သွားကျန်းမာရေးနှင့်ဆက်နွှယ်သော နှလုံးကျန်းမာရေး
Posted_Date
Image
Body
သွားကျန်းမာရေးသည် တောက်ပသော အပြုံးတစ်ခုအတွက်သာမက နှလုံးကျန်းမာရေးအပါအဝင် အလုံးစုံကျန်းမာရေး ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သည်။ အများအားဖြင့် အသက် ၆၅ နှစ်ကျော်သူများ၏ သုံးပုံနှစ်ပုံခန့်တွင် သွားဖုံးရောဂါရှိတတ်ကြသည်။ သုတေသနပြုချက်များအရ သွားဖုံးရောဂါရှိသူများသည် သွားကျန်းမာရေး ကောင်းမွန်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း သိရသည်။ ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဆက်စပ်မှုကို ကာလကြာရှည်စွာသတိပြုမိခဲ့ကြရာ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များစားသောက်ခြင်း၊ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာစောင့်ရှောက်မှုများကို လက် လှမ်းမမီခြင်းအပါအဝင် တခြားအန္တရာယ်ရှိသော အချက်များကြောင့် လည်း ဖြစ်နိုင်သည်။
ပါးစပ်နှင့်နှလုံးသားဆက်သွယ်မှု
ပါးစပ်အတွင်းရှိ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတချို့သည် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကိုမြင့်တက်စေနိုင်သည်။ တိုးတက်လာသော သုတေသနအထောက်အထားများအရ ဗက်တီးရီးယားနှင့် ရောင်ရမ်းမှု တို့သည် ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဆက်စပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ညွှန်ပြနေသည်။
သွားများတစ်ဝိုက်တွင် ဗက်တီးရီးယားများနှင့် အစားအစာများကပ်ငြိနေသော သွားချေးအလွှာများ စုပုံလာသောအခါတွင် သွားဖုံးရောင်ရမ်းခြင်းနှင့် သွားမြစ်ခြေရောင်ခြင်းကိုဖြစ်စေသည်။ သွားဖုံးများနီရဲပြီး အလွယ်တကူသွေးထွက်နိုင်သည်။ မကုသဘဲထားပါက သွားဖုံးရောဂါသည် ပိုဆိုးလာပြီး သွားများယိုင်နဲ့ခြင်းနှင့် ကျွတ်ထွက်ခြင်းဖြစ်စေကာ သွားများဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သွားများနှင့်သွားဖုံးများကို ပုံမှန်ဂရုစိုက်ခြင်းနှင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် နှလုံးသွေးကြောကျန်းမာရေးနှင့် အလုံးစုံ ကျန်းမာရေးကို ကာကွယ်ရာရောက်သည်။
ဟားဗတ်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒေါက်တာTien Jiang က ပါးစပ်သည် ခန္ဓာကိုယ်၏ တံခါးပေါက်တစ်ခုဖြစ်သောကြောင့် ခံတွင်း ကျန်းမာရေးသည် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကို အပြန်အလှန် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ခံတွင်းကျန်းမာရေး မကောင်းခြင်း၊ အထူးသဖြင့် သွားဖုံးရောဂါသည် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာတိုးစေသည်။ သွားဖုံးပိုးဝင်ခြင်းမှ ဗက်တီးရီးယားပိုးများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှု ကိုဖြစ်ပေါ်စေကာ သွေးလွှတ်ကြောအလွှာတွင် အဆီနှင့်သွေးခဲများ စုပုံလာစေသောကြောင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်ပေါ်စေနိုင်သည်။ နှလုံး နှင့် သွေးလွှတ်ကြောများကို ထိခိုက်စေနိုင်သောကြောင့် နှလုံးသွေးကြော ပိတ်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော အခြေအနေများကို ဖြစ်ပေါ်စေသည်။
