အလှညောင်းသည့် လတပေါင်း

Posted_Date

Image

အလှညောင်းသည့် လတပေါင်း

Body

    တောတောင်ရေမြေ၌လယ်တောသစ်ပင်တို့သည် တပေါင်းအလှဖြင့်ပြည့်နေ၏။ တပေါင်းအလှသည် ရှေးနှစ်ပေါင်းများစွာကပင်  ပီပြင်သလို ယနေ့ခေတ်တွင်လည်း ကမ္ဘာနှင့်အမျှ တည်တံ့နေမည့် အလှတရားပင်ဖြစ်သည်။

မြန်မာ့ပြက္ခဒိန်တွင် တစ်ဆယ့်နှစ်လရှိရာ တပေါင်းလသည် တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ ထူးခြားသည်ဟုဆိုနိုင်သလို မြန်မာ့တစ်ဆယ့်နှစ်လရာသီပွဲတော်များတွင်လည်း တပေါင်းလသည် သာယာကြည်နူးဖွယ်ကောင်းသော နောက်ဆုံးလဖြစ်သည်ဟု စာဆိုရှင်များကညွှန်းဆိုကြသည်။ 

တပေါင်းလ၏ ပထမလတစ်ဝက်သည် ဆောင်းရာသီတွင်ကျရောက်၍ ဒုတိယလတစ်ဝက်သည် နွေရာသီတွင် ကျရောက်သည်ဖြစ်ရာ ဆောင်းနှောင်းနွေစ သာယာလှပသောရာသီဖြစ်သည်။ ထို့ကြောင့် နေ့ပူညချမ်း တပေါင်းလသရမ်း ဟု ဆိုစမှတ်ပြုခဲ့ကြလေသည်။ 

တပေါင်းလဟူသောအမည်ကို ပုဂံခေတ်ကရေးထိုးခဲ့သော ကျောက်စာများ၌ တပေါင် ဟူ၍ ရေးသားခဲ့ကြသည်။ ပူပြင်းခြင်းအနက်ကိုဟောရာ ဟူသည့် ပါဠိဝေါဟာရမှဆင်းသက်လာပြီး တပမှ တပေါင်း ဖြစ်လာသည်ဟုဆိုကြသည်။  တစ်နည်းဆိုသော် နက္ခတ် ၂၇ လုံး စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များပေါင်းစပ်ကာ ကျိုချက်ခြင်းကြောင့် ထန်းပေါင်းဟု လည်းကောင်းဆိုရာမှ တပေါင်းဟုခေါ်ဆိုကြခြင်းဖြစ်ကြောင်း ပညာရှင်များကမိန့်ဆိုခဲ့ကြသည်။ တချို့ကလည်း ဤလရာသီတွင် နက္ခတ် ၁၂ လုံး စုပေါင်းပေါ်ထွက်ခြင်းကြောင့် တပေါင်းလဟုခေါ်ဆိုသည်ဟုဆိုကြပြန်သည်။ တပေါင်းလကို ဗေဒင်အခေါ်အားဖြင့်  မိန်ရာသီဟုသတ်မှတ်ကြပြီး ရာသီရုပ်ပုံအားဖြင့် ငါးနှစ်ကောင်ရုပ်ဟုဆိုသည်။   ဤလ၏အထိမ်းအမှတ်ပန်းသည် သရဖီပန်းဖြစ်သည်။ 

တပေါင်းလသည် နက္ခတ်ဗေဒင်သဘောအရ ထူးခြားလှသကဲ့သို့ သဘာဝအလှနှင့် လောကအလှတို့တွင်လည်း တစ်မူထူးခြားနေသည်။ 

မိန်ရာသီလတပေါင်းမို့ ညှာညောင်းတွေကြွေပြီ ပုရစ်ကယ်ရွှေဥ ပင်တိုင်းစုနေသည့်အချိန်တွင် တောင်ပြန်လေအေးက တိုက်ခတ်ဆော်သွေးလာပြန်သဖြင့် အဆွေးဓာတ်ခံရှိသူတို့အဖို့ အသည်းကြွေလုမျှ ခံစားကြရသည့်အချိန်မဟုတ်ပါလော။

 “လတပေါင်းမို့၊ 

ရွက်ဟောင်းကြွေကာ၊ ဥတ္တရာနှင့်

ကြယ်မှာဘဒြပိုဒ်၊ လေးချက်ချိန်ကို

တိမ်ခြေဆိုက်လို့၊ စရိုက်ကယ်ဖွေရှာ

ကိုတံငါလည်း၊ ဘာသာဒေါင်ဒင်

ပျော်မြူးသာရွှင်တော့တယ်

သဘင်လခါမီကို၊ သဲစေတီငွေသောင်ကမ်းက

လွမ်းလှတယ်လေး……”

