ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်၏ နုပျိုချိန်
Posted_Date
Image
Body
လူသားတိုင်းတွင် နောက်ဆုံးဖြစ်ချင်ကြသည့်ဆန္ဒလေးတစ်ခုရှိသည်။ ဤသည်ကား အသက်အရွယ်အိုမင်းလာချိန်တွင် ဘဝကိုအေးအေးချမ်းချမ်းဖြင့် အဆုံးသတ်လိုခြင်းပင်ဖြစ်၏။ စာရေးသူတို့ မြန်မာ့လူမှုနယ်ပယ်တွင် အိုဇာတာဟုသုံးနှုန်းတတ်ကြစမြဲပင်။ ဆိုရလျှင် လူသားတိုင်း အိုဇာတာကောင်းချင်ကြသည်ဟု အားလုံးကိုယ်စား စာရေးသူဖြေပေးရလိမ့်မည်။ အိုဇာတာကောင်းလိုလျှင် စာဖတ်သူအားလုံးမဖြစ်မနေ လုပ်ရမည်မှာ တစ်ချက်တော့ရှိသည်။ ဤသည်ကား ပညာရေးကို အားပေးခြင်းပင်။ အားမပေးမိခဲ့လျှင်မည်သို့ဖြစ်နိုင်ပါသနည်း။
“အိုဇာတာကောင်းဖို့ မသေချာပါဘူး” ဟုလည်း အဖြေတစ်ခုကား အသင့်ရှိနေပါသေးသည်။
နိုင်ငံများ၏ အသက်အရွယ်အလိုက် ရပ်တည် လည်ပတ်နေမှုများကို ပြန်လည်ဆန်းစစ်ကြည့်ကြမည်။ နိုင်ငံတိုင်းတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံဖြင့်လည်ပတ်နေကြ၏။ အသက် ၅ နှစ်မှ ၂၂နှစ်ထိအရွယ်များသည် ပညာသင်ယူကြဆဲအရွယ်များဖြစ်သည်။ အသက် ၂၃နှစ်နှင့် ၂၅ နှစ်အရွယ်များသည် ကဏ္ဍစုံတွင် အလုပ်သင်သဘောဖြင့် လုပ်ငန်းခွင်စတင်ဝင်ရောက်ကြသည့် အရွယ် များဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ကဏ္ဍစုံလည်ပတ်ရေး ယန္တရားတွင် အဓိကစွမ်းဆောင်နေသည့် ဇာတ်လိုက်များသဖွယ် ရုန်းကန်ကြိုးစားနေသည့် အရွယ်များမှာ အသက် ၃၀ မှ ၄၀ကျော်အရွယ်များဖြစ်၏။ အသက် ၅၀ မှ ၆၀ ထိအရွယ်များသည် ဦးစီးဦးဆောင်အဖြစ် ထိန်းမတ်ပေးသူများအဖြစ်နှင့်သာရှိတော့သည်။
ယနေ့ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ပျမ်းမျှသက်တမ်းအရဆိုလျှင် အသက် ၆၀ မှ ၇၀ ကျော်အရွယ်များသည် ထိပ်ဆုံးမှဦးဆောင်ကြပ်မတ်နေသူ ခေါင်းဆောင်များအဖြစ်နှင့်သာ ရပ်တည်နေတော့သည်ကို ပျမ်းမျှတွေ့ရှိရမှာဖြစ်၏။ အိမ်တစ်အိမ်တွင်လည်း ထိုသဘောကိုတွေ့ရသည်။ နိုင်ငံတစ်နိုင်ငံတွင်လည်း ထိုသဘောကိုတွေ့ရသည်။ ဤအသက်အပိုင်းအခြားအုပ်စုကြီးသည် ယန္တရားကြီးသဖွယ် သင်္ခါရတရားနှင့်အညီ လည်ပတ်နေသည်ကိုတွေ့မြင်ကြရမည်ဖြစ်သည်။ နောက်ဆုံးအသက်အပိုင်းအခြားသည် လူ့သက်တမ်း၏ အိုဇာတာအချိန်ပင်ဖြစ်၏။
