ကျွမ်းကျင် ကူညီ တပ်မတော်သူနာပြုများ ပီသစေမည်
Posted_Date
Image
Body
နှစ်စဉ်မေလ ၁၂ ရက်သို့ရောက်ရှိတိုင်း အပြည်ပြည်ဆိုင်ရာသူနာပြုကောင်စီ (International Council of Nurses) က ကြီးမှူး၍ ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ကို ၁၉၆၅ ခုနှစ်မှစတင်ကာကျင်းပခဲ့သည်။
သူနာပြုလောက၏ မိခင်ကြီးဟုဆိုကြရသည့် ဖလောရင့် နိုက်တင်ဂေးလ်၏မွေးနေ့ မေလ ၁၂ ရက်တွင် ကျင်းပရန် ၁၉၇၄ ခုနှစ် ဇန်နဝါရီလက သတ်မှတ်ခဲ့သည်။
မီးအိမ်ရှင်မ(The Lady with The Lamp)ဟု ကမ္ဘာတစ်ဝန်းထင်ရှားခဲ့သည့် ဖလောရင့်နိုက်တင်ဂေးလ်ကို ၁၈၂၀ ပြည့်နှစ် မေလ ၁၂ ရက်တွင် ကြွယ်ဝချမ်းသာသော ဗြိတိသျှလူမျိုး မိဘနှစ်ပါးက အီတလီနိုင်ငံ ဖလောရင့်စ်မြို့၌ မွေးဖွားခဲ့သည်။
ဖလောရင့်နိုက်တင်ဂေးလ်သည် လူမှုပြုပြင်ရေးသမား၊ စာရင်းအင်းပညာရှင်နှင့် ခေတ်သစ်သူနာပြု အတတ်ပညာကို စတင်တည်ထောင်ခဲ့သူ (The Founder of Modern Nursing)ဖြစ်သည်။ ခရိုင်းမီးယားစစ်ပွဲအတွင်းစစ်မြေပြင်၌ ဒဏ်ရာရစစ်သည်များကို ညအချိန်များတွင် မီးအိမ်တစ်လုံးဖြင့် လိုက်လံကြည့်ရှုပြုစုစောင့်ရှောက်လေ့ရှိသည်။ နိုက်တင်ဂေးလ်ကို မြင်ရသော စစ်သည်လူနာများ၏ မျက်နှာများသည် နူးညံ့ပျော့ပျောင်းသွားကြပေသည်။ တာဝန်ကျဆေးဝန်ထမ်းများ နားကြသည့် တိတ်ဆိတ်မှောင်မိုက်နေသည့် ညပိုင်းအချိန်များတွင် နိုက်တင်ဂေးလ်သည် မီးအိမ်တစ်လုံးကိုဆွဲကာ လူနာများကို လိုက်လံပြုစုစောင့်ရှောက်ခဲ့သည်။ နိုက်တင်ဂေးလ်၏ ခရိုင်းမီးယားစစ်ပွဲတွင် စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှုကို ဒဏ်ရာရစစ်သည်များအမည်ပေးသည့်အတိုင်း The Times သတင်းစာက “The Lady with The Lamp” (မီးအိမ်ရှင်မ)ဟု ဖော်ပြခဲ့ရာမှ ထင်ရှားကျော်ကြားခဲ့သည်။
သူနာပြုလုပ်ငန်းကို အလွန်မွန်မြတ်သော ပညာရပ်တစ်ခုအဖြစ်သာမက အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုဖြစ်လာစေရန် နိုက်တင်ဂေးလ်၏ ကြိုးပမ်းခဲ့မှုများကို အရေးပါသော လုပ်ငန်းတစ်ရပ်အဖြစ် ကမ္ဘာတစ်ဝန်းမှ ပြည်သူများက လက်ခံခဲ့ကြသည်။ နိုက်တင်ဂေးလ်သည် ၁၈၆၀ ပြည့်နှစ်တွင် စိန့်သောမတ်စ်ဆေးရုံ၌ သူနာပြုသင်တန်းကျောင်းကို ဖွင့်လှစ်ကာ သူနာပြုစုခြင်း အသက်မွေးပညာရပ်ကို ထူထောင်ခဲ့သည်။ ကမ္ဘာ့ပထမဆုံးသော သူနာပြုသင်တန်းကျောင်းဖြစ်၍ ယခုအခါတွင် လန်ဒန်မြို့ ကင်းကောလိပ်၏ ကျောင်းခွဲတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သူမ၏ သူနာပြုလုပ်ငန်းအပေါ် စွန့်ဦးလုပ်ဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတကာသူနာပြုထူးချွန်ဆုကို ဖလောရင့်နိုက်တင်ဂေးလ်ဆုဟု အမည်ပေးခဲ့သည်။
၁၉၀၇ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းများ အဋ္ဌမအကြိမ် ညီလာခံက ကမ္ဘာတစ်ဝန်းမှ ထူးချွန်သူနာပြုများကို ဖလောရင့်နိုက်တင်ဂေးလ်ဆုတံဆိပ်ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၁၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဆုတံဆိပ်ကို ဖန်တီး၍ ၁၉၂၀ ပြည့်နှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။ ဖလောရင့်နိုက်တင်ဂေးလ် ဆုတံဆိပ်ကို ပဋိပက္ခ သို့မဟုတ် ဘေးဒုက္ခရင်ဆိုင်နေရချိန်တွင် ဒဏ်ရာရရှိသူများ၊ ဖျားနာနေကြသူများ၊ မသန်စွမ်းသူများနှင့်ဒုက္ခသည်များကို ရွပ်ရွပ်ချွံချွံ ပြုစုစောင့်ရှောက်ခဲ့သည့် သူနာပြုနှင့်သူနာပြုအကူများကို ချီးမြှင့်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်မတိုင်မီအထိ ကမ္ဘာတစ်ဝန်းမှသူနာပြု ၁၅၁၂ ဦးက