တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases)နှင့် တိရစ္ဆာန် ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(Veterinary Public Health)၏ အခန်းကဏ္ဍ

Posted_Date

Image

တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases)နှင့် တိရစ္ဆာန် ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(Veterinary Public Health)၏ အခန်းကဏ္ဍ

Body

    မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မွေးမြူရေးကဏ္ဍသည်   နိုင်ငံ၏အစားအစာဖူလုံရေး၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေသည်။ မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သော အသား၊ နို့၊ ဥ စသည့်အစားအစာများသည် လူသားများ၏ နေ့စဉ်စားသုံးမှုတွင်အရေးပါသည်။  မွေးမြူရေးကဏ္ဍသည် ကူးစက်ရောဂါများ၊   တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများ   (Zoonotic Diseases)နှင့် တိရစ္ဆာန်များမှရရှိသော အစားအစာများ၏ ဘေးကင်းလုံခြုံမှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။  ထိုပြဿနာများကိုဖြေရှင်းရန်အတွက်  မြန်မာနိုင်ငံတွင်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး (VPH)ကို   ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ရန်  အရေးတကြီး လိုအပ်နေသည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး၏အခန်းကဏ္ဍ

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည်  တိရစ္ဆာန်ကျန်းမာရေး၊ လူသားများကျန်းမာရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်စပ်မှုကို အဓိကထားသောပြည်သူ့ကျန်းမာရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ VPH ၏အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်များမှလူသို့ ကူးစက်နိုင်သောရောဂါများ(zoonotic    diseases)ကို ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း၊ အစားအစာဘေးကင်းရေးကို သေချာစေခြင်းနှင့်  ကျန်းမာရေးနှင့်သုခချမ်းသာကို   တိရစ္ဆာန်ဆေးပညာနှင့်  ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို  ပေါင်းစပ်ကာ မြှင့်တင်ပေးခြင်းဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး(VPH)၏  အဓိကအခန်းကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်သည်။

တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများ(Zoonotic Diseases)ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

     မြန်မာနိုင်ငံတွင်   တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သောရောဂါများ (Zoonotic Diseases) များသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် ထိုရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန်နှင့် ကုသနိုင်ရန်အတွက် အရေးပါသော  ကဏ္ဍတစ်ခုဖြစ်သည်။ 

မြန်မာနိုင်ငံတွင်  Zoonotic Diseases များဖြစ်သော  ခွေးရူးပြန်(Rabies)၊  ဘရူဆဲလ်လားသားလျှောရောဂါ(Brucellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သော တုပ်ကွေးရောဂါများ Zoonotic Influenza  စသည့်ရောဂါများသည် ကျယ်ပြန့်စွာဖြစ်ပွားနေသည်။ ထိုရောဂါများသည် လူသားများ၏ကျန်းမာရေးကို  ထိခိုက်စေရုံသာမက စီးပွားရေး၊ လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)၏အခန်းကဏ္ဍသည် အလွန်အရေးပါလာသည်။

ခွေးရူးပြန်ရောဂါ (Rabies)သည် ကမ္ဘာတစ်ဝန်းတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း   အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

ခွေးရူးပြန်ရောဂါ(Rabies lyssavirus)သည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ရောဂါပိုးရှိသောတိရစ္ဆာန်များ(အထူးသဖြင့် ခွေး၊ ကြောင်၊ မျောက်၊ လင်းနို့)ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်းမှတစ်ဆင့် လူသားများသို့ကူးစက်နိုင်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ လူ ၂၄၁ ဦးသည်  ခွေးရူးပြန်ရောဂါဖြစ်ပွားကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် လူ ၅၅ ဦးသည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သည်။ ကျေးလက်ဒေသများတွင်  ခွေးများကိုကာကွယ် ဆေးထိုးနှံမှုနည်းပါးခြင်း၊  ကျန်းမာရေးအသိပညာနည်းပါးခြင်းနှင့် ကုသမှုဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းတို့ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားသည်။   