နောက်ဆုံးအသက်အပိုင်းအခြားအတွက် အိုဇာတာကောင်းလိုလျှင် ပညာသင်အရွယ်မှအစပြု၍ အသိပညာ၊ အတတ်ပညာဟူသော ပညာမွန်ကို ထည့်ပေးနိုင်ရမည်။ ဤသည်ကား မဖြစ်မနေလုပ်ဆောင်ရမည့် လက်တွေ့ကျသော ပေးအပ်နှင်းဆက်ခြင်းပင်ဖြစ်၏။ ထိုသို့သော ပညာမွန်ကို မပေးအပ်နိုင်လျှင် အသက်အပိုင်းအခြားအလိုက် မည်သို့မည်ပုံဖြစ်လာမည်နည်း။ တွေးဆကြည့်လျှင် ရင်လေးစရာအဖုံဖုံကို ဆက်စပ်တွေ့မြင်ရမှာဖြစ်သည်။
ရှေးခေတ်မြန်မာဘုရင်များလက်ထက်တွင် လူငယ်များ ပညာရေးအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှတစ်ဆင့် ပညာသင်ကြားရေးကို စတင်ခဲ့ကြသည်။ အရွယ်ရောက်လာသူ မင်းညီမင်းသားများကို တက္ကသိလာဟူသည့် တက္ကသိုလ်များတွင် ပညာရပ်အသွယ်သွယ်ကိုသင်ကြားစေသည်။
တိုင်းပြည်အလိုက် မင်းညီမင်းသားများအနေဖြင့် တတ်မြောက်သင့်သောအဋ္ဌာရသများကို တတ်မြောက်စေပြီးလျှင် အိမ်ရှေ့စံအဖြစ်တင်မြှောက်ကြ၏။
နောင်အခါဝယ် တိုင်းပြည်အတွက် အားကိုးအားထားရသည့် ဘုရင်များအဖြစ် တင်မြှောက်ကြသည်။ ပညာဟူသောအရာကို ဘုန်းတော်ကြီးကျောင်းများမှ မစတင်မိခဲ့လျှင် တိုင်းပြည်အတွက် မင်းကောင်းမင်းမြတ်ပင် ဖြစ်မလာနိုင်သည်ဟူသောအချက်ကိုတွေ့မြင်ရမှာဖြစ်သည်။ ဤသည်ကား ရှေးခေတ်မှအစပြုခဲ့သည့် ပညာရေးပင်ဖြစ်၏။
စာရေးသူတို့နိုင်ငံ၏ ပညာရေးခရီးလမ်းကိုကြည့်လျှင် နိမ့်ကျခဲ့ရသည့်အခြေအနေများကို သမိုင်းအဆစ် အချိုးအကွေ့များတွင် တွေ့မြင်ခဲ့ရမည်ဖြစ်၏။ကိုလိုနီလက်အောက်ခံဘဝတွင် စာရေးသူတို့နိုင်ငံ၏ ပညာရေးများစွာနိမ့်ပါးခဲ့သည်။ မိမိနိုင်ငံ၏ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဟူသေ
နိုင်ငံ၏နိဒါန်းအစတွင်လည်း ဖြစ်ပေါ်ခဲ့သော ပြည်တွင်းသောင်းကျန်းမှုများကြောင့် ပညာရေးမှာအားနည်းချက်များဖြင့်သာရှိနေခဲ့ရသည်။ ပြည်တွင်းသောင်းကျန်းမှုသည် နိုင်ငံရေးအယူဝါဒ ကွဲပြားမှုကြောင့်ဟုဆိုရမည်။ နိုင်ငံရေးအယူဝါဒ မတူညီသည်ကားအပြစ်မဟုတ်။ အယူဝါဒမတူညီသည်ကို စွဲကိုင်၍ အတ္တကိုရှေ့တန်းတင်မိပြီး လက်နက်ကိုင်လမ်းစဉ်ကို ခြေစုံချမိခြင်းသာ အပြစ်ဖြစ်သည်ဟုဆိုရမည်။
ထိုသာဓကသည် ပညာရေးရေချိန်နိမ့်ပါးမှုကို ညွှန်းဆိုလေ၏။ တစ်နည်းဆိုသော် ကိုလိုနီခေတ်၏ ပညာရေးနိမ့်ကျမှုကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးဟုဆိုရပေမည်။
ခေတ်အလိုက် နိုင်ငံတော်အစိုးရများက နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင်ခဲ့ကြသည်။ နိုင်ငံရေးတည်ငြိမ်မှုကတစ်ဖက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကတစ်ဖက်၊ နိုင်ငံတော်စီးပွားရေး ကောင်းမွန်ရေးကတစ်ဖက်၊ ပြည်တွင်းသောင်းကျန်းမှုများကို
နှိမ်နင်းနေရသည်ကတစ်ဖက်နှင့် ပညာရည်မြင့်မားရေးကား မျှော်မှန်းသည်ထက် နောက်ကျခဲ့ရသည်။
အခြားသောပြည်ပနိုင်ငံများကား ပညာကိုအခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ကုန်ကျပြီ။ မိမိတို့မှာကြိုးစားဆဲသာဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအစိုးရခေတ်သို့ရောက်လာခဲ့သည်။ အခမဲ့မသင်မနေရပညာရေး စနစ်ကိုကျင့်သုံးခဲ့သည်။ အတိတ်သမိုင်းများကို သင်ခန်းစာယူပြီး ပညာရေးကဏ္ဍကို ဦးတည်ချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော် ပြည်တွင်းသောင်းကျန်းမှုများကား မဆိတ်သုဉ်းသေး။ တိုင်းရင်းသားလူငယ်အချို့ ကွန်ပျူတာကိုင်ပြီး ပညာသင်၊ လုပ်ငန်းခွင်ဝင်နေရမည့်အရွယ်တွင် သေနတ်ကိုင်ပြီး ထင်ရာစိုင်းနေကြသည်။ သို့သော် နိုင်ငံ၏ပညာရေး မျှော်မှန်းချက်မှာ ယခင်ကာလများထက် ပိုမိုတိုးတက်လာသည့် လက္ခဏာရပ်များကို တွေ့မြင်ခဲ့ရသည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း NLD ပါတီ အစိုးရလက်ထက်တွင် အံ့အားသင့်စရာများကို တစ်ပွေ့တစ်ပိုက်တွေ့မြင်ခဲ့ရသည်။ နိုင်ငံရေးအယူဝါဒမတူညီခြင်းဟုခေါင်းစဉ်တပ်ကာ ပုဂ္ဂိုလ်တစ်ဦးအပေါ် အလွန်အမင်းကိုးကွယ်မိရာကတစ်ဆင့် စာသင်ကျောင်း၊ တက္ကသိုလ်များကို ကျောခိုင်းခဲ့သည့် ဆရာ၊ ဆရာမများကိုတွေ့လိုက်ရသည်။ တစ်တိုင်းတစ်ပြည်လုံး ကိုဗစ်-၁၉ ရောဂါကို အသက်လုတမျှခံစားနေရချိန်တွင် ကျန်းမာရေးကဏ္ဍကို ကျောခိုင်းခဲ့သည့်ဆရာဝန်များကို မျက်ဝါးထင်ထင်တွေ့မြင်ရပြန်သည်။ မိမိပညာထက် လူပုဂ္ဂိုလ်ကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ပုံများက ပညာဆိုသည်မှာ မည်သို့အဓိပ္ပာယ်နှင့်မျှ ပြည့်စုံမည်နည်းဆိုသည်ကို တွေးခေါ်ဆန်းစစ်စရာဖြစ်ခဲ့ရသည်။
