တန်းတူညီမျှမှုကို လှုံ့ဆော်နေတဲ့ တူကီယဲရဲ့ နျူကလီးယားအိပ်မက်

Posted_Date

Image

တန်းတူညီမျှမှုကို လှုံ့ဆော်နေတဲ့ တူကီယဲရဲ့ နျူကလီးယားအိပ်မက်

Body

     တူကီယဲရဲ့ ကီယဲနိုင်ငံ အန်ကာရာမြို့ရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေမှာ တစ်နေ့ကျရင် တူကီယဲဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းသင့်သလားဆိုတဲ့ အတွေးအခေါ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီကိစ္စဟာပိုပြီးပြတ်သားတဲ့ အသွင်ဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ တူကီယဲနိုင်ငံရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ စစ်အင်အားနဲ့ ခြိမ်းခြောက်ဟန့်တားခြင်း ကသာ တစ်ခုတည်းသော ယုံကြည်အားကိုးရမယ့် ဘာသာစကားဖြစ်လာတဲ့ အခြေအနေဆီကို ဦးတည်နေလို့ပါပဲ။

တူကီယဲနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက အရင်ကလို ပိုနေမြဲကျားနေမြဲအခြေအနေမှန်ကို ထိန်းသိမ်းရုံသက်သက်လုပ်ဆောင်တဲ့အဆင့်ထက် အများကြီး ကျော်လွန်သွားပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ ဂါဇာအရေးတို့မှာကြားဝင်စေ့စပ်သူအဖြစ်၊ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားအရေးတို့မှာ စစ်ရေးအရဩဇာလွှမ်းမိုးသူအဖြစ် နေရာယူလာသလို မြေထဲပင်လယ်အရှေ့ပိုင်းကနေ အာဖရိကဦးချိုဒေသအထိကို ပါဝင်ပတ်သက်လာပါတယ်။

တူကီယဲသမ္မတ အာဒိုဂန်ကတော့ ဒါဟာမမျှတတဲ့ နိုင်ငံတကာစနစ်ကြီးကိုပြုပြင်ဖို့ ကြိုးစားနေတာလို့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့နာမည်ကျော် ကြွေးကြော်သံဖြစ်တဲ့ ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကြီးတယ်ဆိုတဲ့ကြွေးကြော်သံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကပဲ စစ်ရေးစွမ်းရည်အပါအဝင် အခွင့်ထူးအားလုံးကို လက်ဝါးကြီး အုပ်ထားတာကိုမကျေနပ်ကြောင်း ဖော်ပြနေတာပါ။

ဒီလိုပြောဆိုမှုတွေထဲမှာ နျူကလီးယားမမျှတမှု ဟာ အဓိကနေရာမှာပါဝင်ပါတယ်။ တချို့နိုင်ငံတွေက နျူကလီးယားကိစ္စမှာ သံသယဖြစ်ခံရတာနဲ့ အပြစ်ပေးခံရချိန်မှာ အစ္စရေးကျတော့ နျူကလီးယားရှိတယ်လို့ အများကလက်ခံထားပေမယ့် ဘာစစ်ဆေးမှုမှမခံရတာဟာ စံနှုန်းနှစ်မျိုး ဖြစ်နေတယ်လို့ အာဒိုဂန်က ထောက်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲနောက်ပိုင်းမှာတော့ ဒါဟာနိုင်ငံရေးအရ ပိုအားကောင်းလာပြီးအစ္စရေးရဲ့လက်နက်တိုက်ကို ဘာလို့နိုင်ငံတကာက မစစ်ဆေးတာလဲလို့ သူကအတိအလင်း မေးခွန်းထုတ်လာပါတယ်။

အရင်ကတော့ ဒါဟာတရားမျှတမှုအတွက် အငြင်းပွားတာမျိုးပဲဖြစ်ခဲ့ပေမယ့်  အခုတော့ အရှေ့အလယ်ပိုင်းရဲ့လုံခြုံရေး အဆောက်အအုံကြီးတစ်ခုလုံး အက်ကြောင်းထလာရပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် ဖိအားပေးမှုတွေတိုးလာချိန်မှာ အကယ်၍ အီရန်သာနျူကလီးယား ပိုင်ဆိုင်သွားရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီအခါ တူကီယဲလည်း ဒီပြိုင်ပွဲထဲကို မဖြစ်မနေပါဝင်လာရလိမ့်မယ်ဆိုပြီး တူကီယဲခေါင်းဆောင်ပိုင်းက သတိပေးထားပါတယ်။

တကယ်တမ်း တူကီယဲကို တွန်းအားပေးနေတာက စည်းမျဉ်းတွေက စည်းမျဉ်းတွေ မဟုတ်တော့ဘူးလို့ဆိုတဲ့ကြောက်စိတ်ပါ။ စည်းမျဉ်းတွေကို တစ်ဖက်သတ် ကျင့်သုံးလာတဲ့အခါမှာ နျူကလီးယားကိုပိုင်ဆိုင်ထားတာကသာ ကိုယ့်အစိုးရပြုတ်မကျအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောသံမဏိအာမခံချက်လို့ ယူဆလာကြပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ နျူကလီးယားလက်နက်ကို အမြင့်ဆုံး အကာအကွယ်အဖြစ်သာ သတ်မှတ်လာကြမယ်ဆိုရင် တူကီယဲနိုင်ငံအနေနဲ့လည်း ချန်လှပ်ခံထားလို့ မရတော့ဘူးဆိုတာကို အချက်ပြနေတာပါ။

ဒီအတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒါကနျူကလီးယားလက်နက်ကို အာမခံပေါ်လစီတစ်ခုလိုမျိုး မြင်လာစေလို့ပါပဲ။ မတည်ငြိမ်တဲ့ဒေသမှာ နျူကလီးယားဗုံးပိုင်ဆိုင်ထားတာက တခြားနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲအောင်လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာဆွဲဆောင်မှုရှိတဲ့ အကာအကွယ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာလက်နက်အပြိုင်တပ်ဆင်ခြင်းကို မီးထိုးပေးသလိုဖြစ်ပြီး အခြေအနေ မှားယွင်းတွက်ချက်မှုတွေ၊ စီမံခန့်ခွဲရခက်တဲ့အကျပ်အတည်းတွေနဲ့ နျူကလီးယားအရိပ်အောက်က စစ်ပွဲတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။

တူကီယဲနိုင်ငံမှာ နျူကလီးယား နည်းပညာနဲ့ပတ်သက်ပြီး    အခြေခံကောင်းတွေရှိနှင့်ထားပြီးပါပြီ။ 

နျူကလီးယား အင်ဂျင်နီယာကျွမ်းကျင်သူတွေ၊ သုတေသန ဌာနတွေရှိသလို၊ ရုရှားနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ နည်းပညာပိုင်းမှာ အရေးပါလှတဲ့ သင်ယူမှု ယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တူကီယဲမှာ ယူရေနီယံနဲ့ သိုရီယံလိုမျိုး သဘာဝသယံဇာတတွေ ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် တူကီယဲဟာ နျူကလီးယားကို လိုအပ်ရင် ငြိမ်းချမ်းစွာအသုံးပြုတဲ့ အဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို အချိန်မရွေး ကူးပြောင်းနိုင်တဲ့နိုင်ငံအဖြစ် သူ့ကိုယ်သူပြသနေတာပါ။

ဒါပေမဲ့ အဓိကအဟန့်အတားကတော့ နိုင်ငံရေးနဲ့ ဥပဒေပိုင်းပါ။ တူကီယဲဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်ထားလို့ ဒီလမ်းကိုသွားရင် ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အထီးကျန်မှုတွေကို ကြုံရမှာပါ။ တူကီယဲဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် တူကီယဲဟာ ဗုံးကိုပေါ်ပေါ်ထင်ထင်ကြီးထုတ်လုပ်လိုက်တာမျိုးထက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ရင်း သံတမန်ရေးအရ ကစားတဲ့ ဗျူဟာကိုပဲသုံးနိုင်ခြေရှိပါတယ်။

ဒီကြားထဲမှာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ အခန်းကဏ္ဍကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ အကယ်၍ အီရန်ကဗုံးပိုင်ဆိုင်လာရင် ဆော်ဒီကလည်း လိုက်လုပ်မယ်လို့ပြောထားသလို ပါကစ္စတန်နိုင်ငံက ဆော်ဒီကို နျူကလီးယား အကာအကွယ်ပေးမယ်ဆိုတဲ့ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနျူကလီးယား ကွန်ရက်တွေထဲမှာ တူကီယဲနိုင်ငံကပါဝင်ပတ်သက်လာမှာကို နိုင်ငံတကာက အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်နေကြပါတယ်။

တကယ်လို့ တူကီယဲသာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားရင် ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းပါ ပြောင်းလဲသွားပါလိမ့်မယ်။ တူကီယဲနိုင်ငံရဲ့ NATOအဖွဲ့ဝင်အဖြစ်နဲ့ အနောက်အုပ်စုအပေါ်မှီခိုနေရမှုတွေဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ တူကီယဲနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ အလေးထားစရာမလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မျိုးရသွားမှာဖြစ်သလို ဒါဟာ အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ အထက်အောက် စနစ်ကို တူကီယဲက ငြင်းပယ်လိုက်တဲ့ အကြီးမားဆုံးသော သဘောထားထုတ်ဖော်မှု ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာတော့ တူကီယဲနိုင်ငံဟာ ဗုံးထုတ်လုပ်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အန္တရာယ်ကဘာလဲဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ အချိန်အခါမရွေးနျူကလီးယား ပိုင်ဆိုင်နိုင်တဲ့အဆင့် ရောက်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြတာပါပဲ။ ဒါဟာ မရေရာမှုကိုအခြေခံတဲ့ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်လာစေပါတယ်။

တူကီယဲရဲ့ အခုလိုပြောဆိုချက်တွေကို သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ တူကီယဲအနေနဲ့ကမ္ဘာကြီးကိုပြောနေတာက အီရန်ရဲ့နျူကလီးယား ပြဿနာကို အင်အားသုံးပြီးတစ်ဖက်သတ် ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာ နျူကလီးယားလက်နက်အပြိုင်တပ်ဆင်မှုတွေ တောက်လျှောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အနှစ်ချုပ်ရရင် နျူကလီးယားစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားတာဟာ တစ်နိုင်ငံတည်းက လောင်းကစားလုပ်လို့မဟုတ်ပါဘူး။ လက်ရှိစည်းမျဉ်းတွေက ကိုယ့်ကို မကာကွယ်နိုင်တော့ဘူးလို့ နိုင်ငံအများအပြားက တစ်ပြိုင်တည်း ယူဆလာကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအတွေးအခေါ်မျိုးက ပိုပြီးအရှိန်ရလာနေပါတယ်။ ဒါကိုတားဆီးချင်တယ်ဆိုရင် စည်းမျဉ်းတွေဟာ လူတိုင်းအတွက် တန်းတူညီမျှရှိရမယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

MWD