ဗင်နီဇွဲလားအပေါ် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို တရုတ် နိုင်ငံက မည်သည့်အတွက် အကာအကွယ်မပေးခဲ့သနည်း
Posted_Date
Image
Body
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု (Operation Absolute Resolve ဟုသိကြသည့် စစ်ဆင်ရေး) သည် ကရာကတ်စ် ၏ အပြင်ဘက်အထိပါ တုန်လှုပ်ချောက်ချားမှုများ ပျံ့နှံ့စေခဲ့သည်။ ဗင်နီဇွဲလားမြို့တော်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် သမ္မတ နီကိုလက်စ် မာဒူရိုအား ဖမ်းဆီးခြင်းအားဖြင့် ဝါရှင်တန်သည် အနောက်ကမ္ဘာခြမ်းတွင် အင်အားသုံးဖြေရှင်းသည့် မူဝါဒ (Hard Power) ထံသို့ ပြတ်ပြတ်သားသား ပြန်လည်ခြေဦးလှည့်လာကြောင်း အချက်ပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးသည် ရန်လိုသောအစိုးရကို ဆန့်ကျင်သည့် နည်းဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုမျှသာမဟုတ်ဘဲ အမေရိကတိုက်တစ်ခွင်ရှိ သြဇာလွှမ်းမိုးမှု၊ အဆင့်ဆင့်အာဏာစက်နှင့် ထိန်းချုပ်မှုတို့နှင့် ပတ်သက်သည့် မဟာဗျူဟာမြောက် သတင်းစကားတစ်ခုလည်း ဖြစ်သည်။ ဗင်နီဇွဲလား၏ နိုင်ငံရေးနှင့် စီးပွားရေး ရှင်သန်ရပ်တည်မှုအတွက် များစွာရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံအဖို့မူ ထိုဝင်ရောက်စွက်ဖက်မှုသည် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်စွမ်း အကန့်အသတ်များနှင့် ပိုမိုများပြားလာသော အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုတွင် ပြောင်းလဲလာသည့် စည်းမျဉ်းများအပေါ် ချက်ချင်းဆိုသလို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
Operation Absolute Resolve အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုမှာ လေသံအရ လျင်မြန်သော်လည်း အနှစ်သာရပိုင်းတွင်မူ သတိကြီးစွာ ထားခဲ့သည်။ ပေကျင်း၏ တရားဝင်ထုတ်ပြန်ချက်များတွင် အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းသည် တည်ငြိမ်မှုကို ပျက်ပြားစေသည့်အပြင် တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးမှု၏ ပြယုဂ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဝါရှင်တန်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လေးစားရန်နှင့် ဗင်နီဇွဲလား၏ ပြည်တွင်းရေးတွင် စွက်ဖက်ခြင်းကို ရပ်တန့်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကာ တရုတ်နိုင်ငံအား နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးစံနှုန်းများကို ကာကွယ်စောင့်ရှောက်သူအဖြစ် ပုံဖော်ခဲ့သည်။
သို့သော်လည်း အဆိုပါ စကားလုံးအသုံးအနှုန်းများသည် လက်တွေ့တွင် အခြေအနေကို ပိုမိုတင်းမာလာစေခြင်း မရှိခဲ့ပေ။ ပေကျင်းသည် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် ကရာကတ်စ်သို့ တိုက်ရိုက်စစ်ရေးအကူအညီပေးအပ်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့သည်။ ယင်းအစား ၎င်း၏တုံ့ပြန်မှုကို သံတမန်ရေးရာ လမ်းကြောင်းများတွင်သာ ကန့်သတ်ထားခဲ့ပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကာ မတည်ငြိမ်မှုများ မြင့်တက်နေစဉ်အတွင်း တရုတ်နိုင်ငံသားများ ဗင်နီဇွဲလားသို့ သွားရောက်ခြင်းမပြုရန် ခရီးသွားသတိပေးချက်များကိုထုတ်ပြန်ခဲ့သည်။ တရုတ်လေ့လာဆန်းစစ်သူများက ဦးစားပေးလုပ်ဆောင်ချက်မှာ ထိခိုက်မှုများကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဆိုလိုသည်မှာ အနောက်ကမ္ဘာခြမ်းရှိ အမေရိကန်၏ စစ်ရေးအင်အားနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မှုကိုမဖန်တီးဘဲ ကာလရှည်တည်ရှိခဲ့သော စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန် ဖြစ်သည်။
ထိုသို့ ချိန်ဆထားသော တုံ့ပြန်မှုသည် လက်တင်အမေရိကအပေါ် ကျင့်သုံးသည့် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုပုံစံကို ထင်ရှားစေသည်။ ပေကျင်းသည် စီးပွားရေးအရ နက်ရှိုင်းစွာပတ်သက်ခြင်းနှင့် အချုပ်အခြာအာဏာအတွက် နှုတ်ဖြင့် ထောက်ခံမှုပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်၏ အင်အားမှာ အပြတ်အသတ် သာလွန်နေဆဲဖြစ်သည့် ဒေသမျိုးတွင် အမေရိကန်နှင့် စစ်ရေးအရ ယှဉ်ပြိုင်မှုကို အစဉ်တစိုက် ရှောင်လွှဲခဲ့သည်။ Operation Absolute Resolve သည်အဆိုပါ မဟာဗျူဟာ၏ အားသာချက်နှင့် အကန့်အသတ် နှစ်ခုစလုံးကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မာဒူရိုအစိုးရတို့၏ ဆက်ဆံရေးသည် အပေါ်ယံပြရုံသက်သက် မဟုတ်ခဲ့ပေ။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဗင်နီဇွဲလားသည် အမေရိကတိုက်၌ ပေကျင်း၏ အရေးအပါဆုံး မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံး နှစ်နိုင်ငံအဆင့် သတ်မှတ်ချက်ဖြစ်သော “ရာသီမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” (All-weather strategic partnership) အဆင့်သို့ မြှင့်တင်ခဲ့သည်။ ထိုအဆင့်အတန်းသည် စွမ်းအင်၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ရေရှည်ခိုင်မြဲသော ရည်မှန်းချက်များကို ထင်ဟပ်စေရုံမျှမက ဗင်နီဇွဲလားနိုင်ငံကို ပေကျင်းက မဟာဗျူဟာမြောက် အရေးပါသည်ဟု ယူဆထားသော နိုင်ငံငယ်အစုအတွင်းသို့ သွတ်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။
တရုတ်အစိုးရပိုင် မူဝါဒရေးရာဘဏ်များသည် ကရာကတ်စ်ထံသို့ အကြီးစား ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ယင်းတို့အနက် အများစုမှာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ဆက်လက်ဝင်ရောက်နိုင်စေရန် "ရေနံဖြင့်ပြန်ဆပ်ရမည့် ချေးငွေများ" အဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီများသည် အထူးသဖြင့် အိုရီနိုကို (Orinoco) ရေနံမြေရှိ စွမ်းအင်စီမံကိန်းများတွင် ပါဝင်လာခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ဗင်နီဇွဲလားမှ ထွက်ရှိသော ရေနံစိမ်းသည် သန့်စင်ရန် ခက်ခဲပြီး စရိတ်ကြီးမားသော်လည်း တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုတွင် သိသာထင်ရှားသော ပမာဏအဖြစ် ပါဝင်ခဲ့ကာ ပေကျင်း၏ စွမ်းအင်အရင်းအမြစ် ရှာဖွေမှုနည်းဗျူဟာကို အထောက်အကူပြုစေခဲ့သည်။
လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာလည်း သတိကြီးစွာဖြင့် တိုးတက်လာခဲ့သည်။ ဗင်နီဇွဲလားသည် လက်တင်အမေရိကတွင် တရုတ်စစ်လက်နက်ပစ္စည်းများကို အများဆုံး ဝယ်ယူသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး တရုတ်ကျွမ်းကျင်ပညာရှင်များသည် ဗင်နီဇွဲလားပိုင်နက်အတွင်းရှိ ဂြိုဟ်တုခြေရာခံစခန်းများကို အသုံးပြုခွင့် ရရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ပေကျင်းသည် ၎င်းတို့၏ စည်းမျဉ်းများကို ရှင်းလင်းစွာ သတ်မှတ်ခဲ့သည်။ ၎င်းသည် တရားဝင် ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများ၊ အမြဲတမ်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်း သို့မဟုတ် စစ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်းတို့ကို ရှောင်ကြဉ်ခဲ့သည်။ ၎င်းမှာ တရုတ်အနေဖြင့် အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ မဟာဗျူဟာမြောက် ထိပ်တန်းဦးဆောင်မှုကို စိန်ခေါ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း ပြသသည့် လက္ခဏာရပ်များ ဖြစ်သည်။
ဗင်နီဇွဲလားအပေါ် ထားရှိသော ပေကျင်း၏ အကျိုးစီးပွားသည် ရေနံနှင့် လက်နက်ရောင်းချမှုထက် များစွာပိုမိုကျယ်ပြန့်သည်။ အဆိုပါနိုင်ငံသည် တရုတ်၏ ပိုမိုကျယ်ပြန့်သော လက်တင်အမေရိက မဟာဗျူဟာတွင် အဓိကကျသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ယင်းမဟာဗျူဟာသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးတိုးချဲ့မှု၊ ဘဏ္ဍာရေးပေါင်းစည်းမှု၊ နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အတွင်းမှ ယဉ်ကျေးမှု ဖလှယ်ခြင်းတို့ကို အလေးပေးဆောင်ရွက်သည်။ ထိုပုံစံသည် အတင်းအဓမ္မ စေခိုင်းခြင်း သို့မဟုတ် အင်အားသုံးခြင်းထက် ဆက်သွယ်မှုနှင့် စီးပွားရေးအရ အပြန်အလှန် မှီခိုမှုတို့မှတစ်ဆင့် သြဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံအား လုံခြုံရေးအရ အကာအကွယ်ပေးသူထက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုအပြီး လက်တွေ့အခြေအနေများသည် အထက်ပါ အခင်းအကျင်းကို သိသိသာသာ ပြောင်းလဲပစ်ခဲ့သည်။ မာဒူရိုအား အာဏာမှ ဖယ်ရှားလိုက်ခြင်းနှင့်အတူ အမေရိကန်သည် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုအပေါ် ထိရောက်သော ထိန်းချုပ်မှုကို ရယူ လိုက်ပြီး ရရှိလာသော ဝင်ငွေများကို လမ်းကြောင်းလွှဲခြင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံစိမ်းများ ရောက်ရှိမည့် စည်းကမ်းချက်များကို သတ်မှတ်ခြင်းတို့ ပြုလုပ်လာခဲ့သည်။ ဝါရှင်တန်သည် တရုတ် နိုင်ငံအား ဗင်နီဇွဲလားရေနံကို ဆက်လက်ဝယ်ယူခွင့် ပြုထားသော်လည်း ယခုအခါ အရောင်းအဝယ်များကို ကမ္ဘာ့ပေါက်ဈေးအတိုင်းသာ တင်းကျပ်စွာ ဆောင်ရွက်ရပြီး ပေကျင်းက ယခင်က ခံစားခဲ့ရသော အထူးအခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကိုလည်း ပျက်ပြားစေခဲ့သည်။ ထိုအပြောင်းအလဲသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာတွက်ချက်မှုများကို တိုက်ရိုက် ထိခိုက်စေသည့်အပြင် ရေနံဖြင့် အာမခံထားသော ချေးငွေများမှ ရရှိသည့် သြဇာအာဏာကိုလည်း အားနည်းသွားစေသည်။
