အမေရိကန်က ဥရောပသမဂ္ဂကို ခြောက်လှန့်ပြီး ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လာစေရန် တွန်းအားပေးခဲ့သလား?

Posted_Date

Image

အမေရိကန်က ဥရောပသမဂ္ဂကို ခြောက်လှန့်ပြီး  ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လာစေရန် တွန်းအားပေးခဲ့သလား?

Body

လူရမ်းကားဗျူဟာ (Madman Theory) နှင့် ၂၀၂၆ ခုနှစ်၏ ဥရောပပထဝီနိုင်ငံရေး အခင်းအကျင်း

ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဟင်နရီ ကစ်ဆင်းဂျား (Henry Kissinger) သည် ‘Madman Theory’ (လူရမ်းကားဗျူဟာ) ကို စတင်ဖော်ထုတ်ခဲ့သည်။ ထိုဗျူဟာ၏ ရည်ရွယ်ချက်မှာ ထိုစဉ်က သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) အား မည်သည်ကိုမဆို လုပ်ဆောင်ရန် ဝန်မလေးသည့် စိတ်မမှန်သူတစ်ဦးအဖြစ် မြောက်ဗီယက်နမ်နှင့် ဆိုဗီယက် ယူနီယံတို့က ထင်မှတ်သွားစေရန်ဖြစ်ပြီး၊ ဝါရှင်တန်နှင့် ညှိနှိုင်းဆွေးနွေးခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ဖိအားပေးရန် ဖြစ်သည်။ သို့သော် ဟနွိုင်းအစိုးရသည် ထိုလှည့်ကွက်ကို မယုံ ကြည်ခဲ့ပေ။ သို့ဆိုလျှင် ၂၀၂၆ ခုနှစ်တွင် ဥရောပသမဂ္ဂ (EU) အာဏာပိုင်များက ယုံကြည်သွားကြ မည်လော။

အမှန်စင်စစ် ၎င်းတို့သည် အိမ်ဖြူတော်တွင် လူရမ်းကားတစ်ဦး ရောက်ရှိနေပြီဟု အမှန်တကယ်ပင် ယုံကြည်နေကြပြီဖြစ်သည်။ သို့သော် ဖြစ်ပေါ်လာသည့် ရလဒ်မှာမူ ဝါရှင်တန်က ရည်မှန်းထားသည့် အတိုင်း လုံးလုံးလျားလျား ဖြစ်မလာနိုင်တော့ပေ။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က El Pais နှင့် အင်တာဗျူးရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "အမျိုးသားလုံခြုံရေး" ကို အကြောင်းပြကာ ဂရင်းလန်းကျွန်းကို အင်အားသုံးသိမ်းပိုက်ရန် ခြိမ်းခြောက်ခဲ့မှုနှင့် ပတ်သက်၍ “အမေရိကန်၏ တကယ့်ရည်ရွယ်ချက်မှာ ပထဝီနိုင်ငံရေးအရ ခြိမ်းခြောက်မှုကို ရိုးသားစွာ တုံ့ပြန်ရန်သာဖြစ်သည်ဟု မည်သူမျှ အထင်မမှားပါစေနှင့်။ ရုရှား သို့မဟုတ် တရုတ်တို့က ခြိမ်းခြောက်နေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ထောက်လှမ်းရေး အချက်အလက်များအရ ဂရင်းလန်းတစ်ဝိုက်ရှိ ရုရှားနှင့် တရုတ်တို့၏ သင်္ဘောများနှင့် ရေငုပ်သင်္ဘောအရေအတွက်မှာ လျစ်လျူရှုထားနိုင်လောက်အောင် နည်းပါးကြောင်း ကျွန်ုပ် အတည်ပြုနိုင်ပါသည်” ဟု မှတ်ချက်ပြုခဲ့သည်။