တိရစ္ဆာန်များအား  ကာကွယ်ဆေးထိုးခြင်း 

     ခွေးရူးပြန်ရောဂါကို ကာကွယ်ရန်အတွက်   ခွေးများနှင့်အခြားအိမ်မွေးတိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေးထိုးပေးရန်အရေးကြီးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကိုလျှော့ချနိုင်သည်။

ရောဂါထိန်းချုပ်ရေးနှင့်စောင့်ကြည့်ခြင်း

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်သည်။ ရောဂါဖြစ်ပွားမှုကို   အချိန်မီသိရှိပါက  ကူးစက်မှုကို ထိရောက်စွာ    ကာကွယ်နိုင်မည်ဖြစ်သည်။ 

ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း

     ပြည်သူလူထုအား ခွေးရူးပြန်ရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများ အကြောင်းပညာပေးခြင်းသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး၏အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကို လျှော့ချနိုင်သည်။ ခွေးရူးပြန်ရောဂါသည် လူနှင့်တိရစ္ဆာန်များအတွက်   ကြီးမားသော ကျန်းမာရေးအန္တရာယ်ဖြစ်သည်။ 

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး(VPH)သည် ဤရောဂါကိုကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန် အရေးပါသော  နယ်ပယ်တစ်ခုဖြစ်ပြီး     ခွေးရူးပြန်ရောဂါကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် VPH ၏လုပ်ငန်းများကို အားကောင်းစွာ ဆောင်ရွက်ရန်  အရေးကြီးသည်။

ဘရူဆဲလ်လားသားလျှောရောဂါ (Brucellosis) သည်  Brucella ဗက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော Zoonoses ရောဂါဖြစ်သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသောတိရစ္ဆာန်များ၌ဖြစ်လေ့ရှိသည်။ ဤရောဂါသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာအများပြည်သူ့ကျန်းမာရေးတွင် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ Brucellosis သည် တိရစ္ဆာန်များမှတစ်ဆင့်  နို့၊ သားငါးထွက်ပစ္စည်းများ စားသုံးခြင်း၊ ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။  Brucellosis  သည် တိရစ္ဆာန်များတွင်    မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ-ကိုယ်ဝန်ပျက်ကျခြင်း)ကိုဖြစ်စေနိုင်ပြီး နို့ထွက်နှုန်းကို လျော့ကျစေသည်။ ဤရောဂါကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ကြီးမားသော  စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။   တိရစ္ဆာန်နှင့်တိုက်ရိုက်ထိတွေ့သော ကိုင်တွယ် ထိန်းကျောင်းသူများ၊ မွေးမြူရေးသမားများ၊  သားသတ်သမားများနှင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ အထူးသတိပြုရမည့်ရောဂါဖြစ်သည့်အပြင် အသား၊ နို့နှင့်နို့ထွက်ပစ္စည်းစားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးအတွက်  အရေးကြီးသည့်ရောဂါဖြစ်သည်။ Brucellosis သည် လူသားများတွင် နာတာရှည်ရောဂါလက္ခဏာများ(ဥပမာ-အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမျက်နာခြင်း) ကိုဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက အသည်း၊ နှလုံး၊ အာရုံကြောစနစ်များကို  ထိခိုက်စေနိုင်သည်။ ရောဂါကူးစက်မှုကို ကာကွယ်ရန်တိရစ္ဆာန်များတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးခြင်းများ   ပြုလုပ်ရန်လိုအပ်သည်။ Brucellosis ကို ထိန်းချုပ်ရန် တိရစ္ဆာန်များကို စနစ်တကျစောင့်ကြည့်ခြင်းနှင့်ရောဂါရှာဖွေခြင်း၊   ရောဂါပိုးရှိသောတိရစ္ဆာန်များကို ခွဲခြားထားခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများ ကျင့်သုံးခြင်းနှင့် လူသားများအား ရောဂါကူးစက်မှုမှကာကွယ်ရန်ပညာပေးခြင်းတို့ဖြင့် ဘရူဆဲလ်လားသားလျှောရောဂါကိုထိန်းချုပ်ရန် စနစ်တကျကြိုးပမ်းမှုများပြုလုပ်ရန် လိုအပ်လှပေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဆိုးကျိုးများကိုလျော့ပါးစေနိုင်သည်။

