နို့မှတစ်ဆင့် လူသို့ကူးစက်နိုင်သည့် ဗက်တီးရီးယားရောဂါများ
Posted_Date
Image
Body
နို့သည် လူတို့အတွက် အာဟာရဓာတ်ကြွယ်ဝသည့်အစာဖြစ်သကဲ့သို့ ဗက်တီးရီးယားပိုးမွှားများ ပေါက်ပွားရန် အလွယ်ကူဆုံး ပိုးပွားစာတစ်မျိုးဖြစ်သည်။ သို့ဖြစ်ရာ နို့ကိုသန့်ရှင်းစွာထုတ်လုပ်ခြင်း၊ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းမရှိပါက အလွယ်တကူပျက်စီးလွယ်ပြီး ရောဂါပိုးများနို့ထဲတွင်ပါဝင်ပါက လူသို့ရောဂါကူးစက်စေနိုင်သည်။ ရောဂါကင်းသောနွားမမှ သန့်ရှင်းသောနို့ထုတ်လုပ်နိုင်သော်လည်း မသန့်ရှင်းသည့် နို့ညှစ်လုပ်သားမှတစ်ဆင့် နို့ထဲသို့ ရောဂါပိုးများဝင်ရောက်နိုင်သည်။ နို့ညှစ်ရာတွင် အသုံးပြုသောပစ္စည်းကိရိယာများ၊ ခြံလုပ်ငန်းသုံးပစ္စည်းများကို သန့်ရှင်းစွာဆေးကြော၍ အဏုဇီဝပိုးမွှားများမရှိအောင် အလေးထားရမည်။ ပေါ့ပါးခိုင်ခံ့၍ သံချေးမတက်သော နို့ညှစ်ပုံး၊ နို့ထည့်ပုံးများကိုသာသုံးစွဲသင့်ပြီး နို့ထည့်ပြီးပါက ရေတစ်ထပ်၊ ဆပ်ပြာတစ်ထပ် ရေနွေးဖြင့်ဆေးကြောသန့်စင်၍ ရေစင်အောင်မှောက်ထားရမည်။ နို့ညှစ်ပြီးနွားနို့အပူချိန်သည် ၉ဝ ဒီဂရီဖာရင်ဟိုက်ခန့်ရှိ၍ အပူချိန်ကို ၄၀ ဒီဂရီဖာရင်ဟိုက်ထိလျှော့ချ၍ ထားသင့်သည်။ ၉ဝ ဒီဂရီဖာရင်ဟိုက်တွင် ဗက်တီးရီးယားပိုးများပွားနှုန်းကောင်းသဖြင့် နို့ကိုလျင်မြန်စွာပျက်စီးစေနိုင်သည်။ နွားနို့သည် ပူသောပတ်ဝန်းကျင်တွင် ၃ နာရီမှ ၄ နာရီအတွင်း ပျက်စီးစေနိုင်သဖြင့် အအေးခံ၍ သိုလှောင်ထားရန် သို့မဟုတ် နို့လက်ခံသည့်နေရာသို့ အမြန်ဆုံးရောက်အောင် ပို့ဆောင်ရန်လိုအပ်သည်။ နို့သည် အာဟာရဓာတ်ကြွယ်ဝပြီး အဏုဇီဝပိုးများပေါက်ပွားရန် အကောင်းဆုံးပတ်ဝန်းကျင် တစ်ခုဖြစ်သောကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများတွင် အဏုဇီဝပိုးများ၏ လုပ်ဆောင်ချက်များကို နားလည်ရန်အရေးကြီးသည်။ နို့တွင် အောက်ပါအဏုဇီဝပိုးများပါဝင်နိုင်သည် -
အကျိုးပြုဗက်တီးရီးယားများ
Lactobacillus bulgaricus ၊ Streptococcus thermophilus နှင့် Bifidobacterium အစရှိသော ဗက်တီးရီးယားများသည် ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ် စသည့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ဤဗက်တီးရီးယားများသည် လက်တစ်အက်စစ် (lactic acid) ထုတ်လုပ်ခြင်းဖြင့် နို့ကိုချဉ်သွားစေပြီး နို့ထွက်ပစ္စည်းများ၏ အနံ့၊ အရသာနှင့် ဖွဲ့စည်းပုံကိုပြောင်းလဲစေသည်။ အကျိုးပြုဗက်တီးရီးယားများသည် lactose ကို ချေဖျက်ပေးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးသည်။