ဆုတံဆိပ်ကို ဆွတ်ခူးခဲ့ကြသည်။ ဆုတံဆိပ်စတင်ချီးမြှင့်ခဲ့စဉ်က အမျိုးသမီးသူနာပြုများကိုသာ ရွေးချယ်ချီးမြှင့်ခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှစ၍ ထူးချွန်အမျိုးသားသူနာပြုများကိုလည်း ချီးမြှင့်နိုင်ကြောင်း စည်းမျဉ်းကို ပြင်ဆင်သတ်မှတ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဆောင်ပုဒ်ကို ၁၉၈၈ ခုနှစ်မှ စတင်၍ နှစ်စဉ်သတ်မှတ်ခဲ့ရာ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့၏Theme ဆောင်ပုဒ်မှာ-Our Nurses . Our Future.Empowered Nurses Save Lives. ဖြစ်သည်။
မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်းကို ၁၉၄၈ ခုနှစ်ကစတင်၍ အစိုးရမဟုတ်သော အသင်းအဖွဲ့အဖြစ်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တိုးတက်မှုရရှိစေရန် ရည်ရွယ်ပြီးတည်ထောင်ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။
၂၀၁၅ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် (၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၇) ဖြင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေတွင် ပါဝင်သောစကားရပ်များအရ-သူနာပြုဆိုသည်မှာ ဤဥပဒေအရကောင်စီကထုတ်ပေးသော သူနာပြုမှတ်ပုံတင်လက်မှတ်နှင့် သူနာပြုလိုင်စင်ရရှိသူကိုဆိုသည်။
သူနာပြုလိုင်စင်ဆိုသည်မှာ သူနာပြုအတတ်ပညာဖြင့် သူနာပြုလုပ်ငန်းကိုလုပ်ကိုင်ရန် အရည်အချင်းပြည့်မီသူအား ကောင်စီကထုတ်ပေးသော ခွင့်ပြုမိန့်ကိုဆိုသည်။
သူနာပြုအတတ်ပညာဆိုသည်မှာ မကျန်းမာသူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်လိုအပ်သော လူမှုရေးဆိုင်ရာ ပြုစုမှုများကို ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းရှိသည့် အတတ်ပညာ ကိုဆိုသည်။ ယင်းစကားရပ်တွင် ကျန်းမာသူများအား ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာရပ်များလည်း ပါဝင်သည်။
သူနာပြုများသည် အတတ်ပညာနှင့် ကျွမ်းကျင်မှုသာမကခံယူချက်ကောင်းသည့်၊ ကျင့်ဝတ်သိက္ခာစောင့်စည်းလိုက်နာသည့်၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်ထိန်းသော တာဝန်သိသူနာပြုဆရာ၊ ဆရာမများဖြစ်ရန် ကြိုးပမ်းကြရန်လိုပေသည်။ သမိုင်းအဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ သူနာပြုများသည် နာမကျန်းသူများရောဂါသက်သာလျော့ပါးစေရေးနှင့် စိတ်ချမ်းသာမှုရှိစေရေးတို့အတွက် ရှေ့တန်းမှ သူနာပြုစုကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများဖြစ်သည်။
သူနာပြုများသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင် မကျန်းမာသူများအားပြုစုပေးခြင်း၊ မကျန်းမာမှုမဖြစ်စေရန် ကာကွယ်ခြင်း၊ ကျန်းမာသူများပိုမိုကျန်းမာအောင် တိုးမြှင့်စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ရေးတွင် ပြုစုစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြသည့်အတွက် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုကို ရရှိနိုင်ရေးအတွက် အရေးပါသောကျန်းမာရေးဝန်ကြီးဌာန၏ အဓိကအရင်းအမြစ်များဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သူနာပြုနှင့်သားဖွားအင်အားစုသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးဖြစ်သည့်အတွက် ပြည်သူလူထုကို အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုနှင့်သားဖွားများ၏ အရေးကြီးသော အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။