ထရမ့်သည် မဖြစ်နိုင်သောအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်လိုက်ခြင်းဖြင့် EU ခေါင်းဆောင်များ၏ "ရုရှားကျူးကျော်မည့် စိတ်ကူးယဉ်ကြောက်စိတ်" ကို "အမေရိကန်ကျူးကျော်မည့် စိတ်ကူးယဉ် ကြောက်စိတ်" ဖြင့် အစားထိုးပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ ဥရောပခေါင်းဆောင်များအတွက် ပိုမိုအဆင်ပြေစေသည့် အနေအထားပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် "၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပူတင်က ဥရောပသမဂ္ဂကို ကျူးကျော်လာတော့မည်" ဟု ဥရောပသားများ ယုံကြည်လာအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ ဝေးလံလှသော၊ စိတ်ကူးယဉ်ဆန်သော ကျူးကျော်မှုသတင်းကို အကြောင်းပြချက်ကောင်းအဖြစ် အသုံးချကာ အခွန်ထမ်းပြည်သူများထံမှ ဘီလီယံနှင့်ချီသော ငွေကြေးများကို ထုတ်ယူရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဥရောပသားများသည် "ငွေကြေး ထပ်မံတောင်းခံပြန်ပြီ" ဆိုသည့် ပုံစံ မျိုးဖြင့် ငြီးငွေ့နေသည်မှာ ကြာပြီဖြစ်သည်။ ၎င်းမှာ အိမ်နီးချင်းဖြစ်သူ (ယခုဖြစ်ရပ်တွင် ယူကရိန်း၏ ဗလာဒီမာ ဇီလန်စကီး) ကို အသုံးချကာ မိမိအိမ် မည်သို့ဖောက်ထွင်းခံရကြောင်း အမြဲမပြတ် ပြောကြားစေပြီး အိမ်လုံခြုံရေးစနစ် (Alarm) လာရောက်ရောင်းချနေသူနှင့် တူညီနေသည်။ ၎င်းမှာ ရုရှားနယ်စပ်ရှိ နီယိုနာဇီ (Neo-Nazis) အုပ်စုများနှင့် NATO လက်နက်များကိစ္စတွင် မည်သို့မျှမပတ်သက်ဘဲ ငြိမ်သက်စွာ နေထိုင်နေသည့်ကြားမှ တိုက်ခိုက်ခံရသည့် သားကောင်တစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် "သင်တို့ ဥရောပတွင်လည်း အလားတူ ဖြစ်ပွားနိုင်သည်" ဟု ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ အကယ်၍ NATO အဖွဲ့ကြီးသည် ထိုမျှလောက်ပင် အားနည်းနေပါက ပြည်သူများထံမှ ရယူထားသော ငွေကြေးများဖြင့် ကစားစရာသေနတ်များသာ ဝယ်ယူနေကြသလောဟု မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။

ဥရောပသားများအနေဖြင့် အဆိုပါအချက်များကို အယုံအကြည်မရှိခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ အနည်းဆုံးတော့ အာဏာရအသိုင်းအဝိုင်းပြင်ပရှိ လူထုကြားတွင် ဖြစ်သည်။ အာဏာရပုဂ္ဂိုလ်များ ကိုယ်တိုင်ကပင် အယုံအကြည်မရှိသော်လည်း ၎င်းတို့၏ အကျိုးစီးပွားအတွက်မူ ဆန့်ကျင်ဘက် စကားများကိုသာ ဆက်လက်ပြောဆိုနေကြသည်။