အဏုဇီဝပိုးမွှားများ
Salmonella၊ E.coli (Escherichia coli)၊ Listeria monocytogenes၊ Staphylococcus စသည့်ရောဂါပိုးများသည် နို့နှင့်နို့ထွက်ပစ္စည်းများမှတစ်ဆင့် လူသားများကို ရောဂါဖြစ်စေနိုင်သည်။
နို့၏အရည်အသွေးထိန်းသိမ်းခြင်း
နို့ပေါင်းခံခြင်း
နို့ပေါင်းခံခြင်း၏ အဓိကရည်ရွယ်ချက်မှာ အန္တရာယ်ရှိသော ဗက်တီးရီးယားများ (ဥပမာ Salmonella, E. coli, Mycobacterium bovis)ကို သေစေရန်နှင့် နို့ကိုပိုမိုကြာရှည်ခံအောင် ပြုလုပ်ခြင်းဖြစ်သည်။
နို့ကို ၆၃ ဒီဂရီဆဲလ်စီးယက် (145°F)တွင် ၃၀ မိနစ်ကြာ သို့မဟုတ် ၇၂ ဒီဂရီဆဲလ်စီးယက် (161°F) တွင် ၁၅ စက္ကန့်ကြာအပူပေးပြီး နို့ပေါင်းခံခြင်းဟုခေါ်သည်။ ၎င်းသည် စားသုံးသူများ၏ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက နို့၏အာဟာရဓာတ်ကို ထိန်းသိမ်းပေးပြီး အစားအစာ၏ အရည်အသွေးနှင့်သက်တမ်းကိုလည်း မြှင့်တင်ပေးနိုင်သည်။
အအေးခံခြင်း
နို့ကိုအေးမြသောအပူချိန်တွင် သိမ်းဆည်းခြင်းဖြင့် အဏုဇီဝပိုးများပေါက်ပွားမှုကို နှေးကွေးစေသည်။
သန့်စင်ခြင်း
Sterilization သည် နို့ကိုအပူပေးပြီး ရောဂါပိုးမွှားအားလုံးကို သေစေသောနည်းလမ်းဖြစ်သည်။ နို့ကို ၁၁၅ ဒီဂရီဆဲလ်စီးယက် (239°F)တွင် ၁၅ မိနစ်မှ မိနစ် ၂၀ အထိ အပူပေးခြင်းဖြစ်သည်။ နို့တွင်ပါဝင်သော အဏုဇီဝပိုးများ၏ သဘောသဘာဝကိုနားလည်ခြင်းသည် နို့နှင့်နို့ထွက်ပစ္စည်းများ၏ အရည်အသွေးကို မြှင့်တင်ရန်၊ ရောဂါပိုးများကို ထိန်းချုပ်ရန်နှင့် ကျန်းမာရေး အကျိုးကျေးဇူးများကိုရရှိစေရန် အရေးကြီးသည်။
နို့မှတစ်ဆင့်ကူးစက်နိုင်သော ဗက်တီးရီးယားရောဂါများ
နို့မှတစ်ဆင့်လူသို့ ရောဂါကူးစက်နိုင်ပုံနည်းလမ်း (၂)မျိုးရှိသည်။
(က) တိရစ္ဆာန်တွင်ဖြစ်ပွားသည့် ရောဂါများ လူသို့ကူးစက်စေခြင်း
(ခ) လူတွင်ဖြစ်ပွားသည့် ရောဂါများကူးစက် စေခြင်း
နို့မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ရောဂါပိုးများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာကိစ္စတစ်ခုဖြစ်သည်။ နှစ်စဉ် လူပေါင်း ၂၄၃၀၀၀ ခန့်သည် ဤရောဂါများကြောင့် သေဆုံးနေကြပြီး အများစုမှာ အသက်ငါးနှစ်အောက်ကလေးများဖြစ်သည်။ နို့သန့်ရှင်းရေးနှင့်နည်းပညာများတွင် ကြီးမားသောတိုးတက်မှုများရရှိခဲ့သော်လည်း နို့မှတစ်ဆင့် ကူးစက်သောရောဂါများသည် လူသားကျန်းမာရေးအတွက် အလွန်အရေးကြီးနေဆဲဖြစ်သည်။ ထို့ကြောင့် နို့သန့်ရှင်းရေးနှင့် ထိန်းချုပ်မှုသည် အစားအစာသိပ္ပံ(နည်းပညာပိုင်း)၏အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
