ကန္တာရဝတီ ငွေတောင်ပြည်မှ သွေးချင်းတို့၏ မင်္ဂလာနေ့ရက်

Posted_Date

Image

ကန္တာရဝတီ ငွေတောင်ပြည်မှ သွေးချင်းတို့၏ မင်္ဂလာနေ့ရက်

Body

    ကယားပြည်နယ်သည်  မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ တည်နေရာအားဖြင့် မြောက်ဘက်တွင်  ရှမ်းပြည်နယ်၊  အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကရင်ပြည်နယ်တို့က ဝန်းရံထားပြီး အနောက်ဘက်တွင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အကြား နယ်နိမိတ်စည်းအဖြစ် သံလွင်မြစ်စီးဆင်းလျက်ရှိသည်။

ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ဝန်းရံထားသော ပြည်နယ်တစ်ခုဖြစ်ပြီး လူဦးရေသိပ်သည်းဆ နည်းပါးသော်လည်း ယဉ်ကျေးမှုနှင့် ဘာသာစုံလင်စွာ ယှက်နွှယ်နေသည့် လှပသောဒေသဖြစ်သည်။ ပြည်နယ်အား လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုခရိုင်၊ ဘောလခဲခရိုင်၊ မယ်စဲ့ခရိုင်ဟူသည့်  ခရိုင်လေးခရိုင်၊ မြို့နယ်ခုနစ်မြို့နယ်၊ မြို့လေးမြို့၊ ရပ်ကွက် ၅၆ ခု၊ ကျေးရွာအုပ်စု ၇၄ စုနှင့် ကျေးရွာပေါင်း ၅၀၆ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်လူဦးရေ၏ ၅၆ ရာခိုင်နှုန်းခန့်သည် ကယားတိုင်းရင်းသားများဖြစ်ပြီး ကယားမျိုးနွယ်စု ကိုးမျိုးနှင့် ဗမာ၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်းအပါအဝင် အခြားတိုင်းရင်းသားလူမျိုးများလည်း အတူယှဉ်တွဲနေထိုင်ကြသည်။

ကယားပြည်နယ်သည် ဘာသာရေးအရ စုံလင်ကွဲပြားမှုရှိသော ဒေသဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာများ ကိုးကွယ်ကြပြီး အဓိကဘာသာနှစ်ခုမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ဖြစ်ပြီး ဗုဒ္ဓဘာသာ ၄၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ၄၈ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် လူဦးရေအချိုး တူညီနီးပါးရှိသည်ကို တွေ့ရသည်။ ပြည်နယ်အတွင်း လူမျိုးစုံ၊ ဘာသာစုံတို့သည် ရှည်လျားသောသမိုင်းကြောင်းအတွင်း အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင် လာခဲ့ကြပြီး ချစ်ကြည်ရင်းနှီးသော လူမှုဆက်ဆံရေး၊ တစ်ဦးနှင့်တစ်ဦးလေးစားမှုနှင့် ဘာသာရေးအရ သည်းခံမှုတို့ကို တည်ဆောက်ထားနိုင်ခဲ့သည်။ 

ဤစုံလင်မှုသည် ကယားပြည်နယ်၏ ထူးခြားသော အမှတ်လက္ခဏာ တစ်ရပ်လည်းဖြစ်သည်။

ကယားပြည်နယ်နေ့ဖြစ်ပေါ်လာပုံ

      ကရင်နီပြည်နယ်အမတ် ဦးစိန်သည် ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင်ကျင်းပသော ကရင်နီပြည်နယ်ကောင်စီ ဒုတိယညီလာခံတွင် လည်းကောင်း၊ ၁၉၅၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်)တွင်လည်းကောင်း ကရင်နီပြည်နယ် အစား ကယားပြည်နယ် ဟူသောအမည်ကို တရားဝင် အဆိုတင်သွင်းခဲ့သည်။ ပြည်နယ်ခေါင်းဆောင်များ၏ စည်းရုံးမှု၊ လူထု၏ထောက်ခံမှုနှင့် ဥပဒေရေးရာကြိုးပမ်းမှုများ အောင်မြင်ခဲ့သည့်အနေဖြင့် ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေ(အက်ဥပဒေအမှတ် ၆၂) ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုအက်ဥပဒေ၏ ပုဒ်မ ၈ တွင် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ကရင်နီဆိုသည့် စကားရပ်ပါရှိသော နေရာတိုင်း၌ ထိုစကားရပ်အစား ကယား ဆိုသည့်စကားရပ်ကိုထည့်သွင်းရမည် ဟု အတိအလင်း ဖော်ပြထားသည်။