အစိုးရယန္တရားရပ်တန့်ဖို့၊ လုပ်ငန်းခွင်များကို စွန့်ခွာဖို့၊ ကလေးငယ်တွေကို ကျောင်းမတက်ဖို့ စသည်ဖြင့်လှုံ့ဆော်ခဲ့ကြသည်။ ခေတ်စကားအရခေါ်ဆိုကြသည့် ပညာတတ်ဟူသော လူတန်းစားများကပါ ဤသို့လှုံ့ဆော်ခဲ့ကြ၏။ နဂိုပညာရည်နိမ့်ပါးခြင်း မီးကြွင်းမီးကျန်များကို ပညာတတ်များ၏ လှုံ့ဆော်မှုများက အားမြှင့်ပေးခဲ့သည်။ မီးကုန်ယမ်းကုန်လောင်မြိုက်ခဲ့ရသည်။ ဤသည်တွင် ပညာတတ်များဖျက်ဆီးသော တိုင်းပြည်သည် ပိုမိုပျက်စီးသည်ဟူသော စာတစ်ကြောင်းကို အဓိပ္ပာယ်ဖွင့်ဆိုပေးသလိုဖြစ်ခဲ့ရသည်။ နောက်ဆုံးအကျိုးရလဒ်မှာ ကျောင်းမသွားခိုင်းဘဲ လမ်းပေါ်ထွက် ဆန္ဒပြခိုင်းခဲ့သည့် လူငယ်များဒုက္ခအတိရောက်ခဲ့ကြရသည်။
ထို့ကြောင့် ပညာဟူသည်မှာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ခွဲခြားနိုင်ခြင်းသည်သာ ပညာအစစ်ဖြစ်သည်ဟု ခံယူထားကြရမည်။ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူငယ်များကို မွေးထုတ်အားပေးနိုင်ရမည်။ ဆိုရလျှင် အတန်းပညာမှ အတတ်ပညာ၊ အသိပညာသို့ ချောမွေ့စွာကူးပြောင်း ပေးနိုင်ရမည်ဖြစ်သည်။ အတန်းပညာမရှိခဲ့သူ၏ နေထိုင်မှုစရိုက်လက္ခဏာနှင့် အတန်းပညာရှိသူ၏ နေထိုင်မှုစရိုက်လက္ခဏာ ကွာခြားမှုရှိသည်။ အတန်းပညာ၊ အတတ်ပညာမရှိသူ၏ ဆင်ခြင်တွေးခေါ်ဆုံးဖြတ်မှုနှင့် အတန်းပညာ၊ အတတ် ပညာ၊ အသိပညာရှိသူ၏ ဆင်ခြင်တွေးခေါ်ဆုံးဖြတ်မှုတို့သည်လည်း ကွာခြားနေပါသေးသည်။
လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိသည်။ အတန်းပညာအတွက် စာသင်ကျောင်းများ၊ တက္ကသိုလ်များ အဆင့်မြှင့်တင်ခြင်း၊ သင်ရိုးများမွမ်းမံခြင်း၊ သင်ကြားသူဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေးများမြင့်မားစေခြင်းတို့ကို စဉ်ဆက်မပြတ်အားပေး ဆောင်ရွက်လျက်ရှိသည်။ သင်ကြားသူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်ခံယူချက်မြင့်မားစေရေးအတွက် အားကစားကဏ္ဍ၊ လူငယ်ကဏ္ဍကဲ့သို့သော အစီအမံများဖြင့် စနစ်တကျ ဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဘဝလမ်းတစ်ဆစ်ချိုး၌ အကြောင်းတစ်စုံတစ်ရာကြောင့် အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သူများအတွက် အတတ်ပညာသင်ကြားနိုင်ရေးကိုလည်း ဆောင်ရွက်ပေးထားသည်။ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှု အထက်တန်းကျောင်းများ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များသည် သက်သေပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဤကဏ္ဍကို နိုင်ငံတော်၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ယင်းလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို ဒေသထွက် ကုန်ထုတ်လုပ်ငန်းများအဖြစ် ထုတ်လုပ်နိုင်သည့် MSME လုပ်ငန်းများဟူ၍ အဆင့်ဆင့်မျှော်မှန်း ဆောင်ရွက်ထားသည်ကို တွေ့မြင်ရမည်ဖြစ်၏။ အစိုးရက လမ်းခင်းပေးထားသည်။ ပြည်သူများက လျှောက်လှမ်းနိုင်ဖို့သာလိုပါသည်။ တစ်နေ့အိုဇာတာအချိန်အတွက် မိတ်ဆွေတို့ပညာကိုမည်သို့အသုံးချမည်နည်း။ အပျက်တရားများနှင့် ပကတိအဖြစ်တရားများကြားတွင် ဆက်စပ်တွေးခေါ်နိုင်ကြဖို့ အရေးကြီးလေပြီ။
လယ်ဝေးမြို့နယ် သစ်ကြိမ်းဟူသော ရွာလေးတစ်ရွာသို့ရောက်သွားခဲ့သည်။ ရွာကားအိမ်ခြေ ၅၀၀ နီးပါးခန့်ရှိမည်ထင်သည်။ အလယ်တန်းကျောင်းခွဲတစ်ကျောင်းရှိ၏။ ကြံစိုက်၊ ပဲစိုက်လုပ်ငန်းများဖြင့် အဓိကအသက်မွေးကြသည်။ ရွာလေးမှာ ရေနီမြို့နှင့်မိုင်အနည်းငယ်ကွာဝေး၏။ ရွာရှိကျောင်းမှာ ကိုးတန်းအထိရှိသည်။ ထိုအထိကားပြဿနာမဟုတ်။ ပြဿနာကား ကိုးတန်းပြီးလျှင် ကျောင်းပြီးပြီဟုဆိုရိုးက ဆန်းလှသည်။ အထက်တန်းပညာအတွက် သူတို့ရွာတွင်သင်မရ၊ ရေနီမြို့သို့ကျောင်း သွားတက်ရသည်။ ရေနီမြို့အထက်တန်းကျောင်းတွင် ပညာဆက်သင်ရန်သူတို့ အသက်မွေးဝမ်းကျောင်းဝင်ငွေနှင့် လူတိုင်းမလောက်ငကြ။ အဆောင်စရိတ်၊စားစရိတ်၊ အသုံးစရိတ်အားလုံးကို တစ်နှစ်စာသူတို့တွက်ပြသည်။ ဟုတ်တော့လည်းဟုတ်သည်။ သူတို့မစွမ်းသာကြ။ တတ်နိုင်သူများက ရေနီမြို့တွင်ဆက်ထားကြသည်။ ပညာဆုံးခန်းတိုင်သူတွေ အနည်းအကျဉ်းရှိသည်။ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိဘများကွယ်ရာမို့ ပညာရေးထက်အချစ်ရေးကို ဦးစားပေးပြီး အိမ်ထောင်ကျကုန်ကျသည်။ မိဘများဝမ်းနည်းပက်လက်ဖြစ်ကုန်ကြရပြန်သည်။
ကိုးတန်းပြီးကျောင်းပြီးပြီဆိုသော ရွာတွင်ကျန်ခဲ့သည့်လူငယ်များကပိုဆိုးသည်။ အများစုမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျကုန်ကြသည်။ စာရေးသူနေသခိုက် မင်္ဂလာပွဲတစ်ပွဲနှင့်ကြုံသည်။