နို့မှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ရောဂါပိုးများသည် မသန့်ရှင်းသောနို့ သို့မဟုတ် နို့ထွက်ပစ္စည်းများကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။ ဗက်တီးရီးယားများသည် နို့ထဲသို့ ရောဂါပိုးကူးစက်ခံထားရသောနွားများ သို့မဟုတ်အခြားတိရစ္ဆာန်များ၊ မသန့်ရှင်းသောရေ သို့မဟုတ် မသန့်ရှင်းသောမျက်နှာပြင်များနှင့် ထိတွေ့မိခြင်းမှတစ်ဆင့် ဝင်ရောက်နိုင်သည်။ ဗက်တီးရီးယားများ နို့ထဲသို့ဝင်ရောက်ပြီးနောက် ပွားများလာကာ ရောဂါဖြစ်ပွားစေနိုင်သည်။ နို့သည်ပိုးမွှားများပေါက်ပွားရန် အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်သည်။
တိရစ္ဆာန်သည် ရောဂါလက္ခဏာများမပြသော်လည်း ၎င်း၏နို့တွင် ရောဂါပိုးမွှားများပါဝင်နိုင်သည်။
နို့မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၏ လက္ခဏာများသည် ပါဝင်သောရောဂါပိုး အမျိုးအစားပေါ်မူတည်၍ ကွဲပြားနိုင်သော်လည်း အတွေ့ရများသော လက္ခဏာများမှာ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အဖျားတက်ခြင်းတို့ ပါဝင်နိုင်သည်။ အချို့သောရောဂါပိုးများသည် ဦးနှောက်အမြှေးရောင်ခြင်း သို့မဟုတ် သွေးဆိပ်တက်ခြင်းကဲ့သို့သော ပိုမိုပြင်းထန်သော ရောဂါများကိုဖြစ်စေနိုင်သည်။ နို့မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကိုကုသရာတွင် ပုံမှန်အားဖြင့် ပဋိဇီဝဆေးများကို အသုံးပြုသော်လည်း ပိုမိုပြင်းထန်သော အခြေအနေများတွင် ဆေးရုံတက်ကုသရန် လိုအပ်နိုင်သည်။
(က) တိရစ္ဆာန်တွင်ဖြစ်ပွားသည့်ရောဂါများ လူသို့ ကူးစက်စေခြင်း
ကျွဲနွားတီဘီရောဂါ တီဘီရောဂါသည် ကမ္ဘာ့နိုင်ငံအများစုတွင်ဖြစ်ပွား၍ နို့စားနွားအတွက် အထူးအရေးကြီးသော ရောဂါတစ်မျိုးဖြစ်သည်။ တီဘီရောဂါသည် လူအပါအဝင် သတ္တဝါတိုင်းတွင်ဖြစ်ပွားတတ်သည်။ တီဘီရောဂါဖြစ်နေသော နွားမ၏နို့ကိုသောက်သုံးခြင်းဖြင့်လည်းကောင်း၊ တီဘီရောဂါဖြစ်နေသော နွားများနှင့် အမြဲမပြတ်ထိတွေ့နေရသော ခြံအလုပ်သမားများတွင်လည်းကောင်း နွားမှလူသို့ကူးစက်စေနိုင်သည်။ ပြည်သူ့ကျန်းမာရေးရှုထောင့်မှ စဉ်းစားလျှင်လည်း အရေးကြီးသောရောဂါတစ်မျိုးဖြစ်သည်။
ကျွဲနွားတီဘီရောဂါမှာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်ပွားပြီး အများအားဖြင့် နို့ထဲတွင်မကြာခဏတွေ့ရှိနိုင်သည့် ရောဂါပိုးဖြစ်သည်။ နွားများအပြင် နို့ထွက်သတ္တဝါများ (ဥပမာ ကျွဲ၊ ဆိတ်)တွင်လည်း တီဘီရောဂါဖြစ်ပွားနိုင်သည်။ ကျွဲနှင့်ဆိတ်များတွင် တီဘီရောဂါဖြစ်ပွားမှုမှာ နွားများထက်နည်းပါးသည်။
