည်။ တပို့တွဲ “ကျွဲချိုဖျားဆတ်ဆတ်ခါသည်”ဟူ၍လည်းကောင်း၊ “နှာရည်ယိုရွှဲ တပို့တွဲ” ဟူ၍လည်းကောင်းအဆိုရှိသဖြင့်တပို့တွဲလတွင်လွန်စွာချမ်းအေးလေ့ရှိသည်။
ထမနဲဆိုသည်မှာ
ထမနဲသည်ကောက်ညှင်းနှင့်စီမံပြုလုပ်သောမြန်မာတို့၏ ချိုဆိမ့်မွှေးသည့်စားစရာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ကော်များ၊ပတ်စာများလုပ်သကဲ့သို့ ထပ်ပြန်တလဲလဲမွှေ၍နယ်ရသောကြောင့် ထမနဲဟုခေါ်ဆိုသည်။ ထမနဲကို အရပ်ဒေသလိုက်၍ ယာဂုဟုလည်းခေါ်သည်။ ယာဂုသည် ပါဠိစကားဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟုအဓိပ္ပာယ်ရရှိသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ချင်း၊ နှမ်းဆီနှင့်နှမ်းနိုင်နိုင်ထည့် ရသောကြောင့် နှမ်းမနဲဟုလည်းခေါ်ကြသည်။
ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်တောရွာများအထိ ထမနဲထိုးပွဲများကျင်းပကြသည်။ ရှေးမြန်မာမင်းများလက်ထက်ကတည်းက တပို့တွဲလဆန်းတစ်ရက်နေ့မှစ၍လပြည့်နေ့အထိ ထမနဲထိုးပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ ထို့ကြောင့် ရှေးစာဆိုတော်များက “တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ။ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ ၊ မီးပုံယာဂုပွဲ” ဟုစပ်ဆိုခဲ့ကြသည်။
ထမနဲထိုးရာတွင်ထည့်ရမည့်ပစ္စည်းအမယ်များကို “ကုံရာသီ မာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူငါ ခြိမ့်သဲ။ ညာဇမ္ဗူ့သာဓုခေါ်အောင်၊ ယာဂုတော်ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ ၊ လေးပြည်သာ ထည့်မြဲ။ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလည်းထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။ အုန်းသီးစိတ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်၊ ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ် မသွေ။
နည်းစဉ်ဆက် သမုဆွေငယ် ဥပဒေမော်ကွန်းပလေး။” ဆိုသောတေးထပ်မျိုးဖြင့် စပ်ဆိုခဲ့ကြသည်။
ဆိုခဲ့ပါတေးထပ်အရ ထမနဲထိုးမည်ဆိုလျှင် ကောက်ညှင်းဆန်လေးပြည်ကိုရေစင်အောင်ဆေး၊ ဆီတစ်ပိဿာကို ဒယ်အိုးတွင်ထည့်ကာ ချင်းသုံးဆယ်သားနှင့်ဆီသတ်၍ကောက်ညှင်းထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ဆီပြန်လာသော် မီးဖိုပေါ်မှချ၍ကြေအောင်ချေရသည်။
ထိုသို့ကြေသွားသောကောက်ညှင်းတွင် မြေပဲ ၈ဝ ကျပ်သား၊ နှမ်း၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂ဝ ကျပ်သား၊ ဆား ၇ ကျပ်သားတို့ကို နှံ့အောင်ထည့်၍ မွှေပေးလျှင်ထမနဲဖြစ်သည်။
စည်းလုံးညီညွတ်မှုပြယုဂ်
ထမနဲထိုးမည်ဆိုလျှင်ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။ သာဓကအနေဖြင့် မြေပဲလှော်ပြီး အခွံချွတ်ခြင်း၊ အုန်းသီးစိတ်ပြီးနေလှန်းခြင်း၊နှမ်းလှော်ခြင်းတို့ကိုလုပ်ရသည်။ လူတစ်ဦးတည်းဖြင့် ထမနဲထိုးလျှင်ကောင်းနိုင်မည်မဟုတ်ချေ။ ဒယ်အိုးနှင့်ထိုးမည်ဆိုလျှင် အနည်းဆုံး သုံးယောက်ခန့်လိုမည်ဖြစ်သည်။ အားလုံးတက်ညီလက်ညီ ဆောင်ရွက်မှသာလျှင် ကြေညက်အိစက်ပြီး မတူးဘဲနပ်နေသည့် အနံ့အရသာပြည့်စုံသော ထမနဲကောင်းတစ်ဒယ်ရရှိမည်ဖြစ်သည်။