            (မဟာအတုလမင်းကြီး)

ဆောင်းရာသီလည်းမပြယ်သေး၊ နွေရာသီကလည်းမပီသေး၊ ဤရာသီအခါသမယ ကောင်းကင်ယံတွင် တိမ်ရောင်စုံများ သက်တံရောင်တို့၏အလှများဖြင့် ဆေးရေးခြယ်သလျက်ရှိပေသည်။ မြေပြင်တွင်လည်း သစ်ပင်များဆီမှ ရွက်ဟောင်းကြွေကျ မြေခနေသလို ရွက်သစ်အညွန့်၊ အညှောက်များကလည်း ပုရစ်ဖူးအစီအရီနှင့် စိမ်းစိုစပြုနေချိန်ဖြစ်သည်။ ထိုအချိန်လရာသီတွင် မြစ်ချောင်းများတွင်လည်း ရေများစစ်ကာ သဲပြင်သောင်ခုံများပေါ်ထွန်းကာ လွမ်းစရာ့ပန်းချီကားချပ်ပမာရှိနေပေသည်။ 

ထို့ကြောင့်လည်း တပေါင်းလ၏ သာယာကြည်နူးစရာကောင်းပုံကို ရှေးစာဆိုတို့က အမျိုးမျိုးခြယ်မှုန်းသီဖွဲ့ခဲ့ကြပေသည်။ ဖိုးသူတော်ဦးမင်း၏ တပေါင်းလဖွဲ့ သဖြန်တွင် ပန်းရွှေဖီကြိုင်လှောက်လို့၊ ပိတောက်ကယ်တဲ့သင်းချို၊ ဥတ္တရာဘရဂုဏ်က တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊ လမင်းသော်တာနှင့် တူမကွာထိန်ဝါလဲ့၊ ထွန်းတဲ့ခါကို၊ သောင်သဲငယ်မိုး၊ရေညိုကရစ်မို့။  လေညင်းငယ်လာ၊ စုံဟေမာမြိုင်ထဲက၊ ဝမ်းဘဲရွှေစင်ရော်တို့၊ တကြော်ကြော်မောင်နှံကျူးတယ်၊ မြူးပျော်ကြလို့ဟူ၍ တပေါင်းလ၏ ကြည်နူးလှပပုံကို စာပန်းချီသီကုံးထားပေသည်။ 

တပေါင်းလသည် ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီကျောင်းပိတ်ရက်ကာလဖြစ်သလို  မကြာခင်ရောက်ရှိတော့မည့် နှစ်သစ်ကူးအတာရေသဘင်ပွဲအတွက်လည်းအားခဲကာ  စိတ်ကူးများဖြင့် ပျော်မြူးနေကြသည့်ကာလလည်းဖြစ်ပေသည်။

တပေါင်းလသည် နေ့တာရှည်၍ ညတာတိုသောလဖြစ်ပြီး ရက်ပေါင်း ၃၀ ရှိ၍ ရက်စုံသောလဖြစ်သည်။ ထိုလတွင် မြစ်များ၊ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲတော်များကျင်းပလေ့ရှိသည်။ သဲများကိုစုပုံ၍ စေတီအသွင်တည်ကာ မြတ်စွာဘုရားအားရည်မှန်းထား၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဓသာသနာစတင်ထွန်းကားလာချိန်မှပင်ရှိခဲ့သောပွဲတော်ဟုယူဆရပေသည်။

ထို့ကြောင့် အကြောင်းညီညွတ်သော ထိုလရာသီတွင် မြန်မာဘုရင်များက သဲပုံစေတီပွဲကို ရာသီပွဲအဖြစ်သတ်မှတ်ကာ ရွှေနန်းတော်ကြီးမှသည် ကျေးလက်တောရွာများအထိ နိုင်ငံတစ်ဝန်း သဲပုံစေတီပွဲကို ခြိမ့်ခြိမ့်သဲဆင်နွှဲခဲ့ကြသည်။

ရှေးအခါက သဲပုံစေတီတည်ထားရာတွင် ရိုင်ပတ်များကို အဆင့်ငါးဆင့်တည်၍ တည်ဆောက်ကြသည်။ အဆင့်ငါးဆင့်မှာ မြင်းမိုရ်တောင်ရှိ အာလိန်ငါးဆင့်ပုံကို ရည်ရွယ်တည်ထားခြင်းဖြစ်သည်။ ယင်းအာလိန်ငါးဆင့်တွင် သန့်စင်သောသဲများ အပြည့်သိပ်ထည့်ရသည်။ ထို့နောက် တံခွန်၊ ကုက္ကား၊ လှူဖွယ်ပစ္စည်းများဖြင့်ပူဇော်ကာ အလှူအတန်းပွဲများကိုပြုလုပ်ကြသည်။ နှစ်ကာလကြာသော် အုတ်တို့ဖြင့်စေတီကိုငုံ၍ စေတီကြီးအဖြစ် ဆက်လက်တည်ဆောက်ကြသည်ဟုဆို၏။ 

