နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီး ဝယ်ယူလို့ရနိုင်မလား
Posted_Date
Image
Body
နိုင်ငံတစ်နိုင်ငံကို ငွေပေးပြီးဝယ်ယူလို့ရနိုင်မလားဆိုသည့် မေးခွန်းမျိုးက ယခုခေတ်တွင် ရယ်စရာဖြစ်နေလိမ့်မည်ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ယူရန်စိတ်ကူးကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး ဒိန်းမတ်က ငြင်းပယ်ပါက ပိုမိုပြတ်သားသော အစီအမံများလုပ်ဆောင်ရန် ဝန်မလေးကြောင်းပြောခဲ့စဉ်က ဥရောပတစ်လွှားတုံ့ပြန်မှုများမှာပြင်းထန်ပြီး မကျေမနပ်ဖြစ်ကြသည်။ ထိုအဆိုပြုချက်က ခေတ်နောက်ပြန်ဆွဲနေပြီး ခေတ်သစ်နိုင်ငံတကာ နိုင်ငံရေးလောကတွင်မရှိတော့သည့် နယ်ချဲ့ခေတ်က မြင်းကုန်သည်လုပ်ငန်းနှင့် တူနေသည်ဟု ရှုမြင်ကြသည်။
သို့သော် ထိုသို့မကျေမနပ်ဖြစ်ခြင်းမှာ စိတ်မသက်မသာဖြစ်ဖွယ်သမိုင်းဝင်အမှန်တရားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုကိုတော်လှန်ရေးနှင့်စစ်ပွဲများဆင်နွှဲခြင်းဖြင့်သာ တည်ဆောက်သည်မဟုတ်ဘဲ ဝယ်ယူမှုများဖြင့်လည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရောင်းချသူဘက်က ရွေးချယ်စရာအကန့်အသတ်ရှိနေသည့် အင်အားချိန်ခွင်လျှာ အခြေအနေများကို အခွင့်ကောင်းယူကာ အကြီးစား နယ်မြေဝယ်ယူမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုန်းမြေကျယ်ကြီးများမှသည် မဟာဗျူဟာကျသော ကျွန်းများအထိ အမေရိကန်သည် ဩဇာအာဏာကို အသုံးချကာ ချက်လက်မှတ်များရေးပြီး ၎င်း၏နယ်နိမိတ်ကို ထပ်ခါတလဲလဲ ချဲ့ထွင်ခြင်းဖြစ်သည်။
ယခုခေတ်တွင် နယ်မြေဝယ်ယူခြင်းဟူသည့် အယူအဆမှာ နားဝင်မချိုသော်လည်း ယနေ့ကျွန်ုပ်တို့သိထားသော အမေရိကန်မြေပုံပေါ်ပေါက်လာရန် ထိုသို့သော အကြီးစားအရောင်းအဝယ်များက ကူညီပေးခဲ့သည်ကို သတိရသင့်သည်။ ဂရင်းလန်းကျွန်း အချေအတင်ဆွေးနွေးမှုများ အဘယ်ကြောင့် ဤမျှအရေးပါနေသည်ကို သိရှိရန် အမေရိကန်မြေပုံကို ပြန်လည်ရေးဆွဲနိုင်ခဲ့သည့် အဓိကနယ်မြေဝယ်ယူမှုများကို ပြန်ပြောင်းလေ့လာရမည်ဖြစ်သည်။