Zoonotic Influenza ဆိုသည်မှာ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများကို ရည်ညွှန်းသည်။ 

ဤရောဂါများသည် များသောအားဖြင့် ကြက်ငှက်များ၊ဝက်များနှင့်အခြားတိရစ္ဆာန်များမှစတင်ပြီး လူသားများထံကူးစက်နိုင်သည်။ Zoonotic Influenza ရောဂါများသည်  ကမ္ဘာတစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများကိုဖြစ်ပေါ်စေနိုင်ပြီး   ကူးစက်မှုနှုန်းနှင့်ရောဂါ၏   ပြင်းထန်မှုပေါ်မူတည်၍   ကပ်ရောဂါအသွင်သို့ ပြောင်းလဲနိုင်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza)

    ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza)ဗိုင်းရပ်စ်သည် ကြက်၊ ငှက်များတွင် အဓိကဖြစ်ပွားသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး   လူသို့လည်းကူးစက်နိုင်သည့် zoonotic disease တစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုး  Avian  Influenza  Virus (A/H5N1၊ A/H5N6  နှင့်  A/H9N2) အစရှိသောမျိုးကွဲများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်စေသည်။ ဤရောဂါသည် ကူးစက်မြန်ပြီး ကျန်းမာရေးနှင့်စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသော ကြက်၊ ငှက်များနှင့်နီးကပ်စွာထိတွေ့ခြင်း၊ မကျက်တကျက်ကြက်သားစားသုံးခြင်းမှတစ်ဆင့်  လူသို့ကူးစက်နိုင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပြင်းထန်ပါက အဆုတ်ရောင်ခြင်း သေဆုံးသည်အထိ    ဖြစ်နိုင်သည်။     

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး(VPH)သည် ကြက်ငှက်တုပ်ကွေးရောဂါကိုကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင်  အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ   ဖြစ်ပွားမှုကြောင့် ကြက်ငှက်များစွာကိုသုတ်သင်ရပြီး  စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်သည် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ အရေးပေါ်တုံ့ပြန်မှုစနစ်များနှင့် ပြည်သူများအကြား အသိပညာပေးရေး၏အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် A/H9N2 ဗိုင်းရပ်စ်ကို ရန်ကုန်မြို့ရှိ ကြက်ငှက်များရောင်းဝယ်ရာ ဈေးများတွင်တွေ့ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခု

အရ A/H9N2 ဗိုင်းရပ်စ်သည် အရှေ့တောင်အာရှတွင် တွေ့ရှိရသောဗိုင်းရပ်စ်များနှင့်ဆင်တူပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ဝင်ရောက်လာနိုင်ကြောင်းဖော်ပြခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် H5N6 ရောဂါပိုးကို မြန်မာနိုင်ငံရှိ   ကြက်ဘဲစျေးများတွင် ပထမဆုံးအကြိမ်    စတင်တွေ့ရှိခဲ့ပြီး အပြင်းစားကြက်ငှက်တုပ်ကွေး (HPAI) ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ကြက်ဘဲစျေးများတွင် လူနှင့်တိရစ္ဆာန်မှကူးစက်တတ်သော တုပ်ကွေးရောဂါပိုးအသစ်များကို   စောစီးစွာသတိပေးခြင်းနှင့်စောင့်ကြည့်ခြင်းစနစ်များသည် အရေးကြီးသည်။

ဝက်တုပ်ကွေး (Swine  Influenza, H1N1) 

     ဝက်တုပ်ကွေးဆိုသည်မှာ ဝက်များတွင် အဓိကဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ  ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။   ဤရောဂါသည် Influenza A ဗိုင်းရပ်စ်များကြောင့်ဖြစ်ပွားပြီး ဝက်များအပြင် လူနှင့်အခြားတိရစ္ဆာန်များကိုပါ ကူးစက်နိုင်သည်။ ဝက်တုပ်ကွေးသည် လူတွင်ဖြစ်ပွားပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ပြီး  အထူးသဖြင့် ကိုယ်ခံအားနည်းသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုပြင်းထန်နိုင်သည်။

