ငြိမ်းချမ်းရေးစားပွဲဝိုင်းနှင့် စစ်မီးလျှံကြားက အရှေ့အလယ်ပိုင်း
Posted_Date
Image
Body
ဒီနှစ် ၂၀၂၆ ခုနှစ်ရဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံရေးအခင်းအကျင်းက တကယ့်သမိုင်းဝင် အလှည့်အပြောင်းတစ်ခုဆီ ရောက်နေပါပြီ။
သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ “Board of Peace” ဖိုရမ်မှာကြေညာပြီး ရည်မှန်းချက် အလွန်ကြီးမားတဲ့ ဂါဇာငြိမ်းချမ်းရေးစီမံကိန်းကြီးနဲ့ အီရန်နိုင်ငံအပေါ် ပေးလိုက်တဲ့ ၁၅ ရက်အတွင်း အဖြေပေးရမယ်ဆိုတဲ့ နောက်ဆုံးရာဇသံဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်တွေလိုဖြစ်တဲ့ မဟာဗျူဟာမြောက်လောင်းကစားကြီးတစ်ခု ဖြစ်နေပါတယ်။
သမ္မတထရမ့်ဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းကို စစ်ပွဲတွေမရှိတဲ့၊ စီးပွားရေးအရ အောင်မြင်တဲ့ ဒေသတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ဖို့ အားခဲထားတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့လည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမယ့် ရာဇသံကို အီရန်ဆီပို့လိုက်ပြီး “သဘောတူညီချက်အသစ်ကို ၁၅ ရက်အတွင်း လက်မှတ်ထိုးပါ၊ မဟုတ်ရင်တော့ မတွေးဝံ့စရာ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်” လို့ ပြောလိုက်တာဟာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲကြားက မထင်မရှားဖြစ်နေတဲ့စည်းလေးကို ပိုပြီးတော့မှုန်ဝါးသွားစေခဲ့ပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်မှသည် အီရန်အထိ သံတမန်လောကမှာ အကြီးအကျယ်ကို ဂယက်ရိုက်ခတ်ပြီး ဒေသတွင်းတည်ငြိမ်ရေးသည်လည်း အမြင့်ဆုံးအဆင့်စိန်ခေါ်ခံလိုက်ရပါပြီ။
အမေရိကန်အစိုးရအနေနဲ့ အခုလှမ်းနေတဲ့ခြေလှမ်းဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာအမြစ်တွယ်နေတဲ့ ပဋိပက္ခများစွာကို အပြီးသတ်အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် ဒေသတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေမယ့် စစ်ပွဲအသစ်တစ်ခုကို မသိမသာစတင်လိုက်တာလားဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေ အများကြီးရှိလာပါတယ်။
ထရမ့်ဟာ အရင်တုန်းကသူလုပ်ခဲ့တဲ့ “အေဗရာဟမ်သဘောတူညီချက်” ကိုအခြေခံကာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်နေတာပါ။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ထရမ့်ရဲ့စီမံကိန်းတွေကို အမြဲတမ်း နှောင့်နှေးစေခဲ့ပါတယ်။