တပို့တွဲလရောက်လျှင် မိသားစုအလိုက်၊ ရပ်ကွက်၊ ကျေးရွာအလိုက် စုပေါင်းထမနဲထိုးပွဲများပြုလုပ်လေ့ရှိကြသည်။ ထို့ပြင် ဘာသာရေးအသင်းအဖွဲ့များအလိုက်၊ ရုံး၊ ဌာနများအလိုက်လည်း ထမနဲထိုးပြိုင်ပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပြိုင်ပွဲများတွင် မြန်မာတို့၏စည်းလုံးညီညွတ်မှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုတို့ကိုတွေ့ရလေ့ရှိသည်။ အမှန်စင်စစ်မှာမူ ထမနဲထိုးရခြင်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့်မရပေ။ အများစုပေါင်းလုပ်ရသောအလုပ်တစ်ခုဖြစ်၍ တက်ညီလက်ညီ ပေါင်းစပ်ဆောင်ရွက်မှသာလျှင် အရသာရှိသော ထမနဲကိုရရှိမည်ဖြစ်သည်။ ထမနဲတွင်ပါဝင်ရမည့် အမယ်မျိုးစုံအပြင် မြန်မာတို့၏ စေတနာနှင့်စည်းလုံးညီညွတ်မှုတို့ကိုလည်းတွေ့ရသည်။ ထိုးပြီးသောထမနဲများကို ဘုရားအမှူးပြုသော သံဃာတော်များကိုကပ်လှူကြသည်။ လမ်းသွားလမ်းလာများကိုလည်း ဒါနပြုကျွေးမွေးကြသည်။ ကြည်နူးချမ်းမြေ့စရာကောင်းသောအလေ့အထပင်ဖြစ်သည်။
ထိုနည်းတူစွာ တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင်လည်း ထမနဲထိုးသလို တိုင်းရင်းသားအားလုံး၏စည်းလုံးညီညွတ်မှု၊စုစည်းမှု၊အပြန်အလှန်နားလည်မှု၊အနစ်နာခံမှု၊ ယုံကြည်မှု၊ လေးစားမှုနှင့်တန်ဖိုးထားမှုများလိုအပ်ပေသည်။ ထိုသို့စည်းလုံးညီညွတ်မှုကိုသာ အခြေခံသွားမည်ဆိုလျှင် ပြည်ထောင်စုကြီးသည်မတိုးတက်စရာ အကြောင်းမရှိချေ။ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းရေး စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
ဩဝါဒပါတိမောက်အခါတော်နေ့ထို့ပြင် တပို့တွဲလတွင်ထင်ရှားသောနေ့ထူးနေ့မြတ်သည် ဩဝါဒပါတိမောက်အခါတော်နေ့ဟုခေါ်ဆိုသည့် တပို့တွဲလပြည့်နေ့ပင်ဖြစ်သည်။
မြတ်စွာဘုရားရှင်လက်ထက်တော်က တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ရဟန္တာပေါင်း ၁၂၅ဝ တက်ရောက်သော “ပထမသံဃသန္တိပါတ” ပထမဆုံးသော သံဃာ့အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေး၌ သုံးလောကထွတ်ထားမြတ်စွာဘုရားသည် ရဟန္တာများကို ဘုရားအဆူဆူတို့၏ ဆုံးမဩဝါဒပါတိမောက်ချီးမြှင့်တော်မူခဲ့သည်။
ဆိုရလျှင် တပို့တွဲလသည် ဆောင်းရာသီ၏နောက်ဆုံးလဖြစ်သော်လည်း ခိုက်ခိုက်တုန်အောင်ချမ်းနေဆဲပင်ဖြစ်သည်။ တပို့တွဲလရောက်ပြီဆိုလျှင် ကောက်ဦးလှိုင်လှိုင်ပေါ်နေပြီဖြစ်သည်။ ကျေးလက်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် ထမနဲထိုးပြိုင်ပွဲများကျင်းပလေ့ရှိသည်။ ထိုပြိုင်ပွဲများတွင် မြန်မာတို့၏စည်းလုံးညီညွတ်မှုနှင့်စေတနာသဒ္ဓါတရားထက်သန်မှုတို့ကိုတွေ့မြင်နိုင်ပေသည်။မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် မြန်မာ့ရိုးရာပွဲတော်များကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ဆင်နွှဲနေကြသည်မှာ ကြည်နူးဖွယ်ရာပင်ဖြစ်ပေတော့သည်။ ။
MWD