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုအခြေအနေ                       

     မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုများသည်  ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များပြီး ဝက်မွေးမြူရေးလုပ်ငန်းများနှင့်နီးစပ်သောနေရာများတွင်  ပိုမိုတွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ဝက်များတွင်H1N1 နှင့် H3N2 အပါအဝင် အမျိုးမျိုးသောဝက်တုပ်ကွေးဗိုင်းရပ်စ်(SIV)မျိုးကွဲများရှိနေကြောင်း လေ့လာမှုများကဖော်ပြသည်။ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ H1N1-2009 မျိုးကွဲကို ဝက်များတွင်တွေ့ရှိရခြင်းသည် လူသို့ကူးစက်နိုင်ခြေကိုမီးမောင်းထိုးပြနေသည်။ လူသားများကို ကူးစက်နိုင်ခြေရှိသော မျိုးကွဲများရှိနေခြင်းသည် အနီးကပ်စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို အလေးပေးဖော်ပြသည်။   ကျေးလက်ဒေသများတွင် ဝက်မွေးမြူရေးလုပ်ငန်းများကျယ်ပြန့်စွာလုပ်ကိုင်ကြသောကြောင့် ဝက်တုပ်ကွေးရောဂါသည် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်ခြေပိုများသည်။ 

ထို့ပြင်  ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်း၊  ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာနည်းပါးခြင်းတို့ကြောင့် ဝက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ရပ်  ဖြစ်နေဆဲဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ   ပြည်သူ့ကျန်းမာရေးသည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော    ရောဂါများ (Zoonotic Diseases)ကို ကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန်အတွက် အရေးကြီးသောနယ်ပယ်တစ်ခုဖြစ်သည်။  ဝက်တုပ်ကွေးကဲ့သို့သော  ရောဂါများသည်  တိရစ္ဆာန်များမှတစ်ဆင့်  လူသို့ကူးစက်နိုင်သောကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေးသည် ဤရောဂါများကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက်  မရှိမဖြစ်လိုအပ်သည်။

ရောဂါစောင့်ကြည့်ခြင်း(Disease Surveillance)

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည်  တိရစ္ဆာန်များတွင် ဖြစ်ပွားနေသောရောဂါများကို စောင့်ကြည့်ခြင်းဖြင့်  ရောဂါဖြစ်ပွားမှုကို  အချိန်မီသတိပြုမိစေပြီး ကူးစက်မှုကိုထိန်းချုပ်နိုင်သည်။ Zoonotic Influenza ကဲ့သို့သော ရောဂါများသည် လူနှင့်တိရစ္ဆာန်များအကြား လျင်မြန်စွာကူးစက်နိုင်သောကြောင့် ရောဂါစောင့်ကြည့်ခြင်းသည် အထူးအရေးကြီးသည်။

ရောဂါကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ရောဂါများကိုကာကွယ်ရန်အတွက်   ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစံနှုန်းများချမှတ်ခြင်း၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များကို သီးသန့်ထားခြင်း စသည့်နည်းလမ်းများကို အသုံးပြုသည်။

ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ပြည်သူများအား ရောဂါများနှင့် ပတ်သက်သော  အသိပညာများပေးခြင်းဖြင့်   ရောဂါကာကွယ်ရေးနှင့်   ထိန်းချုပ်ရေးတွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုကို    မြှင့်တင်ပေးသည်။ 

မြန်မာနိုင်ငံတွင် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်သောရောဂါများကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည်  အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်။ ရောဂါစောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်း၊ ပညာပေးခြင်းနှင့်သုတေသနများပြုလုပ်ခြင်းဖြင့် Zoonotic Diseases ရောဂါများကို ထိရောက်စွာကာကွယ်နိုင်ပြီး ပြည်သူများ၏ကျန်းမာရေးကိုမြှင့်တင်နိုင်မည်ဖြစ်