လူဝီစီယားနား - အကြီးဆုံးအရောင်းအဝယ်၁၇ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ရှာဖွေရေးသမားများသည် မစ္စစ္စပီမြစ်ဝှမ်းသို့ရောက်ရှိပြီး ထိုကျယ်ပြန့်သောနယ်မြေကိုသိမ်းပိုက်ကာ ဘုရင်လူဝီ ၁၄ ကို အစွဲပြု၍ “လူဝီစီယားနား” ဟု အမည်ပေးလိုက်သည်။ ၁၇၁၈ ခုနှစ်တွင် မစ္စစ္စပီမြစ်ဝ၌ နယူးအော်လင်းမြို့ကို တည်ထောင်ခဲ့သည်။ လူဝီဘုရင်သည် လူဖြူများနှင့် လူမည်းများမှ မွေးဖွားလာသော ကလေးများကို လွတ်လပ်ခွင့်ပေးသည့် မူဝါဒများချမှတ်ကာ အခြေချနေထိုင်သူဦးရေကို တိုးမြှင့်ခဲ့သော်လည်း လူဦးရေမှာ ကျဲပါးနေဆဲဖြစ်သည်။ ထို့ပြင် ဆိုးရွားသောရာသီဥတုတွင်နေထိုင်ရမှု၊ တိုင်းရင်းသားများနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတို့ရှိသဖြင့် အခြေချနေထိုင်နိုင်ရေးခက်ခဲရသည်။
ရလဒ်အနေဖြင့် ပြင်သစ်တို့သည် ဤကျယ်ပြောလှသောနယ်မြေကို တန်ဖိုးအထူးမထားခဲ့ပေ။ ထိုစဉ်က ပြင်သစ်ပိုင် လူဝီစီယားနားသည် ယနေ့ခေတ်လူဝီစီယားနားပြည်နယ်သာမက အာကန်ဆက်၊ အိုကလာဟိုးမား၊ ကန်ဆပ်၊ မစ်ဆိုရီ၊ ကော်လိုရာဒို၊ ဝိုင်အိုမင်း၊ မြောက်နှင့် တောင်ဒါကိုတာ၊ မင်နီဆိုတာ၊ အိုင်အိုဝါ၊ မွန်တားနား၊ နီဘရားစကား၊ တက္ကဆက်၊ နယူးမက္ကဆီကိုနှင့် ကနေဒါနိုင်ငံ၏ အစိတ်အပိုင်းအချို့အထိ ကျယ်ပြန့်သည်။ သို့သော်လည်း နယူးအော်လင်းမြို့မှအပ ကျန်နေရာများတွင် ပြင်သစ်လူမျိုးများကိုရှာဖွေတွေ့ရှိရန်ခက်ခဲခဲ့သည်။
၁၇၆၃ ခုနှစ်၌ ခုနစ်နှစ်စစ်ပွဲ (Seven Years’ Warအပြီးတွင် ပြင်သစ်ကလူဝီစီယားနားကို စပိန်ထံသို့ပေးအပ်လိုက်ရသည်။ စပိန်အုပ်ချုပ်ရေးသည် ပြင်သစ်အခြေချသူများကို နှိပ်ကွပ်ခြင်းမရှိဘဲ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့သော်လည်း တိုင်းရင်းသားများမှအပ ဤကျယ်ပြန့်သော နယ်မြေကြီးမှာ လူသူကင်းစင်နေဆဲဖြစ်သည်။ လူမည်းများအပါအဝင် အခြေချနေထိုင်သူစုစုပေါင်းမှာ သောင်းဂဏန်းမျှသာရှိသည်။
၁၉ ရာစုအစောပိုင်းတွင် ဥရောပ၌ အပြောင်းအလဲများစွာဖြစ်ပေါ်သည်။ နပိုလီယံသည် ပြင်သစ်၏ ပင်လယ်ရပ်ခြားအင်ပါယာကို ပြန်အသက်သွင်းရန် လူဝီစီယားနားကို ပြန်လည်ထိန်းချုပ်သည်။ သို့သော် ဟေတီတွင် ပြင်သစ်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်ကြိုးပမ်းမှုမှာ လူမည်းတော်လှန်ရေးသမားများနှင့် အပူပိုင်းဒေသရောဂါများကြောင့် ကျရှုံးခဲ့ရသည်။
ထိုအခြေအနေတွင် နပိုလီယံသည် လူဝီစီယားနားကိုဆက်လက်ထိန်းထားနိုင်မည်မဟုတ်ဘဲ အင်္ဂလိပ် သို့မဟုတ် အမေရိကန်တို့က အလွယ်တကူ သိမ်းပိုက်သွားမည်ကို သဘောပေါက်ခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် မစ္စစ္စပီမြစ်ဝကိုထိန်းချုပ်ရန် လိုအပ်နေသော်