အမေရိကန်၏ ရေနံစီးဆင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းသည် ကြွေးမြီပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းနှင့် မြီရှင်များအကြား ညှိနှိုင်းမှုများအပေါ် ဝါရှင်တန်အား သြဇာသက်ရောက်စေခဲ့ပြီး တရုတ် နိုင်ငံ၏ ကျန်ရှိနေသော ချေးငွေများ ပြန်လည်ရရှိရန် ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးခက်ခဲစေနိုင်သည်။ ရလဒ်အနေဖြင့် ကရာကတ်စ်အပေါ် ပေကျင်း၏ အပေးအယူလုပ်နိုင်စွမ်းမှာ သိသိသာသာ လျော့ကျသွားပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၏ ရေရှည်ရှင်သန်နိုင်စွမ်းကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ တရုတ်နိုင်ငံအတွက် ရင်ဆိုင်နေရသော အကြပ်အတည်းမှာ အလွန်ပြင်းထန်လှသည်။ အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေမည့် မဟာဗျူဟာမြောက် ကန့်သတ်ချက်ကို မကျော်လွန်စေဘဲ မိမိ၏ စီးပွားရေးအကျိုးအမြတ်များကို မည်သို့ကာကွယ်မည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။
ထိုဖြစ်ပေါ်တိုးတက်မှုများသည် ၂၀၂၅ ခုနှစ် အမျိုးသားလုံခြုံရေးမဟာဗျူဟာ (2025 National Security Strategy) တွင် ဖော်ပြထားသော အမေရိကန်မူဝါဒ၏ ပိုမိုကျယ်ပြန့်သော ဦးတည်ချက်နှင့် ကိုက်ညီနေသည်။ အဆိုပါ စာတမ်းသည် အနောက်ကမ္ဘာခြမ်းကို အဓိက မဟာဗျူဟာမြောက် ဦးစားပေးအဖြစ် ထပ်လောင်းအလေးပေးထားပြီး မွန်ရိုးဝါဒ (Monroe Doctrine) ၏ ယုတ္တိကို ပြတ်ပြတ်သားသား ပြန်လည်ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် ဒေသတွင်း၌ သြဇာလွှမ်းမိုး မှုရှိစေရန်နှင့် ပြင်ပအင်အားကြီးနိုင်ငံများ (အထူးသဖြင့် တရုတ်နိုင်ငံ) ၏ စစ်ရေး၊ နည်းပညာနှင့် ကုန်သွယ်ရေးဆိုင်ရာ တည်ရှိမှုများကို ကန့်သတ်ရန် ဝါရှင်တန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ပေကျင်းအတွက်မူ ထိုအခြေအနေသည် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှု (Structural Asymmetry) ကို ဖြစ်ပေါ်စေသည်။ ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများသည် အမေရိကတိုက်ရှိ အမေရိကန်၏ စစ်ရေးအရ လွှမ်းမိုးထားမှုဟူသော လက်တွေ့ဘဝကို ကျော်လွှားနိုင်ခြင်း မရှိပေ။ တရုတ်နိုင်ငံ၏ အနှစ်သက်ဆုံး နည်းလမ်းများဖြစ်သော စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးအခြေခံအဆောက်အအုံနှင့် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတို့သည် ပြတ်သားသော အင်အားသုံးဖြေရှင်းမှု (Hard Power) နှင့် ရင်ဆိုင်ရသောအခါ သဘာဝအရ အကန့် အသတ်များနှင့် ကြုံတွေ့ရသည်။ တစ်ချိန်တည်းမှာပင် အချုပ်အခြာအာဏာနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအပေါ် ပေကျင်း၏အလေးပေးမှုသည် ပြင်ပမှဝင်ရောက်စွက်ဖက်မှုများကို စိုးရိမ်ပြီး မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိန်းသိမ်းလိုသော လက်တင်အမေရိက နိုင်ငံရေး လောက၏ အချို့သော အစိတ်အပိုင်းများတွင် ဆက်လက်၍ ပဲ့တင်ထပ် လွှမ်းမိုးလျက်ရှိသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာများကို နှိုင်းယှဉ်ကြည့်ပါက