သည်။ တိရစ္ဆာန်ကျန်းမာရေးကိုကာကွယ်ခြင်းဖြင့်   တိရစ္ဆာန်ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် အများပြည်သူ့ကျန်းမာရေးကို   ကာကွယ်ရာတွင် အထောက်အကူပြုသည်။ လူသား၊ တိရစ္ဆာန်နှင့်   သဘာဝပတ်ဝန်းကျင်ကျန်းမာရေး၏ အပြန်အလှန်ချိတ်ဆက်မှုကို အသိအမှတ်ပြုသည့် တစ်ကမ္ဘာလုံး ကျန်းမာရေးချဉ်းကပ်မှုသည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ရောဂါများကို ဖြေရှင်းရန်အတွက်  မရှိမဖြစ်လိုအပ်သည်။  တိရစ္ဆာန်ဆေးပညာဆိုင်ရာ  ပြည်သူ့ကျန်းမာရေးပညာရှင်များသည် ဤချဉ်းကပ်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။

မြန်မာနိုင်ငံတွင်ခွေးရူးပြန်(Rabies)၊ ဘရူဆဲလ်လားသားလျှောရောဂါ(Bruc-ellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများ (Zoonotic Influenza)ကဲ့သို့သော ရောဂါများအတွက် တိရစ္ဆာန်နှင့်လူသားကျန်းမာရေး နှစ်ရပ်စလုံးကိုကာကွယ်ရန်အတွက် ခိုင်မာသောတိရစ္ဆာန်ဆေးပညာဆိုင်ရာ   ပြည်သူ့ကျန်းမာရေးစနစ်များ မရှိမဖြစ် လိုအပ်သည်။

အစားအစာဘေးကင်းရေး

    အစာဘေးကင်းရေးဆိုသည်မှာ အစားအစာများကိုစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများမှ ကာကွယ်ရန် အာမခံချက်ပေးခြင်းဖြစ်သည်။ အစားအစာများတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပါရာဆိုက်နှင့်ဓာတုပစ္စည်းများပါဝင်နေပါက  လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

တိရစ္ဆာန်များမှထုတ်လုပ်သော   အစားအစာများ (ဥပမာ - အသား၊ နို့၊ ဥ)တွင် ဗက်တီးရီးယားပိုးမွှားများ   ပါဝင်နေပါက လူသားများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ   ဖြစ်ပေါ်စေနိုင်သည်။

ကိစ္စရပ်လေ့လာမှု - ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိဈေးများတွင်  ရောင်းချနေသောအသားများတွင်  ဗက်တီးရီးယားညစ်ညမ်းမှုများမြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ ဤဖြစ်ရပ်သည် အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများမြှင့်တင်ရန်လိုအပ်ကြောင်း   ဖော်ပြနေသည်။ 

အသား၊ နို့၊ ဥနှင့်အခြားတိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးကင်းရေးကို စစ်ဆေးခြင်းနှင့်  စည်းမျဉ်းများချမှတ်ခြင်းဖြင့် အစားအစာမှတစ်ဆင့်   ကူးစက်သောရောဂါများအား ကာကွယ်နိုင်သကဲ့သို့ အစားအစာကွင်းဆက်တွင် 'Salmonella' 'E. coli' 'Listeria'ကဲ့သို့သော ရောဂါပိုးများ၏အန္တရာယ်ကို     ဖော်ထုတ်ကာလျှော့ချနိုင်သည်။  အစာဘေးကင်းရေး (Food Safety)နှင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေး(VPH)တို့သည် လူသားတို့၏ ကျန်းမာရေးနှင့်ဘဝအရည်အသွေးကို  မြှင့်တင်ရန်  အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည်။ အစားအစာများတွင်  ပါဝင်သောရောဂါပိုးမွှားများကို  ထိန်းချုပ်ခြင်းဖြင့် အစာအဆိပ်သင့်ခြင်းနှင့် အခြားရောဂါများကို   ကာကွယ်နိုင်သည်။   အစာဘေးကင်းရေးကို သေချာစွာထိန်းသိမ်းခြင်းဖြင့်   ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်နှင့် စီးပွားရေးအရထိခိုက်မှုများကို လျှော့ချနိုင်သည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များ

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးမြှင့်တင်ခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်  လေ့ကျင့်ရေးကိုမြှင့်တင်ခြင်းဖြင့် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ   ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ဤအတွက် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်  တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာပညာရှင်များအား ခေတ်မီသင်ကြားရေးနည်းလမ်းများဖြင့် လေ့ကျင့်ပေးရန်လိုအပ်သည်။ 