လည်း ပြင်သစ်၏ ရန်စမှုကို စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သမ္မတ သောမတ်ဂျက်ဖာဆန် က လူဝီစီယားနားကိုဝယ်ယူရန် ပြင်သစ်နှင့် စတင်ညှိနှိုင်းသည်။
နပိုလီယံသည် ၎င်းအနေဖြင့် အမှန်တကယ်မလိုအပ်ဘဲ မထိန်းချုပ်နိုင်သော နယ်မြေကိုရောင်းချပြီးငွေသားအစစ်အမှန်ရရှိနိုင်မည့် အခွင့်အရေးကြီးအဖြစ် မြင်ခဲ့သည်။ ဂျက်ဖာဆန်နှင့် အမေရိကန်ဘက်က ကနဦးတွင် နယူးအော်လင်းနှင့် ပတ်ဝန်းကျင်ဒေသများကိုသာ ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူရန်ရည်ရွယ်ခဲ့သော်လည်း ပြင်သစ်ဘက်က ဒေါ်လာ ၁၅ သန်းဖြင့် ကနေဒါအထိကျယ်ပြန့်သော နယ်မြေအားလုံးကို ရောင်းချမည်ဟုအံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့သည်။ သို့သော် နယူးအော်လင်းမှအပ ကျန်နယ်မြေများမှာ တိုင်းရင်းသားများနေထိုင်ရာဒေသများကို သိမ်းပိုက်ခွင့်လိုင်စင်ရောင်းချခြင်းသာဖြစ်သည်။ ပြင်သစ်တို့သည် အဆိုပါဒေသများအပေါ် ထိန်းချုပ်မှုလုံးဝမရှိသလောက်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ထိုအရောင်းအဝယ်သည် မည်သည်ကိုဆိုလိုမှန်းမသိကြပေ။ လက်တွေ့တွင် အဆိုပါနယ်မြေကျယ်ကြီး၌ အခြေချနေထိုင်သူ၆၀၀၀၀ ခန့်သာ ရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုအရောင်းအဝယ်ကြီးပြီးမြောက်သွားချိန်တွင် အမေရိကန်၏နယ်နိမိတ်မှာ တစ်ညအတွင်း နှစ်ဆတိုးသွားသည်။ အမေရိကန်နိုင်ငံကို တည်ထောင်သူတစ်ဦးဖြစ်သည့်အပြင် ထိုစဉ်က ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးဖြစ်သည့် ရောဘတ်လစ်ဗင်းစတုန်းက “ကျွန်ုပ်တို့ အသက်ရှည်ရှည်နေခဲ့ရသော်လည်း ဤအလုပ်သည် ကျွန်ုပ်တို့တစ်သက်တာတွင် အမြင့်မြတ်ဆုံးအလုပ်ဖြစ်သည်... ယနေ့မှစ၍ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံများကြားတွင်နေရာ ယူလိုက်ပြီဖြစ်သည်” ဟု ထင်ရှားစွာ ကြေညာခဲ့သည်။
ဖလော်ရီဒါ - ဖိအားပေးပြီး ဝယ်ယူခြင်း