ဤသည်မှာ ပြည်နယ်လူထုနှင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအဆင့်တွင် အသိအမှတ်ပြုခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားအမှတ်လက္ခဏာ သတ်မှတ်ပိုင်ခွင့်အတွက် ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်ခဲ့သည်။ ဤအောင်ပွဲကို အမှတ်ရစေရန် နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့ကို ကယားပြည်နယ်နေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကရင်နီပြည်နယ် မှ ကယားပြည်နယ် သို့ အမည်ပြောင်းလဲခေါ်တွင်သည့် နာမကရဏသဘင် အခမ်းအနားကြီး ကျင်းပခဲ့သည်။ အဆိုပါနေ့မှစ၍ ပြည်နယ်အမည်သည် ကယားပြည်နယ် ဖြစ်လာခဲ့ပြီး  နှစ်စဉ်ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲများကို ဂုဏ်ယူစွာ  ဆက်လက်ကျင်းပလာခဲ့ကြသည်။ သို့ဖြစ်၍ကရင်နီ မှ ကယားသို့ ပြောင်းလဲခဲ့သည့် ဤဖြစ်စဉ်သည် အမည်နာမတစ်ခုသာမက ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အခွင့်အရေးနှင့် အမှတ်လက္ခဏာကို ဥပဒေနှင့်အညီ တောင်းဆိုရယူနိုင်ခဲ့သော ပြည်နယ် တစ်ခု၏ သမိုင်းဝင်ခရီးပန်းတိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။

ကယားပြည်နယ်သည် ထူးခြားသောပြည်နယ်တစ်ခုအဖြစ်ထင်ရှားသည်။  စိမ်းလန်းသော တောင်ကုန်းများ၊ ကြည်လင်သောရေကန်များနှင့် လှပသောချိုင့်ဝှမ်းများဖြင့် ဖုံးလွှမ်းထားသည့် ဤဒေသသည် ရှေးဟောင်းရိုးရာဓလေ့များ သက်ဝင်ရှင်သန်နေဆဲ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ ဟန်ချက်ညီစွာ ယှဉ်တွဲတည်ရှိသည့် စံပြနေရာ၊ လူမှုရေးချစ်ကြည်မှုနှင့် သည်းခံမှုတို့ဖြင့် ပြည့်နှက်နေသည့် ငြိမ်းချမ်းရာဒေသဖြစ်သည်။

သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီတော်)

    သီရိမင်္ဂလာတောင်တော်ပေါ်ရှိ တောင်ကွဲစေတီတော်မြတ်သည် ကယားပြည်နယ်၏ အထင်ကရ ဘာသာရေး မှတ်တိုင်တစ်ခုဖြစ်သည်။ မတူညီသော ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် သဘာဝတောင်ထိပ်ကိုးခုတွင် စေတီတော် ၁၂ ဆူအား တည်ထားကိုးကွယ်ထားသည်။ ပထမဆုံးသောစေတီတော်ကို ၁၉ ရာစုနှစ်တွင် လွိုင်ကော်မြို့စားကြီးကတည်ထားကိုးကွယ်ခဲ့သည်။ သီရိတောင် သို့မဟုတ် မင်္ဂလာသီရိတောင်ဟုခေါ်ဝေါ်ခဲ့ရာမှ သီရိမင်္ဂလာတောင်ဟူ၍ ၁၉၇၀ ပြည့်နှစ်လောက်တွင် ပြောင်းလဲခေါ်တွင်ခဲ့သည်။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောတောင်ဟု အဓိပ္ပာယ်ရသည်။ သီရိမင်္ဂလာတောင်တော်သည် အမြင့် ၃၈၇ ပေရှိသည်။  လွိုင်ကော်မြို့၏ အဓိကအချက်အချာ ကျသောနေရာတွင် တည်ရှိပြီး စေတီတော်ပေါ်မှနေ၍ လွိုင်ကော်မြို့၏ ရှုခင်းများကို တွေ့ရှိခံစားနိုင်သည်။  ထို့ပြင် မြို့နာမ်စေတီ၊  ရွှေလက်ဝါးစေတီ၊ ဘေးမခတောင်တော်၊ မြကလပ်တောင်တော်၊ နေစက်လစက်စေတီ၊ သစ်တစ်ပင်တောင်နှင့်ရွှေလက်ဝါးစေတီ စသည့်သမိုင်းဝင်စေတီပုထိုးများစွာလည်း တည်ရှိသည်။