တပေါင်းလတွင် ဥဩငှက်များ၏ လွမ်းမောဖွယ်တွန်သံသာများကလည်း မြန်မာနိုင်ငံအနှံ့အပြား ပျံ့လွင့်လျက်ရှိပြီး နွေ၏ပန်းချီကားကို ပိုမိုရုပ်လုံးကြွစေသည်။ စာဆိုတို့က ရွှေဥဩတွန်သံသာ၊ နွေဦးပေါက်တော့မှာဟူ၍လည်းဆိုခဲ့ကြပေသည်။

စာဆိုရှင်အုန်းညိုကလည်း ဂါထာ ၆၀ ပျို့တွင် တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာထွေ၊ ဆောင်းနွေဆိုတမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များသို့၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာကောဘီ၊ ကြည်ဖွယ်ရှိစ ဟူ၍လည်းကောင်း၊  စာဆိုဦးကြင်ဥက ဉာဏ်မခိုင်၊   ဈာန်ယိုင်လျှောရတယ်၊  ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြရသည့်လလည်းဖြစ်ပေသည်။

မြန်မာ့ဆယ့်နှစ်လရာသီတွင် ဘာသာရေးကိုအခြေခံသောပွဲများကို ဆင်နွှဲလျက်ရှိရာ တပေါင်းလတွင် သဲပုံစေတီပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပွဲကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဆင်နွှဲခဲ့ကြသည်။ ဆွမ်းတော်ကြီးတင်ပွဲကို အရုဏ်တော်လှည့်ပွဲဟူ၍လည်းခေါ်ကြသည်။ ဆွမ်းတော်ကြီးတင်လှူပွဲဆိုသည်မှာ သဲပုံစေတီတွင် လှူဒါန်းရန်အတွက် လှူဖွယ်ဝတ္ထုများကိုဝင်းခင်းကာ လှည့်လည်အလှူခံကြခြင်းဖြစ်သည်။

ဆွမ်းတော်ကြီးခေါ် အရုဏ်တော်လှည့်လာသည့် အခမ်းအနားတွင် လှူဖွယ်ခဲဖွယ်ဘောဇဉ်များကို လှူဒါန်းကာ ကုသိုလ်ယူကြသည်။ အဆိုပါပွဲတွင် အဆို၊ အတီး၊ အမှုတ် တူရိယာဝိုင်းများဖြင့် ခမ်းနားစည်ကားစွာကျင်းပကြသည့်အတွက်  တပေါင်းလ၏ သဲပုံစေတီပွဲတော်သည် ကုသိုလ်ရေးနှင့်အတူ ပျော်ရွှင်မှု၊ စည်းလုံးချစ်ကြည် ရင်းနှီးမှုတို့ကိုရရှိစေသည့်ပွဲလည်းဖြစ်ပေသည်။

သဲပုံစေတီပွဲတော်မှာ ဗုဒ္ဓဘာသာမှ ဆင်းသက်လာသော မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး   သဲပုံစေတီကို ရှေးအခါက မြစ်ပြင်သဲသောင်ယံဦး မြစ်ကမ်းနဖူးတွင် တည်ထားလေ့ရှိသည်။ သဲပုံစေတီကို ရှေးအခါက စည်းခုံ၊ စဲခုံဟူ၍ခေါ်ခဲ့ကြပြီး ယခုအခါ စည်းခုံကို သဲပုံဟူသော အဓိပ္ပာယ်ယူ၍ သဲပုံစေတီကို တည်ထားခဲ့ပေသည်။ စည်းခုံဟူသည်မှာ ပုဂံခေတ်အနော်ရထာမင်းစောသည် ပုဂံမြို့အနီးရှိ ဧရာဝတီမြစ်ကမ်း သဲခုံတွင် တည်ထားသဖြင့် ရွှေစည်းခုံစေတီဟု ဘွဲ့တော်သတ်မှတ်ခဲ့ရာ ယနေ့ထိတိုင် အထင်အရှားဖူးမြော်ကြရပေသည်။ 