လူဝီစီယားနားကိစ္စတွင် နှစ်ဖက်စလုံးကျေနပ်ကြသော်လည်း ဖလော်ရီဒါကိစ္စတွင်မူ ရောင်းချသူဘက်က အထူးတလည် မပျော်ရွှင်ပေ။ စပိန်တို့သည် ဖလော်ရီဒါကို ၁၅၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်းထိုစဉ်က တန်ဖိုးမထားဘဲ စစ်စခန်းအဖြစ်သာ အသုံးပြုခဲ့သည်။ ၁၈ ရာစုတွင် ဗြိတိန်က ဖလော်ရီဒါကို သိမ်းယူသော်လည်း အမေရိကန်လွတ်လပ်ရေးစစ်ပွဲအတွင်း စပိန်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လူဝီစီယားနားကဲ့သို့ပင် ပိုင်ဆိုင်မှုရှိခြင်းသည် အုပ်ချုပ်နိုင်ခြင်းကိုမဆိုလိုပေ။
ထိုအတောအတွင်း အမေရိကန်အခြေချနေထိုင်သူများသည် ဖလော်ရီဒါသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာသည်။ နယ်စပ်တွင် ပဋိပက္ခများဖြစ်ပွားပြီး အမေရိကန်များက စပိန်မြေများကို ကျူးကျော်လာသဖြင့် ဖလော်ရီဒါသည် အမေရိကန်၊ တိုင်းရင်းသားများနှင့် ဗြိတိန်တို့ ပါဝင်ပတ်သက်နေသော စစ်မြေပြင်ဖြစ်လာသည်။ စပိန်သည် ထိုကျူးကျော်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်းမရှိပေ။ ထို့ပြင် ၁၈၀၇ ခုနှစ်နှင့် ၁၈၁၄ခုနှစ်ကြားတွင် စပိန်သည် နပိုလီယံနှင့် ပြင်းထန်သောစစ်ပွဲအတွင်း ပိတ်မိနေခဲ့သည်။
စစ်ကြီးအပြီးတွင် စပိန်သည် ပျက်စီးယိုယွင်းနေပြီး ဆီမီနိုးအင်ဒီယန်းများ၏ တိုက်ခိုက်မှုကိုမကာကွယ်နိုင်တော့ပေ။ ဆီမီနိုးများကြောင့် စိတ်ပျက်နေသော အမေရိကန်တို့က ဖလော်ရီဒါ၏ နေရာအတော်များများကို သိမ်းပိုက်လိုက်ပြီး ထိုမြေမှာ စွန့်ပစ်ခံထားရသောမြေဖြစ်သည်ဟုဆိုခဲ့သည်။ စပိန်တို့က နယ်မြေကို ဒီအတိုင်းဆုံးရှုံးရမည့်အစား တစ်ခုခုရရှိလိုက်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ကြသည်။ အမေရိကန်သည် ၎င်းတို့၏ကျူးကျော်မှုကြောင့် ဖြစ်ပေါ်ခဲ့သောပျက်စီးမှုများအတွက် လျော်ကြေးအဖြစ် စပိန်ကို ဒေါ်လာ ၅ သန်း တရားဝင်ပေးအပ်သည်။ ၁၈၁၉ ခုနှစ်တွင် စပိန်သည် ဖလော်ရီဒါကို ပေးအပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဗာဂျင်ကျွန်းစု - ရွှေနဲ့ ဝယ်ယူခြင်း
၁၉ ရာစုသည် ကိုလိုနီအင်ပါယာများ၏ခေတ်ဖြစ်သော်လည်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ၂၀ ရာစု ပထမကမ္ဘာစစ်အတွင်းမှ ဝယ်ယူခြင်းဖြစ်သည်။ ကာရေဘီယံပင်လယ်ကို ထိန်းချုပ်ရန်ကြိုးပမ်းမှုနှင့်ပတ်သက်သည့်အကြောင်းပြောလျှင် ဒိန်းမတ်ကို ပြေးမြင်မည်မဟုတ်ပေ။ ၁၆၇၂ ခုနှစ်တွင် ဒိန်းမတ်အနောက်အိန္ဒိယကုမ္ပဏီက စိန့်သောမတ်နှင့် စိန့်ဂျွန်ကျွန်းငယ်များကို သိမ်းပိုက်ခဲ့သည်။ ဒိန်းမတ်တို့သည် သကြားအတွက်လုပ်ငန်းများတည်ထောင်ပြီး ကျွန်လုပ်အားကို အသုံးပြုသည်။ သို့သော် ၁၉ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့သကြားဈေးကွက် ပြိုလဲသွားသဖြင့် ဒိန်းမတ်တို့က ဤပိုင်ဆိုင်မှုကို စွန့်လွှတ်ရန် စဉ်းစားကြသည်။ ထိုစဉ်က အမေရိကန်သည် စိန့်သောမတ်ဆိပ်ကမ်းကို ဝယ်ယူရန် စိတ်ဝင်စားသော်လည်း အရောင်းအဝယ် မဖြစ်ခဲ့ပေ။ အမေရိကန်သည် အလက်စကာကို ဝယ်ယူခြင်းက ပို၍တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဟုဆုံးဖြတ်ကာ ထိန်းသိမ်းရခက်ခဲသော ထိုမြောက်ပိုင်းနယ်မြေကို ရုရှားထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် ဗာဂျင်ကျွန်းစုသည် ၂၀ ရာစုအထိ ဒိန်းမတ်လက်အောက်တွင် ကျန်ရှိနေခြင်းဖြစ်သည်။
ပထမကမ္ဘာစစ်အတွင်း အမေရိကန်သည် ဗာဂျင်ကျွန်းစုကိုဝယ်ယူရန် ပြန်လည်စဉ်းစားသည်။ ဂျာမနီက ဒိန်းမတ်ကိုသိမ်းပိုက်ပြီး ထိုကျွန်းများကိုရေငုပ်သင်္ဘောအခြေစိုက်စခန်းအဖြစ်အသုံးပြုမည်ကို စိုးရိမ်သည်ဟု အမေရိကန်ကအကြောင်းပြသည်။ ထို့ကြောင့် အမေရိကန်သည် ဗာဂျင်ကျွန်းစုကို ဝယ်ယူရန်ဆုံးဖြတ်ပြီးဒိန်းမတ်ကလည်း ငြင်းပယ်ရန်ခက်ခဲသော ကမ်းလှမ်းမှုကို ရရှိသည်။
အမေရိကန်သမ္မတဝုရိုးဝီဆင်က ဒိန်းမတ်အနေဖြင့် ထိုကျွန်းများကို မရောင်းချပါက ဂျာမန်လက်ထဲသို့ မရောက်စေရန် အမေရိကန်ကသိမ်းပိုက်မည်ဟု ပြတ်သားစွာသတိပေးခဲ့သည်။ ထို့နောက် ဝီဆင်သည်ဒိန်းမတ်ရင်ဆိုင်နေရသော ဖိအားကိုလျော့ပါးစေရန် ဒိန်းမတ်၏တစ်နှစ်တာဘတ်ဂျက် ထက်ဝက်ခန့်ရှိသောဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ ရွှေများပေးမည်ဟု ကမ်းလှမ်းကာ အပေးအယူကို မြှင့်တင်ခဲ့သည်။
ကနဦးတွင် ဒိန်းမတ်အစိုးရက တွန့်ဆုတ်နေသော်လည်း ထိုကျွန်းများသည် အကောင်းနည်းဖြင့်ဖြစ်စေ၊ အဆိုးနည်းဖြင့်ဖြစ်စေ အမေရိကန်နိုင်ငံ၏လက်အောက်သို့ ရောက်လာစေမည်ဖြစ်ကြောင်း အမေရိကန်ကရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ ထို့ကြောင့် ဒိန်းမတ်အစိုးရသည် လူထုဆန္ဒခံယူပွဲပြုလုပ်ကာ ကျွန်းများကို အမေရိကန်အစိုးရထံသို့လွှဲပြောင်းပေးခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတွင်လည်း အမေရိကန်သည် ဂရင်းလန်းကျွန်းကိုဝယ်ယူရန် ကြိုးပမ်းဖူးခြင်းဖြစ်သည်။ ထိုကဲ့သို့ ကမ်းလှမ်းလာမှုကို ဒိန်းမတ်က ငြင်းပယ်ခဲ့သော်လည်း အဆိုပါ