ပန်ပက်ကျေးရွာ

    ကယားပြည်နယ်တွင်အထင်ကရနေရာ များစွာရှိသည့်အနက် ပန်ပက်ကျေးရွာသည်  ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိပြီး လွိုင်ကော်မြို့မှ ၂၆ မိုင်၊ မော်တော်ယာဉ်ဖြင့် တစ်နာရီခန့်သွားရသည်။ ကယန်း(ပဒေါင်)လူမျိုးများ၏  ဇာတိကျေးရွာဖြစ်သည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ထားရှိသည့် ကျေးရွာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေကြသည့် ကျေးရွာဖြစ်သည်။  ကျေးရွာအတွင်း ကယန်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုများ၊ ကိုးကွယ်ယုံကြည်မှု၊ လက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကယန်း ရိုးရာအစားအသောက်များ၊   ကယန်းလူမျိုးတို့၏  ခေါင်ရည်ချက်လုပ်မှုနှင့် သောက်သုံးသည့် ဓလေ့များသည်  ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်နေသည့် အရာများဖြစ်သည်။ ကျေးရွာအနီး တောင်တက်ခရီးစဉ်များနှင့် လမ်းလျှောက်ခရီးစဉ်များသည်  ကယားပြည်နယ်သို့  လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အတွက် အမှတ်ရစရာ ခရီးစဉ်တစ်ခုဖြစ်သည်။

တနီးလာလဲကျေးရွာနှင့်ကန်ခုနစ်ဆင့်ရေကန်

      တနီးလာလဲကျေးရွာနှင့် ကန်ခုနစ်ဆင့်ရေကန်သည်  ဒီးမော့ဆိုမြို့နယ်အတွင်းတည်ရှိပြီး လွိုင်ကော်မြို့၏  ၁၃ မိုင်အကွာတွင်တည်ရှိသည်။ တနီးလာလဲကျေးရွာသည်  လူထုအခြေပြုခရီးသွား လုပ်ငန်းများ ဖော်ဆောင်ထားရှိသည့်   ကျေးရွာတစ်ရွာဖြစ်ပြီး   ကယားတိုင်းရင်းသားများ နေထိုင်ရာ ရွာတစ်ရွာလည်းဖြစ်သည်။   ကျေးရွာအတွင်း   နွားလှည်းစီးခြင်း၊ လေးခွပစ်ခြင်း၊ ကယားရိုးရာ အသားကင်များပြုလုပ်ခြင်း၊ ကျေးရွာရှိတံခွန်တိုင်နှင့်ကြာကန်သို့ သွားရောက်လည်ပတ်ခြင်း၊ ကယားရိုးရာအိမ်များသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်နိုင်သည်။ တနီးလာလဲကျေးရွာအနီးရှိ ကန်ခုနစ်ဆင့်ရေကန်သည် သာယာလှပပြီး အပန်းဖြေအနားယူရန် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်။

ငွေတောင်ဆည်

     ကယားပြည်နယ်ဟုဆိုလျှင် ငွေတောင်ပြည်၊ ငွေတောင်ဆည်ဟုသိရှိကြသည်။  ငွေတောင်ဆည်ကြီးသည်    လွိုင်ကော်မြို့မှ ၉ မိုင်အကွာအဝေးတွင်တည်ရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များနှင့် ဒေသခံပြည်သူများ၏ အနားယူအပန်းဖြေရာ ရှုမငြီးဖွယ်နေရာတစ်ခုဖြစ်သည်။

ဆင်ဖြူတောင်

     ဆင်ဖြူတောင်သည်  ဖရူဆိုမြို့နယ်ရှိ  မော်သီဒိုကျေးရွာအနီးတွင်တည်ရှိပြီး  လွိုင်ကော်မြို့မှ မိုင် ၄၀ အကွာတွင်တည်ရှိသည်။ Trekking  လျှောက်ခြင်း၊ တောင်တက်ခြင်း၊ Adventure Trip များဆောင်ရွက်နိုင်သည်။

ကေ့ထိုးဘိုး (တံခွန်တိုင်ပွဲတော်)