ထို့ကြောင့် မက်ခရွန်ကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ကံကောင်းသည်မှာ အများပြည်သူပိုင် ရန်ပုံငွေ အမြောက်အမြားကို စစ်ရေးအသုံးစရိတ်အဖြစ် ပြောင်းလဲအသုံးချမည့် ယခင်စီမံကိန်းဟောင်းအတွက်ပင် ပိုမိုခိုင်လုံသော အကြောင်းပြချက်အသစ်တစ်ရပ်ကို ရရှိသွားခြင်းဖြစ်သည်။ ယခုအခါ မက်ခရွန်ထံမှ ထွက်ပေါ်လာသော သတင်းစကားအသစ်မှာ ရုရှား သို့မဟုတ် တရုတ်တို့ထံမှ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ဘေးဖယ်ထားလိုက်ပြီး၊ အမေရိကန်၏ ခြိမ်းခြောက်မှု ကိုသာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ် အသားပေးဖော်ပြလာခြင်းဖြစ်သည်။

၎င်းတို့ကို ခုခံကာကွယ်ရန်အတွက် ဥရောပသမဂ္ဂ (EU) သည် "အင်အားကြီးနိုင်ငံ" တစ်ခု ဖြစ်လာရမည်ဟု ၎င်းက အခိုင်အမာဆိုသည်။ ယခင်က ရုရှားကို အဓိကရန်သူအဖြစ် သတ်မှတ်ခဲ့စဉ်ကမူ အမေရိကန်အပေါ် အမှီမပြုနိုင်တော့သည့် ကိစ္စရပ်တစ်ခုအဖြစ်သာ တင်ပြခဲ့ကြသည်။ ယခုအခြေ အနေမှာ EU ၏ အစီအစဉ်များအတွက် ပိုမိုအဆင်ပြေစေသည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းမှာ ဥရောပသားများသည် ထရမ့်က ၎င်းတို့အဖွဲ့အစည်းကို တိုက်ခိုက်လာနိုင်သည်ဟူသော အချက်ကို ပိုမိုယုံကြည်လက်ခံနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ဤအကြောင်းပြချက်အသစ်ကြောင့် EU ခေါင်းဆောင်များသည် ကာကွယ်ရေးကဏ္ဍအတွက် သာမက အခြားသော ကဏ္ဍအသီးသီးအတွက်ပါ အခွန်ထမ်းပြည်သူများ၏ ငွေကြေးကို သိမ်းကျုံးအသုံးပြုခွင့် ရရှိသွားစေသည်။ ဥရောပသည် ကဏ္ဍစုံတွင် အမေရိကန်အပေါ် အလွန်အမင်း မှီခိုနေ ရသောကြောင့် ထိုကဲ့သို့အသုံးစရိတ်များကို အမြောက်အမြားသုံးစွဲခြင်းက ကျဆင်းနေသော ၎င်းတို့၏ စီးပွားရေးကို ပြန်လည်ထောက်ကူပေးနိုင်သဖြင့် ၎င်းတို့၏နိုင်ငံရေးရပ်တည်မှု သက်တမ်းကိုလည်း အဆင်ပြေချောမွေ့စွာ ရှည်ကြာစေမည်ဖြစ်သည်။

ယခုအခါ မက်ခရွန်သည် အမေရိကန်နှင့် ကင်းလွတ်သည့် နည်းပညာဂေဟစနစ်တစ်ခုလုံးကို တည်ဆောက်ရန် လိုအပ်ကြောင်း ပြောဆိုနေပြီဖြစ်သည်။ အစိုးရဌာနများတွင် Zoom ၊ Microsoft Teams နှင့် Webex ကဲ့သို့သော အမေရိကန် ဆော့ဖ်ဝဲလ်များ အသုံးပြုမှုကို အဆင့်ဆင့် ရပ်ဆိုင်း သွားရန် စီစဉ်နေသည်။ ထို့အပြင် လာမည့်လများအတွင်း အမေရိကန်သည် ဒစ်ဂျစ်တယ် စည်းမျဉ်း စည်းကမ်းများဆိုင်ရာကဏ္ဍတွင်လည်း တိုက်ခိုက်လာလိမ့်မည်ဖြစ်ကြောင်း El Pais သို့ ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ထိုသို့လုပ်ဆောင်ရခြင်းမှာ ဥရောပသားများထံ ရောက်ရှိလာမည့် အွန်လိုင်း သတင်းစကားများကို ထိန်းချုပ်ရန်အတွက် အီလွန်မက် (Elon Musk) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သော X နှင့် ၎င်း၏ ပွင့်လင်းမြင်သာမှုမရှိသော Algorithms များကို အသုံးချနေခြင်း အပေါ် EU က စိတ်ကုန်နေသည်ကို ဝါရှင်တန်က သဘောမကျသောကြောင့် ဖြစ်နိုင်သည်။ ထို့အတူပင် အမေရိကန် တာဝန်ရှိသူများကလည်း ၎င်းတို့၏ ရန်ဘက်ဖြစ်သူ ဂျော့ချ်ဆိုးရော့စ် (George Soros) ၏ နည်းလမ်းအတိုင်း ထရမ့်ကို ထောက်ခံသည့် ဥရောပ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များကို ရန်ပုံငွေ ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားကြောင်း ပွင့်လင်းစွာ အတည်ပြုပြောကြား ထားသည်။