ဒါကြောင့်ပဲ အခုလို ၁၅ ရက် ရာဇသံဆိုတာထွက်လာတာဖြစ်ပြီး ဒါဟာ သံတမန်ရေးအရဖိအားပေးမှုသက်သက်ထက် ပိုပြင်းထန်တဲ့ စစ်ပွဲခေါ်သံတစ်ခုအဖြစ် အများက စိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။ ဒီရာဇသံမျိုးဟာ အရင်က ဘယ်အစိုးရလက်ထက်မှာမှမရှိဖူးတဲ့ ပြင်းထန်သောလုပ်ရပ်ဖြစ်ပြီး ထရမ့်ရဲ့ “Deal of the Century” ဒုတိယပိုင်း အောင်မြင်နိုင်ဖို့အတွက် ရှိသမျှအကုန်ပုံအောပြီး လောင်းကြေးထပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ်ကျင်းပခဲ့တဲ့Board of Peace ဖိုရမ်မှာ ထရမ့်က ဂါဇာကမ်းမြောင်ဒေသကို “အရှေ့အလယ်ပိုင်းရဲ့ စင်ကာပူ” လိုမျိုးဖြစ်အောင်လုပ်မယ့် မဟာစီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ ဒီစီမံကိန်းဟာ နိုင်ငံရေးထက် စီးပွားရေးကို အခြေခံထားပြီး ပါလက်စတိုင်းလူငယ်တွေအတွက် အလုပ်အကိုင်သိန်းနဲ့ချီ ဖန်တီးပေးဖို့၊ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်ဖို့နဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီစီမံကိန်းထဲမှာ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လိုမျိုးချမ်းသာတဲ့ အာရပ်နိုင်ငံတွေဆီကနေ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါဝင်နေသလို အစ္စရေးထိန်းချုပ်မှုအစား အာရပ်နိုင်ငံတွေဦးဆောင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေနဲ့ ဂါဇာကိုထိန်းကျောင်းမယ့် လုံခြုံရေးဆိုင်ရာ ပုံစံတွေလည်း ပါဝင်နေပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးလှပတဲ့ ငြိမ်းချမ်းရေး အိပ်မက်တွေပေါ်ကို အရိပ်မည်းကြီးမိုးလိုက်တာက အီရန်နိုင်ငံကိုပေးလိုက်တဲ့ ၁၅ ရက် ရာဇသံဖြစ်ပါတယ်။ ထရမ့်ကအီရန်ရဲ့ နျူကလီးယားလုပ်ငန်းစဉ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့မှုပေးနေတာတွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားတာဖြစ်ပြီး ဒါဟာ အီရန်ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီသို့ ရောက်ရှိလာအောင် အပြင်းထန်ဆုံးနည်းနဲ့ တွန်းအားပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။
တကယ်လို့ စစ်ပွဲသာ အမှန်တကယ်ဖြစ်လာရင် ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေးအိပ်မက်ဟာ လမ်းလွဲသွားရုံတင်မကဘဲ လုံးဝကို ပြာကျသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ အီရန်က သူတို့ရဲ့ဒုံးကျည်တွေနဲ့ ဆော်ဒီတို့၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာရှိတဲ့ရေနံစခန်းတွေကို ပြန်တိုက်လာမယ်ဆိုရင် အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ဂါဇာပြန်လည်တည်ဆောက်ရေးမှာ မသုံးနိုင်တော့ဘဲ ကိုယ့်နိုင်ငံလုံခြုံရေးအတွက်ပဲ အကုန်အကျခံရတော့မှာပါ။ အဲဒါအပြင် ဟစ်ဇဘိုလာနဲ့ ဟူသီတို့လို အဖွဲ့တွေကလည်း အစ္စရေးနဲ့ အမေရိကန်စခန်းတွေကို ဘက်ပေါင်းစုံက တိုက်ခိုက်လာမယ်ဆိုရင် ဂါဇာဒေသဟာ ပြန်လည် တည်ဆောက်ရေးဇုန် ဖြစ်မလာတော့ဘဲ သွေးချောင်းစီးတဲ့ စစ်တလင်းကြီး ပြန်ဖြစ်သွားပါလိမ့်မယ်။