နွားနို့မှတစ်ဆင့် ကူးစက်တတ်သော တီဘီရောဂါကို Bovine Tuberculosis (နွားတီဘီ)ဟု ခေါ်ပြီး လူနှင့်တိရစ္ဆာန်များကို ကူးစက်နိုင်သောရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် Mycobacterium bovis ဗက်တီးရီးယားကြောင့်ဖြစ်ပွားပြီး နွားများတွင် အဓိကကျယ်ပြန့်စွာကူးစက်တတ်သည်။ လူသားများ ကိုကူးစက်ရာတွင် နွားနို့နှင့်နို့ထွက်ပစ္စည်းများမှတစ်ဆင့် ကူးစက်နိုင်သည်။ တီဘီရောဂါကူးစက်ခံထားရသော နွားမမှရရှိသော နွားနို့စိမ်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သောက်သုံးမိခြင်းနှင့်သက်ဆိုင်သည်။ ရောဂါဖြစ်ပွားစေသည့် မိုင်ကိုဘက်တီရီယမ်ဘိုးပစ်ပိုးကို ၁၄၀ ဒီဂရီဖာရင်ဟိုက် အပူချိန်တွင် မိနစ် ၂ဝ အပူပေးခြင်းဖြင့် ပျက်စီးစေနိုင်သည်။
ရောဂါပိုးပါသောနို့ကို သေချာစွာမကျိုချက်ဘဲ သောက်မိပါက လူသို့ရောဂါဖြစ်ပွားစေနိုင်သည်။
နွားနို့မှတစ်ဆင့်ကူးစက်သော တီဘီရောဂါသည် အောက်ပါနည်းလမ်းများဖြင့်လူသို့ကူးစက်နိုင်သည်။
အစားအသောက်မှတစ်ဆင့် ကူးစက်ခြင်း
နို့နှင့်နို့ထွက်ပစ္စည်းများ (ဥပမာ ဒိန်ခဲ၊ ထောပတ်) တို့ကို မကျိုချက်ဘဲသောက်သုံးမိပြီး ၎င်းတို့တွင် Mycobacterium bovis ဗက်တီးရီးယားပါဝင်နေပါက ကူးစက်နိုင်သည်။ နို့ကိုပေါင်းခံခြင်း (pasteurization) မပြုလုပ်ထားပါက ဗက်တီးရီးယားများအသက်ရှင်နေပြီး ကူးစက်နိုင်ခြေမြင့်မားသည်။
နွားနှင့်တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်ခြင်း
နွားများနှင့် နီးကပ်စွာထိတွေ့အလုပ်လုပ်သောလူများ (ဥပမာ နို့ညှစ်သူများ၊ မွေးမြူရေးလုပ်ကိုင်သူများ)တွင် နွားမှတိုက်ရိုက်ကူးစက်နိုင်သည်။ ဤဗက်တီးရီးယားသည် လေထုမှတစ်ဆင့် ကူးစက်နိုင်သောကြောင့် နွားများနှင့်နီးကပ်စွာနေထိုင်သူများတွင် ကူးစက်နိုင်ခြေပိုများသည်။ အမဲသားကိုမကျက်တကျက် စားသုံးမိလျှင် ဗက်တီးရီးယားပါဝင်နေပါက ကူးစက်နိုင်သည်။ မွေးမြူရေးလုပ်ကိုင်သူများသည် နွားများကို ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်သင့်ပြီး တီဘီရောဂါကူးစက်နေသော နွားများကို ခွဲခြားကုသသင့်သည်။ နွားများနှင့်ထိတွေ့အလုပ်လုပ်သူများသည် လက်အိတ်နှင့်မျက်နှာဖုံးများ ဝတ်ဆင်သင့်ပြီး လက်ကိုမကြာခဏဆေးကြောသင့်သည်။ နွားနို့မှတစ်ဆင့် ကူးစက်တတ်သော တီဘီရောဂါသည် လူနှင့်တိရစ္ဆာန်များအတွက် အန္တရာယ်ရှိသောကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ သို့သော် နို့နှင့်နို့ထွက်ပစ္စည်းများကို ကျိုချက်ပြီးမှသောက်သုံးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်းတို့ဖြင့် ဤရောဂါကိုကာကွယ်နိုင်သည်။