ကွဲပြားခြားနားသော ကမ္ဘာ့အမြင်များကို တွေ့ရှိရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မဟာဗျူဟာတွင် ဖော်ပြထားသည့်အတိုင်း အမေရိကန်၏ ချဉ်းကပ်မှုမှာ အနောက်ကမ္ဘာခြမ်းကို လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဖြစ်မှု၊ စီးပွားရေး အရ ဆွဲဆောင်မှုနှင့် စစ်ရေးအသင့်ဖြစ်မှုတို့မှတစ်ဆင့် ပြင်ပစိန်ခေါ်သူများရန်မှ ကာကွယ်ရမည့် မဟာဗျူဟာမြောက် နယ်ပယ်တစ်ခုအဖြစ် သဘောထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုမှာမူ ပေါင်းစည်းမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံအသီးသီး၏ ရွေးချယ်မှုကို လေးစားခြင်းတို့ကို ဦးစားပေးပြီး တင်းကျပ်သော အမိန့်အာဏာထက် တဖြည်းဖြည်းချင်း လွှမ်းမိုးမှုရယူခြင်းအပေါ် မှီခိုခြင်းဖြစ်သည်။
‘မွန်ရိုးဝါဒ’ (Monroe Doctrine) နှင့် ကမ္ဘာ့အင်အားအစုအဖွဲ့များစွာ ပေါ်ထွန်းလာခြင်း (Multipolarity) သို့ ကူးပြောင်းမှု ရှုထောင့်မှကြည့်လျှင် ဗင်နီဇွဲလားဖြစ်ရပ်သည် အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်သည်။ အမေရိကန်သည် မိမိတို့၏ ဒေသတွင်းလွှမ်းမိုးမှုကို ငြင်းဆို၍မရသော အသုံးအနှုန်းများဖြင့် ထပ်မံအတည်ပြုလိုက်ပြီး တရုတ်နိုင်ငံမှာမူ မိမိ၏ မိခင်မြေနှင့် ဝေးကွာသောနေရာတွင် ရှိနေသည့် ဩဇာလွှမ်းမိုးမှု အကန့်အသတ်များကို ဝန်ခံရန် ဖိအားပေးခံလိုက်ရသည်။
တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားတွင် အရေးနိမ့်မှုများရှိနိုင်သော်လည်း ယင်းသည် ထိုဒေသမှ ဆုတ်ခွာသွားခြင်းကို မဆိုလိုပေ။ ယင်းအစား လိုက်လျောညီထွေ ပြောင်းလဲမှုကိုသာ ညွှန်ပြနေသည်။ ဘရာဇီးနှင့် မက္ကဆီကိုကဲ့သို့သော နိုင်ငံများနှင့် မိတ်ဖက်အဖြစ် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဆက်လက်ထိတွေ့ခြင်းတို့သည် ရှေ့ဆက်ရန် အစားထိုးလမ်းစများကို ဖြစ်ပေါ်စေသည်။ ပိုမိုကျယ်ပြန့်သော ရှုထောင့်အရကြည့်လျှင် သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှုနယ်ပယ်များ ပေါ်ထွက်လာခြင်းသည် အခြားနေရာများ (အထူးသဖြင့် ပေကျင်းက မိမိ၏ မဟာဗျူဟာမြောက် နယ်ပယ်အဖြစ် ပိုမိုအသိအမှတ်ပြုခံလိုသော အာရှဒေသ) ၌ တရုတ်၏ အကျိုးစီးပွားများနှင့် ကိုက်ညီနေပေလိမ့်မည်။
တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ခြင်းထက် ညှိနှိုင်းသတ်မှတ်ထားသော နယ်နိမိတ်များဖြင့်သာ ပိုမိုအဓိပ္ပာယ်ဖွင့်ဆိုလာသည့် နိုင်ငံတကာစနစ်တွင် ဝါရှင်တန်နှင့် ပေကျင်း နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ အာဏာစက်မှာ မည်မျှအထိ သက်ရောက်သနည်း၊ မည်သည့်နေရာတွင် ထိန်းသိမ်းခြင်းသည် မဟာဗျူဟာမြောက်သနည်းဆိုသည်ကို စမ်းသပ်နေကြခြင်း ဖြစ်သည်။ ၎င်း၏ ရလဒ်သည် ဗင်နီဇွဲလား၏ အနာဂတ်ကိုသာမက အင်အားအစုအဖွဲ့များစွာရှိသော ယနေ့ခေတ်ကာလတွင် ပြောင်းလဲလာနေသည့် ကမ္ဘာ့စနစ်၏ ပုံစံကိုပါ ပုံဖော်သွားမည် ဖြစ်သည်။
(RT တွင်ဖော်ပြထားသော Ladislav Zemánek ၏ “Why didn’t China protect Venezuela from the US?” ဆောင်းပါးကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)