စစ်ဖြစ်ပြီဆိုတာနဲ့ ဟော်မုရေလက်ကြားပိတ်ဆို့ခံရမှာဖြစ်လို့ ကမ္ဘာ့ရေနံဈေးတွေလည်း အဆမတန် တက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အမေရိကန်ပြည်တွင်းစီးပွားရေး ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်မှာ ဖြစ်သလို စီးပွားရေးအရအကျိုးအမြတ်နဲ့ ငြိမ်းချမ်းရေးကို လဲလှယ်မယ့် သူ့ရဲ့ဗျူဟာသည်လည်း စီးပွားရေးပျက်ကပ်အောက်မှာ အသက်ရှူရပ်သွားနိုင်ပါတယ်။
အခုဆိုရင် အစ္စရေးနိုင်ငံအတွင်းမှာ လုံခြုံရေးသတိပေးချက်တွေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပါတယ်။ အစ္စရေးအစိုးရက ဒေါ်နယ်ထရမ့်ရဲ့ ရာဇသံကိုထောက်ခံပေမယ့်၊ တစ်ဖက်မှာလည်း အီရန်နိုင်ငံက လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုကြောင့် မြောက်ဘက်နယ်စပ်ကနေ ဒုံးကျည်တွေ မိုးရွာသလိုကျလာမှာကိုတော့ တကယ်ပဲစိုးရိမ်နေရပါတယ်။ စစ်ရေးဗျူဟာရေးဆွဲသူတွေ ပြောတာကတော့ အီရန်နိုင်ငံဟာသူတို့ရဲ့ နျူကလီးယားစခန်းတွေကို ကာကွယ်ဖို့အတွက် နည်းပညာမြင့်ကာကွယ်ရေးအလွှာအသစ်တွေကို အလျင်အမြန်တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒါဟာ အနောက်အုပ်စုအတွက် တိုက်ခိုက်ဖို့ ပိုခက်ခဲသွားစေမယ့် စိန်ခေါ်မှုတစ်ခုဖြစ်သလို စစ်ပွဲဖြစ်ခဲ့ရင်လည်း အကျအဆုံးပိုများစေမယ့် အချက်ပါပဲ။
အမေရိကန်ပြည်တွင်းမှာလည်း ထရမ့်ရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ဝေဖန်တာတွေ အများကြီးရှိနေပါတယ်။ ဒီမိုကရက်တွေကတော့ ၁၅ ရက် ရာဇသံဟာ သံတမန်နည်းလမ်းကို ကုန်စင်အောင်မသုံးဘဲ စစ်ပွဲထဲကို အတင်းတွန်းပို့နေတာလို့ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ အီရန်ရဲ့ ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဒါဟာတစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အီရန်သာ အလျှော့ပေးရင် ဒေသတွင်းမှာ အရင်ကထက်ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။
ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့အနေနဲ့လည်း ဒီတင်းမာမှုတွေကြားမှာ အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြရပါတယ်။ သူတို့ဟာ ထရမ့်ရဲ့စီးပွားရေး စီမံကိန်းတွေကို သဘောကျပေမယ့် စစ်ပွဲဖြစ်လာရင်တော့ သူတို့ရဲ့ခေတ်မီမြို့ကြီးတွေပါ မီးဟုန်းဟုန်းတောက်မှာကိုစိုးရိမ်နေကြတာပါ။ ဒါကြောင့် အခု ၁၅ ရက်အတွင်း ကန့်လန့်ကာနောက်ကွယ်က သံတမန်ရေးရာ ဆွေးနွေးမှုတွေဟာ အပြင်းအထန် ဖြစ်နေမှာ သေချာပါတယ်။
တူကီယဲနဲ့ ကာတာတို့လို ကြားခံနိုင်ငံတွေကလည်း စစ်ပွဲကိုရှောင်လွှဲဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အကယ်၍ ဒီသံတမန်လမ်းကြောင်းတွေသာ ကျရှုံးခဲ့ရင် အရှေ့အလယ်ပိုင်းဟာ နျူကလီးယား အိပ်မက်ဆိုးတွေနဲ့ လက်နက်ပြိုင်ပွဲတွေကြားထဲမှာ ပိတ်မိသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ၁၅ ရက် ရာဇသံဟာ အီရန်ကို ဒူးထောက်စေမလား ဒါမှမဟုတ် အီရန်ကိုပိုပြီး ထိပ်တိုက်ရင်ဆိုင်လာအောင် တွန်းပို့လိုက်မလားဆိုတာကတော့ အဖြေထွက်ဖို့ သိပ်မလိုလောက်တော့ပါဘူး။