ထို့ပြင်  တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင်  လုပ်ကိုင်နေသူများအတွက်   ကျန်းမာရေးနှင့်ပတ်သက်သော  အသိပညာပေးခြင်းများကိုလည်း ပြုလုပ်သင့်သည်။

ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များ မြှင့်တင်ခြင်း

     ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များကိုမြှင့်တင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို အချိန်မီသိရှိနိုင်ပြီး ထိရောက်သောတုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်နိုင်မည်။ ဤအတွက် ဒေတာစုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  အချက်အလက်မျှဝေခြင်းတို့ကို ခေတ်မီနည်းပညာများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်သည်။ ထို့ပြင် ရောဂါဖြစ်ပွားမှုများကိုစောင့်ကြပ်ရာတွင်   လူနှင့်တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။

အစားအစာဘေးကင်းရေးစည်းမျဉ်းများမြှင့်တင်ခြင်း

     အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများကိုမြှင့်တင်ခြင်းဖြင့် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်။ အစားအစာထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုဆိုင်ရာစည်းမျဉ်းများကိုသတ်မှတ်ပြီး ထိရောက်စွာလိုက်နာစေရန်လိုအပ်သည်။   ထို့ပြင် အစားအစာဘေးကင်းရေးဆိုင်ရာစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်လိုအပ်သည်။

ပဋိဇီဝဆေးဝါးများ  တာရှည်ခံအောင်သုံးစွဲမှုလျှော့ချခြင်း

    ပဋိဇီဝဆေးဝါးများ မှန်ကန်စွာသုံးစွဲခြင်းဖြင့် ဆေးယဉ်ပါးမှုကိုလျှော့ချနိုင်မည်။ ဆေးဝါးသုံးစွဲမှုဆိုင်ရာလမ်းညွှန်ချက်များကိုချမှတ်ပြီး  လိုက်နာစေရန်လိုအပ်သည်။ ထို့ပြင် ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သောအသိပညာပေးခြင်းများကို ပြုလုပ်ရန်လိုအပ်သည်။

ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်းသည်  အရေးကြီးသည်။  အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်ရန်  လိုအပ်သည်။ ထို့ပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲရန်  လိုအပ်သည်။  မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက်   အထက်ဖော်ပြပါအချက်များကို  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်    လူနှင့်တိရစ္ဆာန်ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုများကိုကာကွယ်နိုင်မည်ဖြစ်သည်။

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ   ပြည်သူ့ကျန်းမာရေး၏ လက်တွေ့လုပ်ဆောင်မှု

ဥပမာများ

   ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးအစီအစဉ်များ- ခွေးများနှင့်တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်းဖြင့် လူသို့ခွေးရူးပြန်ရောဂါကူးစက်မှုကို ကာကွယ်ခြင်း။

  ကြက်ငှက်တုပ်ကွေး စောင့်ကြည့်ခြင်း-   ကြက်များတွင် ရောဂါဖြစ်ပွားမှုကိုစောင့်ကြည့်ခြင်းဖြင့် လူသို့ကူးစက်မှုကို ကာကွယ်ခြင်း။

အစားအစာဘေးကင်းရေးစစ်ဆေးခြင်း-    သားသတ်ရုံများနှင့် အစားအစာထုတ်လုပ်ရေး လုပ်ငန်းများတွင် သန့်ရှင်းမှုစံနှုန်းများကို လိုက်နာစေခြင်း။

အချုပ်အားဖြင့်  မြန်မာနိုင်ငံတွင်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးတကြီးလိုအပ်နေသည်။ ဇူနိုးစစ်ရောဂါများ၊ အစားအစာဘေးကင်းရေးနှင့်ပဋိဇီဝဆေးယဉ်ပါးမှုတို့ကို ကာကွယ်ရန်အတွက် VPH သည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ မြန်မာနိုင်ငံ၏မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူများ၏ ကျန်းမာရေးအတွက်   တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန်လိုအပ်သည်။  နိုင်ငံတကာအဖွဲ့အစည်းများ၏ပံ့ပိုးမှုဖြင့်   တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးစနစ်ကို အားကောင်းအောင် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။   ။          

MWD