ဘရူဆယ်လာသားလျှောရောဂါ (Brucellosis)
ဘရူဆဲလ်လိုးဆစ် (Brucellosis) သည် နို့မှတစ်ဆင့်ကူးစက်တတ်သော ရောဂါတစ်မျိုး၏ စံနမူနာဖြစ်သည်။ ဘရူဆဲလဲလာအမျိုးအစား (Brucella spp) သည်ကျွဲနွားများမှ လူသို့တိုက်ရိုက်ထိတွေ့မှု သို့မဟုတ် ကူးစက်ခံထားရသော တိရစ္ဆာန်၏နို့မှတစ်ဆင့်ကူးစက်နိုင်သည်အထူးသဖြင့် နို့၏အသွင်အပြင်နှင့်အရသာသည် ဘရူဆယ်လာဗက်တီးရီးယားရှိနေသော်လည်း ပြောင်းလဲခြင်းမရှိသဖြင့် သတိထားမိရန်ခက်ခဲသည်။ဘရူဆဲလ်လိုးဆစ်ရောဂါဖြစ်နေသော နို့ပေးသတ္တဝါများ (နွား၊ ကျွဲ၊ သိုးနှင့် ဆိတ်) မှရရှိသောနို့သည် နို့မှတစ်ဆင့် ကူးစက်တတ်သော ဘရူဆဲလ်လိုးဆစ်ရောဂါဖြစ်ပွားမှုအတွက် အဓိကအကြောင်းရင်းဖြစ်သည်။ ရောဂါရှိနွား၏ နို့စိမ်းနှင့်နို့ထွက်ပစ္စည်းကို စားသုံးမိခြင်းအားဖြင့် လူသို့ရောဂါဖြစ်စေနိုင်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများ (ဥပမာ
ဒိန်ခဲ၊ မုန့်ကြိုးလိမ်၊ ရေခဲမုန့်)ကို စားသုံးခြင်းမှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေအလွန်မြင့်မားသည်။
ကျွဲနွားများပါမက ဝက်၊ သိုး၊ ဆိတ်တို့တွင်ပါ သားလျှောရောဂါဖြစ်ပွားစေသည့် ပိုးမှာ Brucella ပိုးဖြစ်သည်။ တိရစ္ဆာန်များအလိုက်ဖြစ်ပွားစေသောရောဂါပိုးအမျိုးအစားများမှာ-
ကျွဲနွား - Brucella abortus
ဝက် - Brucella suis
သိုး/ဆိတ် - Brucella melitensis ဟူ၍ ဖြစ်သည်။
လူသို့ကူးစက်ပါက ဘရူဆဲလဲလာသည် ဂရန်နူလိုမာတော့စ် အသည်းရောင်ခြင်း (granulomatous hepatitis) သို့မဟုတ် အဖျားရောဂါအမျိုးအစား (acute febrile illness) ကိုဖြစ်စေနိုင်သည်။ ထိုရောဂါသည် တစ်ခါတစ်ရံတွင် ရှည်လျားပြီး နာတာရှည်ရောဂါအဖြစ်သို့ကူးစက်ကာ ပြင်းထန်သောနောက်ဆက်တွဲပြဿနာများဖြင့် လူနာကိုမစွမ်းမသန်ဖြစ်စေနိုင်သည်။ Brucella abortus ပိုးကို ၁၄ဝ ဒီဂရီဖာရင်ဟိုက်တွင် ၁၅ မိနစ် အပူပေးခြင်းဖြင့် ပျက်စီးစေနိုင်သည်။ Brucella သည် ဒိန်ခဲအတွင်း၌ ပုံမှန်အားဖြင့် တစ်လခန့် အသက်ရှင်နေနိုင်ပြီး အချို့အခြေအနေများတွင် သုံးလအထိရှင်သန်နိုင်သည်။ တိရစ္ဆာန်ကို ရောဂါရှိ၊ မရှိစစ်ဆေးပြီး ရောဂါရှိတိရစ္ဆာန်ကိုဖယ်ထုတ်ခြင်းနည်းဖြင့် ရောဂါထိန်းချုပ်နိုင်သည်။