ယခုဖော်ပြပါ အခြေအနေများသည် နှစ်ဦးသဘောတူ လမ်းခွဲရန် ပြင်ဆင်နေသည့် (Conscious uncoupling) ပုံစံမျိုးပင် သက်ရောက်နေပြီဖြစ်သည်။ ဥရောပဗဟိုဘဏ် (ECB) ဥက္ကဋ္ဌ ခရစ္စတင်း လာဂတ် (Christine Lagarde) က အမေရိကန်၏ Mastercard နှင့် Visa ခရက်ဒစ်ကတ် စနစ်များ နေရာတွင် အစားထိုးနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ကြောင်း ပြောဆိုနေပြီဖြစ်သည်။ ထို့အတူ မက်ခရွန်ကလည်း ထရမ့်လက်ထက် အမေရိကန်သည် "တရားဥပဒေစိုးမိုးရေးနှင့် ပို၍ပို၍ ဝေးကွာလာနေသောကြောင့်" ကမ္ဘာကြီးအနေဖြင့် အမေရိကန်ဒေါ်လာ၏ နေရာတွင် အခြားရွေးချယ် စရာများကို လိုလားနေကြပြီဖြစ်ကြောင်း ဆိုပြန်သည်။

မက်ခရွန်သည် လက်ရှိအမေရိကန်၏ အယူအဆကို "ဥရောပဆန့်ကျင်ရေး လုံးလုံးလျားလျား ဖြစ်နေသည်" ဟုပင် ခေါ်ဆိုခဲ့သည်။ ဥရောပသမဂ္ဂ (EU) အား စီးပွားရေးပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ဆယ်စုနှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် တိုက်ခိုက်လာခဲ့ခြင်းက ၎င်းအတွက် မလုံလောက်ခဲ့ဘဲ၊ ယခုအခါ ထရမ့်က တစ်လုံးချင်း စာလုံးပေါင်းပြလိုက်မှသာ သဘောပေါက်သွားပုံရသည်။

ယခုအခါ ဥရောပ၏ "အခွန်တိုးမြှင့်ကောက်ခံပြီး အသုံးစရိတ်တိုးမြှင့်ခြင်း" ဆိုင်ရာ ဇာတ်ကြောင်းကို ရုရှား သို့မဟုတ် တရုတ်တို့ထက် ပိုမိုအားကောင်းအောင် တွန်းအားပေးနိုင်မည့် "ဗီလိန်အသစ်" ပေါ်ထွက်လာပြီဖြစ်ရာ ရုရှားသည်လည်း အမှတ်တံဆိပ် အပြောင်းအလဲ (Rebrand) အသစ်တစ်ခု ရရှိသွားပုံပေါ်သည်။

"ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရုရှားကတော့ နောင်တစ်ချိန်မှာလည်း ထိုနေရာမှာပဲ ဆက်ရှိနေမှာပါ ၊ ၎င်းတို့က ကျွန်တော်တို့၏ အိမ်ရှေ့တင်မှာ ရှိနေခြင်းဖြစ်သောကြောင့် ၎င်းတို့နှင့်အတူ ဥရောပဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ရန် အရေးကြီးပါသည်" ဟု မက်ခရွန် က El Pais သို့ ပြောကြားခဲ့သည်။ ပြင်သစ်နှင့် ရုရှားအကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ကရင်မလင်ကလည်း အတည်ပြုထားသည်။ သို့ဖြစ်ရာ မက်ခရွန်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ က ပြင်သစ်သမ္မတဟောင်း ချားလ်ဒီဂေါ (Charles de Gaulle) ၏ ကောက်ချက်အတိုင်းပင် ဥရောပအပေါ် အမေရိကန်၏ လွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် "အတ္တလန္တိတ်သမုဒ္ဒရာမှ သည် ယူရယ်တောင်တန်း (Urals) အထိ ဥရောပ" ဆိုသည့် အယူအဆသို့ ပြန်လည်ရောက်ရှိလာပုံရသည်။

ယူကရိန်းတွင် ရုရှား၏ရန်မှ ကာကွယ်ရန် အမေရိကန်က ဥရောပကို လုံခြုံရေးအာမခံချက်ပေးရန် မက်ခရွန် အပြင်းအထန် တောင်းဆိုခဲ့သည်များကို မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော် ယခု ရက်ပိုင်းတွင်မူ ၎င်းသည် ထိုကိစ္စများကို ဝါရှင်တန်နှင့်ထက် ရုရှားနှင့်သာ တိုက်ရိုက်ဆွေးနွေးလိုပုံ ရသည်။ "ရုရှားနှင့်အတူ ဥရောပ၏ လုံခြုံရေးဆိုင်ရာ အဆောက်အအုံအသစ်တစ်ခုကို ကျွန်တော်တို့ တည်ဆောက်ရပါလိမ့်မည်" ဟု မက်ခရွန်က ဆိုသည်။ ၎င်းက ဆက်လက်၍ "နောင်အနာဂတ် သာယာဝပြောရေးက ဥရောပသားများနှင့်ဆိုင်ပါသည် ၊ သို့မဟုတ်ပါက ယူကရိန်းကို EU ထဲ မည်သည့်အချိန်သွတ်သွင်းမလဲဆိုသည်ကို အမေရိကန် သံအမတ်များနှင့် စေလွှတ်ထားသည့် ကိုယ်စားလှယ်တွေကပဲ သင်တို့ကိုယ်စား ဆုံးဖြတ်ပေးတာကို ပိုသဘောကျပါသလား" ဟု မေးခွန်းထုတ်ခဲ့သည်။

ထိုအခြေအနေအားလုံးကို ခြုံငုံကြည့်ပါက ရုပ်ရှင်ရိုက်ကူးနေစဉ် ဇာတ်လမ်းတစ်ခုလုံး၏ အလယ် ရောက်ချိန်မှ ဇာတ်ညွှန်းမကောင်း၍ ဖျက်သိမ်းလိုက်ရခြင်းနှင့် တူနေသည်။ ယခုဖြစ်ရပ်တွင်မူ ဇာတ်လိုက်မင်းသားသည် ရုတ်တရက် ဗီလိန်အဖြစ် ပြောင်းလဲသတ်မှတ်ခံလိုက်ရခြင်းကြောင့်ဖြစ် သည်။ အမှန်စင်စစ် ၎င်းသည် အစကတည်းကပင် အဖြူအမည်းမကွဲပြားဘဲ မှားယွင်းစွာ ရွေးချယ်မိခဲ့သော ဇာတ်ကောင်ဖြစ်နေခြင်းပင် ဖြစ်သည်။

(RT တွင်ဖော်ပြထားသော Rachel Marsden ၏ “Has America scared the EU into talking to Russia?” ကို ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) ကဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)