မဏ္ဍပ်ဆောက်သည့်နေရာတွင် ဆိုင်ကယ်တဝီဝီ၊ ဖုန်းတစ်ကိုင်ကိုင်ဖြင့် ကောင်လေးနှင့်ကောင်မလေးကို သတို့သားဖခင်က သတို့သားနှင့်သတို့သမီးဟု လက်ညှိုးထိုးပြသည်။ ရင်လေးစွာဖြင့် တည်းခိုရာ ကျေးရွာလူကြီးအိမ်သို့ပြန်ခဲ့သည်။
“ခက်တာပဲဆရာရေ ဘယ်လိုလုပ်ပြီး ရွာလူကြီးကခွင့်ပြုချက်ပေးလို့ရမှာလဲ၊ သတို့သား၊ သတို့သမီးက အသက်ကမပြည့်သေးဘူးဗျာ” ဟု ကျေးရွာလူကြီး၏ လေးလေးပင်ပင်ငြီးသံကြီးကို အထင်းသားကြားလိုက်ရသည်။ အခြားသောအိမ်များတွင်လည်း သားသမီးများက ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျပြီး မိဘများထံပြန်မှီခိုကြသည့်စုံတွဲများကိုလည်း အများအပြားတွေ့ခဲ့ရသည်။ လက်လုပ်လက်စားမိဘများမို့ ချူချူပါအောင်ငြီးကြပြန်သည်။ ပညာရေးနိမ့်ကျမှုများကတစ်ဆင့် ဥပဒေရေးရာ၊ လူမှုဘဝများထိ ထိခိုက်ပွန်းပဲ့ကုန်သည်ကိုတွေ့မြင်ခဲ့ရသည်။ ဤမျှမက ကဏ္ဍစုံထိ စွန်းထင်းပွန်းပဲ့နိုင်သေး၏။ ထို့ကြောင့် သူတို့လည်း အိုဇာတာမကောင်းကြပါဟုသာ ကောက်ချက်ချမိ၏။ စာရေးသူလည်း မိဘတစ်ဦးပေမို့ သူတို့ဘဝအထွေထွေကို စိုးရိမ်တကြီးဖြင့် သင်ခန်းစာအမိအရ ယူခဲ့မိပါသည်။ နိုင်ငံတွင် ဤသို့သော ရွာမျိုးဘယ်နှရွာပင်ရှိနေမည်နည်း။ နိုင်ငံတစ်နိုင်ငံအတွက် Strong Government တစ်ရပ်၏ တာဝန်များကို တွေးမြင်မိသေးသည်။ ဤသည်ကား စာရေးသူ၏ တဒင်္ဂအတွေးပျံ့လွင့်မိခြင်းသာ။
ယနေ့လူငယ်မျိုးဆက်သစ်များကို အသိပညာ၊အတတ်ပညာဟူသော မြတ်ပညာမွန်ပေးစွမ်းနိုင်မှသာ ယနေ့နိုင်ငံ့တာဝန်၊ အိမ်ထောင့်တာဝန်၊ ကဏ္ဍအသွယ်သွယ်ရဲ့တာဝန်တွေကို အဓိကပခုံးထမ်းယူထားသော မျိုးဆက်များမှာ အိုဇာတာကောင်းချိန်ကို စံစားရမည်သာဖြစ်သည်။ ပညာသင်အရွယ်၊ လုပ်ငန်းခွင်ဝင်စအရွယ်၊ လုပ်ငန်းခွင်အဓိကလည်ပတ်နိုင်ရေး ဇာတ်လိုက်သဖွယ် မျိုးဆက်သစ်များအရွယ်များကြား၌ ပညာဟူသောအမွေကို မပြတ်ပေးစွမ်းနိုင်ဖို့လိုအပ်နေပါပြီ။ ထိုမှသာ မိမိတို့အရွယ်အလိုက် အိုဇာတာကောင်းချိန်နှင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုများဖြင့် နုပျိုချိန်များကား တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာမည်ဟု အသိထုံးကိုစာစီမှုန်း၍ ခြယ်သလိုက်ရပါတော့သည်။ ။
MWD