ထောင့်သန်းရောဂါ
ထောင့်သန်းရောဂါသည် Bacillus anthracis ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ပြင်းထန်သောကူးစက်ရောဂါဖြစ်သည်။ ၎င်းသည် လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည်။ အန်သရက်စ် (Anthrax)သည် ကျွဲနွားစသည့်မွေးမြူရေး တိရစ္ဆာန်များကို ကူးစက်နိုင်သော်လည်း လူသို့နို့မှတစ်ဆင့်ကူးစက်နိုင်ခြေမှာ အတော်အတန်နည်းပါးသည်။ ဤသို့ဖြစ်ရခြင်းမှာ ရောဂါ၏ပြင်းထန်မှု၊ နို့ထွက်ရပ်တန့်သွားမှုမြန်ဆန်ခြင်းနှင့် နို့အရောင်အသွေးပြောင်းလဲသွားပြီး သောက်သုံးရန်ငြင်းပယ်ခြင်း ခံရသောကြောင့်ဖြစ်သည်။
Salmonellosis (ဆယ်မိုနဲလိုးစစ်)
Salmonellosis (ဆယ်မိုနဲလိုးစစ်)သည် ဆယ်မိုနဲလားဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့် အစာအဆိပ်သင့်ရောဂါတစ်မျိုးဖြစ်သည်။ နို့မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် pasteurization မလုပ်ထားသော သို့မဟုတ် လုံလောက်စွာ pasteurization မလုပ်ထားသော နို့ကိုသောက်သုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများအပါအဝင် ရောဂါပိုးပါဝင်သော အစားအစာများကို စားသုံးမိခြင်းအားဖြင့် ဆယ်မိုနဲလားရောဂါကူးစက်နိုင်သည်။
Salmonella ဗက်တီးရီးယားများကို အဓိကအားဖြင့် အုပ်စုနှစ်စုခွဲခြားထားသည်။ ၎င်းတို့မှာ Typhoidal salmonellae နှင့် Non-typhoidal salmonellae တို့ဖြစ်သည်။ Typhoidal Salmonellae သည် Salmonella enterica မျိုးစိတ်များဖြစ်ပြီး အထူးသဖြင့် Salmonella Typhi နှင့် Salmonella Paratyphi တို့ပါဝင်သည်။ ဤဗက်တီးရီးယားများသည် လူသားများတွင် ဝမ်းကိုက်ရောဂါ Typhoid fever နှင့် Paratyphoid fever တို့ကိုဖြစ်စေနိုင်သည်။ Non-typhoidal Salmonellae သည် Salmonella enterica ၏ အခြားမျိုးစိတ်များဖြစ်ပြီး အဓိကအားဖြင့် Salmonella Typhimurium နှင့် Salmonella Enteritidis တို့ပါဝင်သည်။ ဤဗက်တီးရီးယားများသည် ဝမ်းလျှောရောဂါ ကိုဖြစ်စေနိုင်သည်။ Non-typhoidal salmonellae အုပ်စုတွင် လူသား၊ တိရစ္ဆာန်၊ ကြက်၊ ငှက်နှင့် ယင်ကောင်များမှ သယ်ဆောင်နိုင်သော Salmonella ဗက်တီးရီးယားများ ပါဝင်သည်။ Non-typhoidal salmonellae ဗက်တီးရီးယားများသည် အစာအဆိပ်သင့်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး များသောအားဖြင့် အူရောင်ငန်းဖျားရောဂါ (acute, self-limiting gastroenteritis) ကို ဖြစ်စေတတ်သည်။ အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာလုပ်ငန်းစဉ်များကို လိုက်နာခြင်းနှင့် သန့်ရှင်းစွာထုတ်လုပ်ထားသော နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် နို့မှတစ်ဆင့် Salmonellosis ဖြစ်ပွားနိုင်ခြေကို သိသိသာသာလျှော့ချနိုင်သည်။