နေရာတွင် အမေရိကန်စစ်စခန်းများ တည်ဆောက်ခွင့်ရခဲ့သည်။ တစ်ကြိမ်တွင် နျူကလီးယားလက်နက်တင်ဆောင်လာသော ဗုံးကြဲလေယာဉ်တစ်စင်းသည် ဂရင်းလန်းကျွန်းတွင် ပျက်ကျခဲ့သော်လည်း အဆိုပါအချက်ကို ဒိန်းမတ်လူထုမသိအောင် ဖုံးကွယ်ထားခဲ့သည်။
ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များသည် ယခင်ကမရှိခဲ့ဖူးသော၊ ယခုမှဖြစ်ပေါ်လာသော အရာများမဟုတ်သည်ကို တွေ့ရှိရသည်။ အမေရိကန်သည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ဝယ်ယူမှုများမှတစ်ဆင့်နယ်နိမိတ်ကိုချဲ့ထွင်လာခဲ့ခြင်းဖြစ်သည်။
တစ်ခါတစ်ရံ ရောင်းချသူဘက်က အဝေးရောက်နယ်မြေ သို့မဟုတ် သူတို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ပိုင်ဆိုင်မှုကိုစွန့်လွှတ်ရ၍ စိတ်သက်သာရာရခဲ့သည်လည်းရှိသကဲ့သို့ တစ်ခါတစ်ရံတွင် ဖိအားပေးမှုနှင့် မဟာဗျူဟာမြောက်မညီမျှမှုများကြောင့် သဘောတူခဲ့ကြရသည်များလည်းရှိသည်။ အရောင်းအဝယ်မှတစ်ဆင့် နယ်မြေချဲ့ထွင်ခြင်းသည် အမေရိကန်နိုင်ငံ၏သမိုင်းတွင် ခြွင်းချက်မဟုတ်ဘဲ ထပ်ခါတလဲလဲအသုံးပြုခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ယခုအချိန်တွင်လည်း ဂရင်းလန်းအပေါ် ထရမ့်၏စိတ်ဝင်စားမှုသည် အဆိုပါသမိုင်းဝင်ပုံစံခွက်အတွင်းသို့ အတိအကျပင်ကျရောက်နေသည်။ ၎င်း၏ရှေ့ဆောင်များကဲ့သို့ပင် သူသည်လည်း အမေရိကန်၏မဟာဗျူဟာမြောက်ခြေရာကို ချဲ့ထွင်လိုသည့်ပြယုဂ်တစ်ခုကို စိတ်ဝင်စားနေပုံရသည်။
ယင်းအတွက် ဒိန်းမတ်နိုင်ငံအကျပ်အတည်းနှင့်ရင်ဆိုင်ရမည့်အချိန်ကိုစောင့်ဆိုင်းပြီး အမေရိကန်အစိုးရက ငွေအိတ်အပြည့်ဖြင့် သွားရောက်ကမ်းလှမ်းခြင်းသည် ပိုကောင်းသည့်အကြံဉာဏ်ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်အထိစောင့်ရန်မှာ ကြာမြင့်နိုင်ပြီးစိတ်ရှည်သည်းခံခြင်းမှာ ထရမ့်၏အားသာချက်မဟုတ်သည်ကတော့ သေချာသည်။
သို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံ သို့မဟုတ်ကြီးမားလှသောနယ်မြေပိုင်နက်တစ်ခုကိုငွေပေး၍ ဝယ်ယူနိုင်မည်လား၊ ဝယ်ယူ၍မရနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ပြန်ဖြေရမည်ဆိုလျှင် ငွေပေး၍လည်းဝယ်နိုင်သလို ပဋိပက္ခများကြားတွင် ဖိအားပေး၍လည်း ရယူသွားနိုင်မည်ပင် ဖြစ်သည်။ အခုအချိန်အတွက် အသေချာဆုံးကတော့ ဖိအားပေး၍ ရယူခြင်းသာဖြစ်လာနိုင်သည်ဟု ရေးသားတင်ပြလိုက်ရပါသည်။ ။
Ref: RT
MWD