ရာနှင့်ချီသောဗက်တီးရီးယား အမျိုးအစားများသည် ပါးစပ်ထဲတွင် သဘာဝအတိုင်းဖြစ်ပေါ်လျက်ရှိသည်။ တချို့သောသကြားများသည် သွားများ၏ အပြင်ဘက်အလွှာကို ပြိုကွဲစေသောအက်စစ်များ ထုတ် လွှတ်ကာ သွားတွင်အပေါက်များဖြစ်စေသည်။ တချို့ဗက်တီးရီးယား အမျိုးအစားများသည် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးတိုက်ခြင်းဖြင့် မဖယ်ရှားနိုင်ပါက မာကျောသောကျောက်အဖြစ် ခိုင်မာသွားပြီး သွားနှင့် ခံတွင်းကျွမ်းကျင်သူများ၏အကူအညီဖြင့်သာလျှင် ဖယ်ရှားနိုင်သည်။
သွားဆရာဝန်များနှင့် နှလုံးအထူးကုဆရာဝန်များသည် ခံတွင်းရောဂါ လက္ခဏာများမှတစ်ဆင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာများကို စောစီးစွာသိရှိနိုင်ရန် သုတေသနပြုခဲ့ကြပြီး နှလုံးကျန်းမာရေးကို ကာကွယ်ရန် သွားဖုံးပြဿနာများကို စောစီးစွာသိရှိခြင်းနှင့် ကုသခြင်း ၏အရေးကြီးမှုကို အလေးပေးဖော်ပြထားသည်။ ထို့ကြောင့် ပုံမှန်သွား တိုက်ခြင်း၊ သွားပွတ်ကြိုးတိုက်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းနှင့် သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း များသည် သွားဖုံးရောဂါမဖြစ်အောင် ကူညီပေးနိုင်ပြီး တစ်သက်တာ ကျန်းမာစေကြောင်း တွေ့ရှိရသည်။
သွားဖုံးသွေးယိုခြင်း
သွားဖုံးသွေးယိုခြင်းသည် အများအားဖြင့် သွားဖုံးရောင်ခြင်း သို့မဟုတ် သွားမြစ်ခြေရောင်ခြင်း စသည့်ဗက်တီးရီးယား ပိုးမွှားများစုပုံခြင်းကြောင့် ဖြစ်သော သွားဖုံးရောဂါ ပုံစံနှစ်မျိုးစလုံးကြောင့်ဖြစ်တတ်သည်။ သွားဖုံး ရှိ ဗက်တီးရီးယားများက သွားဖုံးများကို ရောင်ရမ်းစေပြီး အထူးသဖြင့် သွားတိုက်သောအခါ သို့မဟုတ် သွားပွတ်ကြိုးတိုက်သောအခါ သွေးထွက် စေသည်။ မကုသဘဲထားပါက ရောင်ရမ်းမှုသည် ပိုမိုပြင်းထန်သော သွားဖုံးရောဂါဖြစ်နိုင်ပြီး သွားများဆုံးရှုံးနိုင်သည်။ ဗက်တီးရီးယားများ သည် သွေးကြောထဲသို့စိမ့်ဝင်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေသောကြောင့် သွေးကြောအတွင်းပိုင်းကို ပျက်စီးစေနိုင်သည်။ နှလုံးရောဂါ အတွက် အဓိကအန္တရာယ်ဖြစ်စေသောအချက်ဖြစ်သည့် သွေးကြောများ အတွင်း အဆီများစုပုံခြင်း (Atherosclerosis) ကို ဖြစ်စေနိုင်သည်။
သွားဖုံးသွေးယိုခြင်းသည် ခံတွင်းသန့်ရှင်းရေးနှင့် သွားဖုံးရောဂါများ အပြင် ဗီတာမင်ချို့တဲ့မှုများ (အထူးသဖြင့် ဗီတာမင်-C နှင့် K)၊ ဟော်မုန်း အပြောင်းအလဲများ (ဥပမာ-ကိုယ်ဝန်)၊ သွေးချိုဆီးချိုရောဂါ၊ သွေးခဲမှုပုံမမှန်ခြင်းနှင့် သွေးကျဲဆေးများကဲ့သို့သော ဆေးဝါးများ၏ သက်ရောက် မှုများကြောင့်ဖြစ်နိုင်သည်။ အလွန်အကျွံ သွားတိုက်မိခြင်းနှင့် သင့်လျော် မှုမရှိသောသွားတုများ တပ်ဆင်ခြင်းသည်လည်း သွားဖုံးသွေးယိုခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သွားဖုံးများ မကြာခဏသွေးထွက်နေခြင်း ကို လျစ်လျူမရှုသင့်ဘဲ နှစ်ပတ်ထက်ပိုကြာပါက သွားဆရာဝန်ထံပြသ သင့်သည်။