     ကယားပြည်နယ်တွင် ကယားတိုင်းရင်းသားတို့၏ စိုက်ပျိုးရေးနှင့် ဘာသာရေးဓလေ့များသည် သဘာဝပတ်ဝန်းကျင်နှင့် နီးကပ်လျက်ရှိသည်။ ကယားတိုင်းရင်းသားတို့သည်  မိမိတို့ မိရိုးဖလာနည်းများဖြင့်  စိုက်ပျိုးကြသူများဖြစ်ခြင်းကြောင့် သဘာဝကပေးသော မိုးရေကိုအားကိုး၍ ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။ ထို့ကြောင့် ယင်းတို့သည် မိုးကိုခေါ်ကြသည်။ တောင်ယာမစိုက်မီ၊ စပါးမရိတ်သိမ်းမီ၊ စပါးရိတ်သိမ်းပြီးချိန်တွင် မိမိတို့မမြင်နိုင်သော တန်ခိုးရှင်တို့အား လုပ်ငန်းကိစ္စအဝဝ  အထမြောက်အောင်မြင်စေရေးအတွက် ကူညီစောင်မရန် ပူဇော်ပသပွဲများပြုလုပ်ကြသည်။ 

ယင်းပူဇော်ပွဲများအနက် ကေ့ထိုးဘိုး (တံခွန်တိုင်ပွဲတော်)သည် ကယားအနွယ်ဝင်တို့၏ ရိုးရာကိုးကွယ်မှုမှ ပေါက်ဖွားလာသည့် နတ်ပူဇော်ပသပွဲများဖြစ်သည်။ ယင်းပွဲတော်ကို နှစ်စဉ်တန်ခူးလနှင့် ကဆုန်လတို့တွင် ကျင်းပကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းပွဲတော်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပွဲတော်လည်းဖြစ်သည်။ ဤပွဲတော်ကျင်းပခြင်းအားဖြင့် မိုးလေဝသမှန်ကန်ပြီးလျှင် ကောက်ပဲသီးနှံများ ဖွံ့ဖြိုးအောင်မြင်လိမ့်မည်ဟု ကယားအမျိုးသားတို့က ယုံကြည်ကြသည်။  သို့ဖြစ်၍ တံခွန်တိုင်ပွဲတော်ကို မိုးခေါ်ပွဲ (မိုးတပွဲ)ဟုခေါ်လျှင် မှားမည်မထင်ပါ။ တံခွန်တိုင်ပွဲတော်သည် ကယားလူမျိုးတို့၏ အလွန်အရေးပါအရာရောက်သော ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်၍ ဘိုးဘွားအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက် ကျင်းပသောပွဲတော်တစ်ရပ်ဖြစ်သည်။

အဲဒူ(ခေါ်) ကောက်ညှင်းထုပ်ပွဲ

    ထို့ပြင်  ကယားရိုးရာ  အဲဒူ  (ခေါ်) ကောက်ညှင်းထုပ်ပွဲတော်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့်သက်ဆိုင်သော  ပွဲတော်တစ်ခုဖြစ်သည်။ 

ယင်းပွဲတော်ကို ကောက်ပဲသီးနှံများစိုက်ပျိုး၍ အောင်မြင်ပြီးစီးကြောင်း အထိမ်းအမှတ်သဘောမျိုးဖြင့်  ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် အဲဒူပွဲတော်ကို စပါးစိုက်ပျိုးပြီးချိန် တော်သလင်းလနှင့် သီတင်းကျွတ်လတို့တွင် ကျင်းပလေ့ရှိကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ထူးခြားသောယဉ်ကျေးမှု၊ သဘာဝအလှနှင့် သမိုင်းတန်ဖိုးများ စုစည်းတည်ရှိရာ ဒေသအဖြစ် ထင်ရှားလှသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့် ဤပြည်နယ်သည် လေးစားမှုနှင့် ညီညွတ်ရေး၏  စံပြပုံရိပ်တစ်ခုလည်းဖြစ်သည်။ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကရင်နီ မှ ကယားသို့ အမည်ပြောင်းလဲခဲ့သည့် သမိုင်းဝင်ခရီးစဉ်သည် ပြည်နယ်သူ၊ ပြည်နယ်သားများ၏ အမျိုးသားအမှတ်လက္ခဏာကို ထိန်းသိမ်းရန်အတွက် ဇွဲလုံ့လပြည့်ဝမှုကို ဖော်ကျူးပြသခဲ့သည်။ နှစ်စဉ်ကျင်းပလေ့ရှိသော ကယားပြည်နယ်နေ့သည် ဤဂုဏ်ယူဖွယ်အမှတ်တရနှင့်စည်းလုံးညီညွတ်မှုကို ပြန်လည်အားဖြည့်ရန် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်သည်။   စိမ်းလန်းသောတောင်တန်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ငြိမ်းချမ်းသာယာသည့် လူမှုအသိုင်းအဝိုင်းတို့ဖြင့် ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏လှပသော ပန်းချီကားတစ်ချပ်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။  ။

MWD