နောက်ဆုံးအနေနဲ့ပြောရရင် ရှေ့လာမယ့် ၁၅ ရက်ဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နောင်ဆယ်စုနှစ်ပေါင်းများစွာအတွက်ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အချိန်ကာလပါပဲ။ ထရမ့်ဟာ ငြိမ်းချမ်းရေးရဲ့ ဗိသုကာကြီးအဖြစ် Board of Peace မှာ နေရာယူနိုင်မလား၊ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသကို အကြီးမားဆုံး စစ်ပွဲကြီးဆီကို ခေါ်ဆောင်သွားသူ ဖြစ်မလားဆိုတာ အီရန်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ အလုံးစုံမူတည်နေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲရဲ့ခြိမ်းခြောက်မှုအောက်မှာတကယ်ပဲ ခိုင်မာစွာတည်ဆောက်လို့ ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာ့သမိုင်းမှာ အဖြေထွက်လာတော့မှာပါ။ ထရမ့်ရဲ့ “ရာစုနှစ်ရဲ့သဘောတူညီချက်” ဒုတိယပိုင်း အောင်မြင်မှုဟာ အီရန်အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဒီ ၁၅ ရက်ဟာ ကမ္ဘာကြီးအတွက် အသက်ရှူရပ်လုမတတ် စောင့်ကြည့်ရမယ့်ရက်တွေ ဖြစ်လာပါလိမ့်မယ်။
ဒီအတောအတွင်း အီရန်ရဲ့ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း အငြင်းပွားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ကတော့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကို မခံနိုင်တော့လို့ ညှိနှိုင်းချင်ကြပေမယ့် တချို့ကအမေရိကန်ရဲ့ ရာဇသံကို လက်မခံဘဲ တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ ဒီလိုပြည်တွင်းရေး အားပြိုင်မှုတွေကလည်း ထရမ့်ရဲ့ ရာဇသံအပေါ်ပေးမယ့်အဖြေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သံတမန်ရေးရာအရ အဖြေရှာမရဘဲ စစ်ရေးအရအဖြေရှာဖြစ်ခဲ့ရင် ဂါဇာကမ်းခြေမှာ ဆောက်ဖို့ပြင်ထားတဲ့ ဟိုတယ်တွေနဲ့ ဆိပ်ကမ်းတွေအစား ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ဗုံးခိုကျင်းတွေကိုပဲ မြင်တွေ့ရတော့မှာပါ။ ဒါဟာ အရှေ့အလယ်ပိုင်းသား တွေအတွက် တကယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ အလှည့်အပြောင်း ဖြစ်လာမှာပါ။
ဒါကြောင့် အရှေ့အလယ်ပိုင်းရဲ့ ငြိမ်းချမ်းရေးလား၊ စစ်ပွဲလားဆိုတဲ့ ချိန်သီးဟာ အခု ၁၅ ရက်အတွင်းမှာ ဘယ်ဘက်ကိုယိုင်မလဲဆိုတာ ပြတ်ပြတ်သားသား သိရတော့မှာပါ။ ထရမ့်ရဲ့ ရဲရင့်တဲ့လောင်းကစားဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမလား၊ ဒါမှမဟုတ် ကပ်ဘေးကြီးကို ဖိတ်ခေါ်လိုက်တာလားဆိုတာ ကမ္ဘာ့သမိုင်းစာမျက်နှာသစ်မှာ ရေးထိုးဖို့ အသင့်ဖြစ်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကို ထာဝရပြောင်းလဲပစ်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အခုဆိုရင် မိမိတို့အားလုံးဟာ သမိုင်းဝင် အပြောင်းအလဲကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ ရောက်နေကြတာပဲ ဖြစ်တယ်လို့ ဆိုရပါတော့မယ်။ ။
Ref: Sputnik, ST
MWD