သွားဖုံးများရောင်ရမ်းခြင်း
သွားဖုံးရောင်ခြင်းသည် ဗက်တီးရီးယားများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသော သွားဖုံးရောဂါကို ခန္ဓာကိုယ်က တိုက်ဖျက်နေကြောင်း အချက်ပြခြင်းဖြစ်နိုင်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်က ခံတွင်းဗက်တီး ရီးယားများကို ခုခံကာကွယ်နေသောအခါ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ရောင်ရမ်းမှု အမှတ်အသားများကို ထုတ်လွှတ်သည်။ အချိန်ကြာလာ သည်နှင့်အမျှ ရောင်ရမ်းမှုအမှတ်အသားများသည် နှလုံးတစ်သျှူးများနှင့် သွေးကြောနံရံများကို ပျက်စီးစေပြီး နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကိုဖြစ်ပေါ်စေသည်။ သွားဖုံးရောင်ရမ်းသော လူနာများတွင် နှလုံးရောဂါဖြစ်နိုင် ခြေကိုညွှန်ပြသော ဇီဝအမှတ်အသားတစ်ခုဖြစ်သည့် C-reactive pro-tein (CRP) ပမာဏကို မြင့်မားစေကြောင်း သုတေသနပြုတွေ့ရှိခဲ့သည်။
ထို့ကြောင့် သွားဖုံးများရောင်ရမ်းခြင်းသည် နှလုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်၏ သိမ်မွေ့သော သတိပေးချက်ဖြစ်နိုင်သည်။ သွားဖုံးကျန်းမာရေးကို မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းသည် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ သွားဖုံးရောင်ခြင်းကို ကုသခြင်းနှင့်ကာကွယ်ခြင်းသည် ဗက်တီးရီးယားများ ပြန့်ပွားမှုနှင့် သွေး ကြောများရောင်ရမ်းမှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။
သွားများလျော့ရဲခြင်းနှင့် သွေးလွှတ်ကြောများ အားနည်းခြင်း
သွားများကျွတ်ထွက်ခြင်းသည် ရောဂါပိုးဝင်ခြင်းမှ သွားတစ်ဝိုက်ရှိ အထောက်အကူပြု တစ်သျှူးများဆုံးရှုံးခြင်းနှင့် သွေးကြောများအတွင်း အဆီများစုပုံခြင်းကြောင့် သွေးကြောနံရံများ အားနည်းလာသောအခါ ခံတွင်းဖွဲ့စည်းပုံများနှင့် နှလုံးသွေးကြောကျန်းမာရေးနှစ်ခုစလုံးကို ထိခိုက်စေသည့် နာတာရှည်ရောင်ရမ်းမှုကို ညွှန်ပြလေ့ရှိသည်။ ရောဂါ ပိုးရှိသောသွားဖုံးမှ ဗက်တီးရီးယားများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး သွေးလွှတ်ကြောပျက်စီးမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကိုတိုးမြင့်လာစေကြောင်း လေ့လာမှုများကဖော်ပြသည်။ သွေးကြောများနှင့် နှလုံးတစ်သျှူးများတွင် ရောင်ရမ်းမှုကိုဖြစ်စေသည့် ကိုယ်ခံအားတုံ့ပြန် မှုများကိုဖြစ်ပေါ်စေကာ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ကို တိုးပွားစေသည်။ နာတာရှည်သွားဖုံးရောင်ခြင်းနှင့် ပိုးဝင်ခြင်းသည် နှလုံးကျန်းမာရေးကိုထိခိုက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဟားဗတ်ကျန်းမာရေး ဆန်းစစ်ချက်တစ်ခုအရ သွားဖုံးရောဂါကြောင့် သွားများဆုံးရှုံးသူများသည် နှလုံးအမောဖောက်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့သည်။
