လက်ဖက်နှင့် ကျန်းမာရေး ကောင်းကျိုးများ

Posted_Date

Image

လက်ဖက်နှင့် ကျန်းမာရေး ကောင်းကျိုးများ

Body

 အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်ဟူသောမြန်မာစကားပုံရှိသည်။ အကောင်းဆုံးဟု အမွှမ်းတင်ခံရသော အစားအစာသုံးမျိုးတွင် လက်ဖက်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့ရိုးရာအစားအစာများတွင် မပါမဖြစ်လက်ဖက်သည် အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးရှုထောင့်အရလည်း   ဆေးဖက်၀င်သည်။  ကျန်းမာရေး သုတေသီများ၏အဆိုအရ   လက်ဖက်တွင်  လူကိုအကျိုးပြုသည့် အာဟာရဓာတ်၊ ဗီတာမင်ဓာတ်များအပါအ၀င် ဇီ၀ဓာတုပစ္စည်းပေါင်း ၃၀၀ ကျော်ပါ၀င်ကြောင်း သိရသည်။ 

လက်ဖက်စို  ၁၀၀  ဂရမ်တွင် ပါဝင်သည့် အာဟာရဓာတ်များသည် ပြုပြင်စီရင်ပုံပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်သော်လည်းယေဘုယျအားဖြင့်  ပါဝင်လေ့ရှိသည့်  ပျမ်းမျှပမာဏကို  အောက်ပါအတိုင်း အကြံပြုလိုပါသည်။

လက်ဖက်စို ၁၀၀ ဂရမ်၏ အာဟာရဓာတ်များ

အာဟာရဓာတ်ပါဝင်မှုပမာဏ (ခန့်မှန်းခြေ) စွမ်းအင် ၈၀ မှ ၁၂၀ ကယ်လိုရီ၊ ရေဓာတ် ၇၅ ဂရမ်မှ ၈၀ ဂရမ်၊ ပရိုတင်း ၄ ဂရမ်မှ ၆ ဂရမ်၊ အဆီဓာတ်  သုည ဒသမ ၅ ဂရမ်မှ ၁ ဒသမ ၅ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၀ ဂရမ်မှ ၁၅ ဂရမ်၊ အမျှင်ဓာတ် ၄ ဂရမ်မှ ၇ ဂရမ်တို့ အသီးသီးပါရှိ သည်။

တခြားပါဝင်သော အရေးကြီးဓာတ်များ

     လက်ဖက်စို၌ ကဖင်းဓာတ်ပါ၀င်မှုပမာဏသည် လက်ဖက်ခြောက်ထက် လျော့နည်းသော်လည်း နိုးကြားမှုကိုဖြစ်စေသော ကဖင်းဓာတ်အသင့်အတင့် ပါဝင်သည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် Antioxi-dants (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် Polyphenols နှင့် Catechins ဓာတ်များက လက်ဖက်စိုထဲတွင် ကြွယ်ဝစွာပါဝင်သaည်။ ဗီတာမင်-ဓာတ်ပေါင်းစု၊ ဗီတာမင်-C၊ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ် တို့ အနည်းငယ်စီပါဝင်သည်။

လက်ဖက်စိုစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးကောင်းကျိုးများ

     လက်ဖက်စို စားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးကောင်းကျိုးများ နှင့် သတိပြုရမည့်အချက်များကို ဖော်ပြလိုက်ပါသည်။

-        လက်ဖက်က လူကို အာဟာရဖြစ်စေသည်။

-        ကိုယ်အလေးချိန်ထိန်းညှိပေးပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးရန် အဆီလောင်ကျွမ်းမှုကို အထောက်အကူပြုသည်။

-        လက်ဖက်တွင် သဘာ၀အလျောက် ကြွယ်၀စွာပါရှိသည့် Cate-chins  နှင့် Polyphenols ကဲ့သို့သော ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက   ဆဲလ်များပျက်စီးမှုကို   ကာကွယ်ပေးပြီး ရောဂါဖြစ်ပွားမှုကို လျှော့ချပေးသည်။

-      အစာခြေစနစ်ကို   အထောက်အကူပြုပြီး အစာကို ကြေညက်စေသည်။ အထူးသဖြင့် အချဉ်ဖောက်ထားသော လက်ဖက်စိုတွင် Probiotics (အကျိုးပြုဗက်တီးရီးယားများ) ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်စေသည်။