E.coli (Escherichia coli) သည် ပုံမှန်အားဖြင့် လူနှင့်တိရစ္ဆာန်များ၏ အူလမ်းကြောင်းတွင်ရှိသော ဗက်တီးရီးယားတစ်မျိုးဖြစ်သည်။ အများစုမှာအန္တရာယ်မရှိသော်လည်း အချို့သော E.coli မျိုးကွဲများသည် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။ နို့မှတစ်ဆင့်ကူးစက်တတ်သော E.coli သည် နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးမိခြင်းဖြင့် ကူးစက်နိုင်သည်။ နို့မှတစ်ဆင့် E.coli ကူးစက်ခြင်းသည် နို့ထုတ်လုပ်ရာတွင် သန့်ရှင်းမှုအားနည်းခြင်း၊ နို့ကျိုချက်ရာတွင် စံဖြင့်သတ်မှတ်ထားသော အပူချိန်သို့မရောက်ရှိခြင်းနှင့် သိုလှောင်ရာတွင် မသန့်ရှင်းခြင်း စသည့်အကြောင်းရင်းများကြောင့်ဖြစ်နိုင်သည်။ နို့ပေါင်းခံခြင်း မပြုလုပ်ပါက E.coli အပါအဝင် ဗက်တီးရီးယားများရှိနေနိုင်သည်။ E.coli ကူးစက်ခံရပါက ဝမ်းလျှောခြင်း (သွေးပါနိုင်သည်)၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းများခံစားရနိုင်သည်။ ပြင်းထန်သောအခြေအနေများတွင် Hemolytic Uremic Syndrome (HUS) ကဲ့သို့သော ကျောက်ကပ်ပျက်စီးခြင်း၊ သွေးအားနည်းခြင်း စသည့်ဆိုးရွားသော နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်နိုင်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများကိုစားသုံးရာတွင် သန့်ရှင်းမှုနှင့်ဘေးကင်းမှုကို အထူးဂရုပြုသင့်သည်။
နို့အုံရောင်ရောဂါ
နို့စားနွားမွေးမြူရေးတွင် အလွန်အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ များသောအားဖြင့် နို့အုံရောင်ရောဂါဖြစ်စေသည့်ပိုးမှာ လူသို့ရောဂါမဖြစ်စေပါ။ လူတွင်ရောဂါဖြစ်စေသည့် Streptococci ဗက်တီးရီးယားပိုးမှာ နို့ညှစ်သူမှနို့အုံတွင်ပွားများလာကာ ထိုမှတစ်ဆင့် နို့ထဲသို့ပါသွားပြီး လူသို့ရောဂါဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသည့်နို့မှတစ်ဆင့် အာသီးရောင်ခြင်း၊ လည်ပင်းနာခြင်း၊ အနီရောင်အင်ပျဉ်ထွက်၍ ဖျားခြင်းကိုဖြစ်စေနိုင်သည်။ တချို့ပိုးများမှာ နို့အုံတွင်ပွားများလာကာ လူသို့အဆိပ်ဖြစ်စေသည့်ပစ္စည်းကိုထုတ်လုပ်သည်။ နွားမနို့အုံထိခိုက်ရှနာခြင်း၊ ရောဂါပိုးမွှားများ၏ အန္တရာယ်ဖြင့်ကြုံတွေ့ရခြင်း၊ နို့ညှစ်စက်ဒီဇိုင်းပုံအဆင်မပြေသဖြင့် နို့သီးတံတွင် အနာတရဖြစ်ခြင်းနှင့် Chemical fever တို့ကြောင့် နွားမနို့အုံရောင်ရောဂါဖြစ်ပွားနိုင်သည်။