ခံတွင်းနံ့ဆိုးခြင်း
တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်နေသော်လည်း နာတာရှည်ခံတွင်း နံ့ဆိုးခြင်းသည် သွားဖုံးပိုးဝင်ခြင်းအတွက် သတိပေးချက်ဖြစ်နိုင်သည်။ ခံတွင်းနံ့ဆိုးခြင်းသည် အန္တရာယ်မရှိဟု ထင်ရသော်လည်း နာတာရှည် ခံတွင်းနံ့ဆိုးခြင်းသည် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတစ်ခုထက်မက ဖြစ်နိုင်သည်။ ရောဂါပိုးများသည် သွားဖုံးများကို နာကျင်စေရုံမျှမက သွေးကြောများအတွင်းသို့ ဝင်ရောက်ကာ သွေးကြောနံရံများကို ပျက်စီးစေနိုင်သည်။ ဆာလဖာထုတ်လုပ်သည့် ဗက်တီးရီးယားများကို နှလုံးသွေးကြောအတွင်းရှိ Plaque များတွင် မကြာခဏတွေ့ရှိရသည်။ ခံတွင်း နံ့ထွက်နေခြင်းသည် နှလုံးနှင့်သွေးကြောကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ခံတွင်းပိုးဝင်ခြင်းကြောင့် ပြင်းထန်သောရောင်ရမ်းမှု ဖြစ်စေသည့် သတိပေးချက်ဖြစ်နိုင်သည်။
ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းထားခြင်းသည် ရောင်ရမ်းခြင်းနှင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သော ဗက်တီးရီးယားများ ပျံ့နှံ့မှုကိုတားဆီးပေးသောကြောင့် အမှန်တကယ်နှလုံး ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြစ်သည်။ လေ့လာမှုများအရ ခံတွင်းနံ့ဆိုးစေသော သွားဖုံးရောဂါ ရှိသူများသည် သွေးလွှတ်ကြောများမာကျောခြင်း၊ သွေးခဲခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များအပါအဝင် သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေ နှစ်ဆနီးပါးဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ခံတွင်း သန့်ရှင်းရေးကို ကောင်းမွန်စွာထိန်းသိမ်းခြင်းနှင့် သွားဖုံးပိုးဝင်ခြင်းအတွက် စောစီးစွာကုသမှုခံယူခြင်းသည် ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေရုံသာမက ရောင်ရမ်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အကျိုးဆက်များကို လျှော့ချပေးသည်။
အချုပ်အားဖြင့်ဆိုရသော် သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း၊ သွားဖုံး မှသွေးထွက်ခြင်းနှင့် သွားဖုံးများလျော့ရဲခြင်းအတွက် စောစီးစွာကုသမှု ခံယူခြင်း၊ သွေးချိုဆီးချိုရောဂါကဲ့သို့သော ကျန်းမာရေးအခြေအနေများကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းသည် သွားဖုံးမှအစပြုသည့် နှလုံးသွေးကြောစနစ်ရောင်ရမ်းခြင်း အန္တရာယ်ကို လျှော့ချပေးပြီး သွေးလွှတ်ကြော များပျက်စီးမှု၊ သွေးခဲဖွဲ့စည်းမှုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေး သုတမျှဝေရေးသားလိုက်ရပါသည်။
MWD