-      ကဖင်းဓာတ်   အနည်းငယ်ပါဝင်သောကြောင့်   အာရုံစူးစိုက်မှု ကောင်းစေပြီး  ပင်ပန်းနွမ်းနယ်မှုကို  ပြေပျောက်စေကာ နိုးကြား တက်ကြွစေသည်။

-      သွေးတွင်းကိုလက်စထရော  လျှော့ချပေးနိုင်သည့် အာနိသင် ရှိသဖြင့်  နှလုံးရောဂါဖြစ်နိုင်ခြေကို   လျော့ကျစေကာ  နှလုံးကို ကျန်းမာစေသည်။

-      သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

-       ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးသည်။ 

-       ဇီ၀ကမ္မစွမ်းဆောင်ရည်ကို  ထိန်းညှိပေးပြီး  အမောပြေစေကာ သက်လုံကောင်းစေသည်။

-       အရေပြားကျန်းမာရေးအတွက် အထောက်အပံ့ပေးသည်။

-       မှတ်ဉာဏ်ကောင်း၍ တွေးတောစဉ်းစားနိုင်စွမ်းရည်မြင့်တက်စေသည်။ ထို့ကြောင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာအကြို ရောဂါ (ဦးနှောက်ဆဲလ်ပျက်စီးမှု) မှ ကာကွယ်ပေးသည်။

-       စိတ်ကို ပေါ့ပါးတက်ကြွလန်းဆန်းစေပြီး သွက်လက်ဖျတ်လတ်စေသည်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည်။ 

-       အရက်နာကျမှုကို ပြေပျောက်စေသည်။

-       စိတ်ကျရောဂါဖြစ်ပွားမှုကို  လျော့နည်းစေပြီး  စိတ်ဖိစီးမှုနှင့် ပင်ပန်းမှုကို သက်သာစေသည်။

-       ဗဟိုနာ့ဗ်ကြောစနစ်ကို လှုံ့ဆော်ပေး၍   ကိုယ်လက်လှုပ်ရှားမှု အားကောင်းစေသည်။

-       လက်ဖက်တွင်ပါရှိသည့် ကဖင်း နှင့် L-theanine ဓာတ်တို့က အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး စိတ်ကြည်လင်လန်းဆန်းစေသည်။

-       စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု တိုးတက်ကောင်းမွန်စေသဖြင့်  ခန္ဓာကိုယ်တွင်း အပူဓာတ်ကျစေသည်။

-       ပိုးမွှားများ   ကိုယ်တွင်း၀င်ရောက်မှုကို   တိုက်ထုတ်စေနိုင်သည့် အပြင် အနာကျက်မြန်စေသည်။

-       အရိုးပါး၊ အရိုးပွရောဂါကို သက်သာစေပြီး အရိုးကိုကြံ့ခိုင်စေသည်။

-       သွားပိုးစားခြင်းကို ကာကွယ်ပေးသည်။

-       ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

-       အဆီကျစေပြီး ခန္ဓာကိုယ်ကျစ်လျစ်စေရန် အထောက်အကူပြု သည်။

-       ခန္ဓာကိုယ်တွင်း မကောင်းသောကိုလက်စထရောများ ကျစေပြီး နှလုံးကြွက်သား အားကောင်းစေသည်။ လက်ဖက်တွင်ပါရှိသော Catecholamine  နှင့်  ဗီတာမင်-တို့က သွေးခဲကို  ကြေစေပြီး သွေးလွှတ်ကြောမာကျစ်မှုကို သက်သာစေသည်။

-       အဆုတ်ကျန်းမာရေးကို အထောက်အကူပြုသည်။

-     အူရောင်ငန်းဖျား (ခေါ် )တိုက်ဖွိုက်ရောဂါ နှင့် ၀မ်းကိုက်ရောဂါဖြစ်စေ သည့် Bacillus (ခေါ်) တုတ်၊ သန်ပိုး၊ Staphylococcus (ခေါ် )ရွှေဝါရောင် စပျစ်သီးပုံရောဂါပိုးနှင့်  ပြည်တည်စေသည့် တုတ်၊ သန်များကို သုတ်သင်ပေးနိုင်သည်။

-       အယ်လ်ကာလွိုက်သတ္တုဓာတ်များ၏ အဆိပ်သင့်မှုကို လျော့နည်း စေသည်။ Tannic acid ဓာတ်က ထိုအဆိပ်ဓာတ်ကို ချေဖျက်ပေး သည်။