ယင်းရောဂါကြောင့် နို့အရောင်ပြောင်းခြင်း၊ နို့တွင်း၌အစိုင်အခဲများပါရှိခြင်း၊ သွေးဖြူဥများ မြောက်မြားစွာပါရှိခြင်းတို့ကို တွေ့ရသည်။ နို့အုံရောင်ရမ်းခြင်း၊ ပူခြင်း၊ နာကျင်ခြင်း၊ နို့ညှစ်မခံခြင်း၊ နို့ညှစ်ရန်ခက်ခဲခြင်း စသည့်လက္ခဏာများကိုတွေ့ရသည်။
နိုအုံရောင်ရောဂါသည် သတ္တဝါတိုင်း၌ ဖြစ်ပွားနိုင်သော်လည်း နို့စားနွားမွေးမြူရေး လုပ်ငန်းအတွက် စီးပွားရေးဆုံးရှုံးမှု အကြီးမားဆုံးဖြစ်စေသည်။ နို့အုံရောင်ရောဂါသည် နွားမများကို သေဆုံးသည်အထိဖြစ်ပွားတတ်သော်လည်း အဓိကအားဖြင့် နို့ထွက်နှုန်းကိုလျော့ကျစေခြင်းဖြင့် စီးပွားရေးကို များစွာဆုံးရှုံးစေသည်။ ၎င်းအပြင် နို့တွင်ဗက်တီးရီးယားပိုးပါဝင်မှုများပြားသဖြင့် နို့အုံရောင်ရောဂါရှိသောနွားမ၏ နို့ကိုလူများစားသုံးရန်မသင့်ဟု သတ်မှတ်ခံရသည်။(ခ) လူတွင်ဖြစ်ပွားသည့် ရောဂါများကူးစက်ခြင်း
တီဘီရောဂါ
နွားများတွင် လူသားပိုး (Mycobacterium tuberculosis)ကြောင့် တီဘီရောဂါ ဖြစ်ပွားနိုင်သည်။
နို့ညှစ်သူများ သို့မဟုတ် နို့ကိုင်တွယ်သူများမှတစ်ဆင့် နို့ထဲသို့ပိုးဝင်ရောက်နိုင်သည်။ ရောဂါရှိနို့ညှစ်သူမှတစ်ဆင့် နို့ထံသို့ရောဂါပိုးပါလာပြီး နို့ကိုကောင်းစွာမကျိုချက်ဘဲသောက်မိပါက ရောဂါရရှိစေသည်။
အလားတူ တိုက်ဖွိုက်အဖျားရောဂါ၊ ဆုံဆို့နာ၊ ဝမ်းကိုက်ရောဂါ၊ အနီရောင်အင်ပျဉ်ထွက်၍ ဖျားနာသည့်ရောဂါစသည်တို့ဖြစ်ပွားကူးစက်နိုင်သည်။
ဝမ်းလျှောရောဂါ
နို့ညှစ်သူတွင် ဝမ်းလျှောရောဂါဖြစ်ပွားနေပါက မသန့်ရှင်းသော လက်ဖြင့်နို့ညှစ်လျှင် နို့ထဲတွင်ရောဂါပိုးများပါလာပြီး နို့ကိုကောင်းစွာမကျိုချက်ဘဲသောက်မိပါက ရောဂါဖြစ်ပွားစေနိုင်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် နို့မှတစ်ဆင့်လူသို့ကူးစက်နိုင်သည့် ဗက်တီးရီးယားရောဂါများ Milk- borne bacterial diseases သည် လူ့ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
မွေးမြူရေးလုပ်ငန်းများတွင် နွားများကို ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် သန့်ရှင်းမှုနှင့်အစားအစာ ဘေးကင်းလုံခြုံမှုကိုအလေးထားခြင်းဖြင့် နို့မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်ပြီး လူ့အသိုင်းအဝိုင်း၏ ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
MWD