ဘုရားပွဲတော်အချိန်နှင့် တောင်သူလယ်သမားဦးကြီးများ၏ သီးနှံပေါ်ပြီးချိန်တိုက်ဆိုင်သဖြင့် ဘုရားပွဲတော်သို့ ရွာနီးချုပ်စပ်မှစုပေါင်း၍ သွားရောက်ဆင်နွှဲသည့်ဓလေ့မှာလည်း ပျော်ရွှင်စရာ ကြည်နူးစရာပင်ဖြစ်သည်။  လှည်းဝိုင်းများဖြင့် ပြုလုပ်ဝန်းရံကာ အငြိမ့်သဘင်၊ ဇာတ်သဘင်ပွဲများသို့ စုပေါင်း၍ သွားရောက်ကြည့်ရှုကြသည်။ ဆယ့်နှစ်ပွဲဈေးသည်တို့ကလည်း ဘုရားပွဲတော်တွင် ဒေသထွက်ကုန်ပစ္စည်းများ၊ မြန်မာ့ရိုးရာမုန့်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ခင်းကျင်းရောင်းချကြသည်။ တပေါင်းလရာသီတွင် ဆိုင်းသံဗုံသံ သောသောညံကာ ရွှင်လန်းချမ်းမြေ့ရသည်မှာ စာဖွဲ့၍မကုန်နိုင်တော့ပေ။

နိုင်ငံတော်နှင့်ပြည်သူများ ရိက္ခာဖူလုံရေးအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသော ကျေးဇူးရှင်တောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းခွင် ပြီးစီးသည့်ရာသီမှာ တပေါင်းလရာသီပင်ဖြစ်သည်။ သို့သော် ဦးကြီးတို့မှာ အနားမယူနိုင်ကြပေ။ 

မိုးရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးအတွက်  စီစဉ်ဆောင်ရွက်နေရခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် နွေစပါးစိုက်ပျိုးရေးအတွက် အားပြုနေကြသော တောင်သူဦးကြီးများ၏ လုပ်အားအလှသည် တပေါင်းလရာသီအလှနှင့် အပြိုင်ဖြစ်သည့်အတွက် ကျေးလက်ဒေသ၏ အငွေ့အသက်ကို ပိုမိုပေါ်လွင်စေသည်။ 

တပေါင်းလသည်   မြန်မာ့သမိုင်းနှင့်ဆက်စပ်ပြီးကြည့်လျှင် ထင်ရှားသော  မှတ်တိုင်တစ်ခုဟုဆိုနိုင်သည်။   မြန်မာ့မြေပေါ်သို့ ကျူးကျော်ဝင်ရောက်လာသည့်ဖက်ဆစ်တို့ကို တော်လှန်ချေမှုန်းခဲ့သည်မှာလည်း ဤလပင်ဖြစ်သည်။ 

တပေါင်းလသည်  ဥတုသုံးလီတွင် ဂိမှာန်ရာသီ နွေရာသီတွင်ပါဝင်ပြီး မြေပြင်တစ်ခုလုံးခြောက်သွေ့ကာ ခြေခင်းလက်ခင်းသာသောလဖြစ်သည်နှင့်အညီ မြန်မာပြည်အနှံ့ခြေဆန့်ကာ ဘုရားစုံဖူးကြသူများ၊ ကူးသန်းရောင်းဝယ်ကြသူများဖြင့် စည်ကားသောလရာသီဖြစ်၍ တပေါင်းလသည် လူတိုင်းလူတိုင်း၏ မျက်နှာ၌ ပျော်ရွှင်ဝမ်းမြောက်မှု၊ အားရကျေနပ်မှု၊   ချမ်းမြေ့ကြည်လင်မှုရသများ  ယှက်သန်းလျက် လွတ်လပ်မှုကို မျှဝေခံစားစေသောလလည်းဖြစ်သည်။

သို့ဖြစ်ရာ  တပေါင်းလသဲပုံစေတီပွဲနှင့်အတူ ဆယ့်နှစ်လရာသီပွဲတော်များသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာတိုင် မြန်မာလူမျိုးတို့ အစဉ်ထိန်းသိမ်းလာခဲ့သော ချစ်စရာ့ဓလေ့ရိုးရာယဉ်ကျေးမှုပွဲတော်များဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုဆယ့်နှစ်လရာသီပွဲတော်များကို အဓိပ္ပာယ်အနှစ်သာရ ပြည့်ဝစွာ ထိန်းသိမ်းစောင့်ရှောက်ဆင်ယင် ကျင်းပခြင်းဖြင့် အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးစရာ ပိုမိုတိုးပွားလာမည်ဟု ယုံကြည်မိပါသည်။    ။

MWD