-       ဆီးရွှင်စေသည့် Theine ဓာတ်ကြောင့် ဆီးချုပ်ရောဂါပျောက်ကင်း စေသည်။ ကျောက်ကပ်သန့်စင်စေသည်။

-        အမျိုးသားများဖြစ်လေ့ရှိသော ဆီးကျိတ်ရောဂါကို သက်သာစေသည်။

-      လက်ဖက်တွင် သဘာ၀အလျောက်ပါရှိနေသော Catechu (ခေါ်) ရှားစေးဓာတ်နှင့်  Flarone  ဓာတ်တို့က  လူ့ခန္ဓာကိုယ်တွင်းရှိ ဆံခြည်မျှင်သွေးကြောတို့၏  နံရံများကို ပျော့ပျောင်းစေသည့်အတွက် ရုတ်တရက်လေဖြတ်ခြင်းမှ ကာကွယ်ပေးသည်။ 

-       ဓာတ်ရောင်ခြည်အန္တရာယ်ကို ကာကွယ်ပေးသည်။ 

-    ကင်ဆာဆဲလ်ကလာပ်စည်းများ မပြန့်ပွားအောင် ထိန်းချုပ်သည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သဖြင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။ 

အလွန်အကျွံစားသုံးလျှင် ဖြစ်နိုင်သည့်ဆိုးကျိုးများ

     တန်ဆေး၊ လွန်ဘေးဆိုသကဲ့သို့ လက်ဖက်ကို အလွန်အကျွံစားမိ လျှင် အောက်ဖော်ပြပါပြဿနာများ တွေ့ကြုံရနိုင်ပါသည်။

-      လက်ဖက်တွင်ပါဝင်သော တန်နင် (Tannin) ဓာတ်သည် အစား အစာထဲမှ သံဓာတ်စုပ်ယူမှုကို  အဟန့်အတားဖြစ်စေနိုင်သော ကြောင့်   ထမင်းစားပြီးပြီးချင်း   အများအပြားစားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။

-       သွေးအားနည်းရောဂါရှိသူများ လက်ဖက်ကို အလွန်အကျွံစားခြင်း ကို ရှောင်ကြဉ်သင့်သည်။

-       ညဘက် လက်ဖက်အများအပြား စားမိလျှင် ကဖင်းဓာတ်ကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေသည်။

-       ကဖင်းဓာတ်နှင့် ဓာတ်မတည့်သူများတွင် ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း ဖြစ်နိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။

-       ၀မ်းဗိုက်ထဲ အစာမရှိဘဲ လက်ဖက်များစွာစားမိလျှင် ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေပွခြင်း စသည့် အစာအိမ်ပြဿနာ များ ဖြစ်တတ်သည်။ 

-      ဈေးကွက်အတွင်းရှိ တချို့သောလက်ဖက်များတွင် တရားမဝင် တာရှည်ခံဆေးများ ပါဝင်နေတတ်သဖြင့် FDA ခွင့်ပြုချက်ပါရှိသည့် တံဆိပ်ကို ရွေးချယ်ရန် လိုအပ်သည်။

လက်ဖက်စို ၁၀၀ ဂရမ်ဆိုသည်မှာ လက်ဖက်သုပ် အတော်များများ သုပ်စားနိုင်သော ပမာဏဖြစ်ပါသည်။ လက်ဖက်စိုကို သုပ်ရာတွင် ထည့်သွင်းအသုံးပြုသော ဆီ၊ နှမ်း၊  မြေပဲနှင့်  အကြော်အလှော်များကြောင့်  စုစုပေါင်း ကယ်လိုရီပမာဏ  အဆမတန်မြင့်တက်သွားနိုင်ကြောင်း သတိပြုသင့်သည်။

သွေးအားနည်းရောဂါရှိသူ  သို့မဟုတ် ကိုယ်ဝန်ဆောင်များအနေဖြင့် အစာစားပြီးပြီးချင်း လက်ဖက် သို့မဟုတ် လက်ဖက်ရည်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ အစာစားပြီး အနည်းဆုံး တစ်နာရီကြာမှ စားသုံးသင့်သည်။ လက်ဖက်သုပ် သုပ်စားသည့်အခါ ဆီနှင့် အကြော်အလှော်များကို လျှော့ထည့်ပြီး ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်စားပေးလျှင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် သည့် အလေ့အထဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။                                   

MWD