ဖလောရင့်နိုက်တင်ဂေးလ်ဆုတံဆိပ်ကို မြန်မာနိုင်ငံမှသူနာပြုလေးဦးကရရှိခဲ့သည်။ အမှတ် (၂) တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ခင်အုန်းမြ (နောင်တွင်ဗိုလ်မှူး)က ၁၉၆၃ ခုနှစ်တွင်ပထမဆုံးရရှိခဲ့သည်။ မူဆယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်အမ်ယောနမ်က ၁၉၉၃ ခုနှစ်တွင်ဒုတိယမြောက်ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သောင်သွပ် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်သိန်းရီက တတိယမြောက်ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကာလတွင် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဦးစနိုင်နိုင်ထွန်းက ၂၀၁၅ ခုနှစ်တွင် ဖလောရင့်နိုက်တင်ဂေးလ်ဆုကို စတုတ္ထမြောက်ရရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင်များဖြစ်သော ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၊ ဒေါ်အမ်ယောနမ်(လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)၊ ဒေါ်သိန်းရီ (အမျိုးသမီးကျန်းမာရေးဆရာမ-ငြိမ်း)နှင့် ဦးစနိုင်နိုင်ထွန်း(သူနာပြုကြီး)တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သူနာပြုနှင့်သားဖွား ခြောက်ဦးတို့ကို ရဲဗလဘွဲ့တံဆိပ်ကိုလည်းကောင်း ချီးမြှင့်ခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ကိုယ်စိတ်မကျန်းမာသူများနှင့် လူနာများကို ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေးရာတွင် ဆရာဝန်များက ကုသမှုကိုတာဝန်ယူ၍ သူနာပြုများက ပြုစုစောင့်ရှောက်မှုတာဝန်ကို ယူကြရသဖြင့် သူနာပြုများသည် လူနာများနှင့် ထိတွေ့ချိန်ပိုမိုများပြားသည်။
လူနာကို နီးကပ်စွာထိတွေ့ကာ ပြုစုစောင့်ရှောက်ကြရသည့် သူနာပြုများသည် ယေဘုယျအားဖြင့် အကြင်နာ၊ မေတ္တာကြီးမားသူများပင်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသဖြင့် သူနာပြုများ၏ ဂုဏ်ရည်ကိုမြှင့်တင်ရန် နှစ်စဉ် မေလ ၁၂ ရက်နေ့ ရောက်တိုင်း သူနာပြုများနေ့ကို နိုင်ငံအရပ်ရပ်တွင် ကျင်းပကြခြင်းဖြစ်ပေသည်။
မြန်မာ့ဆေးတပ်ဖွဲ့သည် နိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းကပင် သန္ဓေတည်ပေါက်ဖွားလာခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA)ကို ရဲဘော်သုံးကျိပ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်လာရာ ဆေးတပ်ဖွဲ့၏ ပထမဦးဆုံးဟုဆိုနိုင်သော သူနာပြုတပ်ဖွဲ့သည် BIA ၏ ထားဝယ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ဆေးအကာ အကွယ်ပေးတာဝန်များကို စစ်ကြောင်းချီတက်ရာလမ်းတစ်လျှောက် ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် တပ်မတော်သားများနှင့် မိသားစုဝင်များကို နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ဖြစ်သည်။ ပြည်သူ့အကျိုးပြုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နေ့မအားညမအား ဆောင်ရွက်လျက်ရှိသည်။
ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်သည်-ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန် ဖြစ်သည်။ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကျင့်သုံးရမည့် လမ်းစဉ်သည်-စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များကို မွေးထုတ်ပေးရန် ရည်ရွယ်ချက်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သည် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များဖြစ်သည့် တပ်မတော်သူနာပြုများကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီကကြီးမှူး၍ သူနာပြုများအရည်အသွေးတိုးမြှင့်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အာဆီယံနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိသော လမ်းညွှန်ချက်များ (Continuing Professional Development (CPD) Guideline For Nursing and Mid-wifery Professional) ကိုချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိသည်။ သူနာပြုများလက်တွေ့ လုပ်ဆောင်လျက်ရှိသော အချက်များပေါ်တွင် အခြေခံထားသော လမ်းညွှန်ချက်များဖြစ်၍ လူနာများ အတွက်လည်း ပိုမိုကောင်းမွန်ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လမ်းညွှန်ချက်များဖြစ်သည်။ သူနာပြုများအတွက်လည်း နိုင်ငံတကာစံနှုန်းများအတိုင်း စနစ်တကျပြုစုကုသမှုပေးသော စနစ်ကို မှတ်တမ်းတင်စေခြင်းဖြစ်၍ အကျိုးများလှသော လမ်းညွှန်ချက်ဖြစ်ပေသည်။ အထက်ပါ CPD Guideline များနှင့်အညီ တပ်မတော်ဆေးရုံများတွင်လည်း စဉ်ဆက်မပြတ်သူနာပြုစုမှု ပညာသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သည် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ချက်များအား အကောင်အထည်ဖော်နိုင်သည့်အတွက် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီကပေးအပ်သည့် သူနာပြုသားဖွားပညာရေးအရည်အသွေးစံညွှန်း အာမခံမှုဆိုင်ရာ အသိအမှတ်ပြုလွှာအား ထိုက်ထိုက်တန်တန်လက်ခံရရှိခဲ့သည်။
သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးလိုအပ်ချက်သည် “ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုသည့် နာငါးနာနှင့်ပြည့်စုံရန် ဖြစ်သည်။ စွန့်လွှတ်၊ စွန့်စား၊ စွန့်ရဲ စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သားများအနက် ထိခိုက်ဒဏ်ရာရ၍ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသမှုခံယူကြရသူများ ရှိကြသည်။ ရဲဝံ့စွန့်စားပြည်ချစ်သားများကို ကျွန်မတို့ တပ်မတော်သူနာပြုများက လေးစားဂုဏ်ယူစွာ စေတနာ၊ အကြင်နာ၊ ကရုဏာဖြင့် ပြုစုရန်မည်သည့်အခါကမျှ တွန့်ဆုတ်ခဲ့ခြင်းမရှိခဲ့ပါ၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသူများ၊ တပ်မတော်၏ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ စွမ်းရည်ပြည့်ဝသူများအဖြစ် ခေတ်အဆက်ဆက် ကြိုးစားတည်ဆောက်ခဲ့ကြသည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” တပ်မတော်သူနာပြုများသည် တပ်မတော်နှင့်ပြည်သူလူထုအတွက် ပြုစုကုသရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပညာရေးနှင့် သုတေသနလုပ်ငန်းများတွင် ကျရာတာဝန်များကို မဆုတ်မနစ်အားသွန်ကြိုးပမ်းထမ်းရွက်လျက်ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများသည် သစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များကိုအသုံးချ၍ ပြည်သူက အားကိုးရသည့်၊ တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်၍ ကျေပွန်စွာထမ်းဆောင်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။ သို့ဆိုလျှင် နိုင်ငံတော်နှင့် ပြည်သူကိုသစ္စာခံထားသည့် ရဲဝံ့စွန့်စားပြည်ချစ်သားများနှင့်ဖွဲ့စည်းထားသည့် တပ်မတော်နှင့်နိုင်ငံတော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့် ပတ်သက်လာလျှင်-
“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်နိုင်ငံဝန်၌၊ ကုမ္ဘဏ်ယက္ခနာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း ခွာ၍မတွန့်၊ အသက်စွန့်လော့” ဟု
ဆိုသည့်အတိုင်း မည်မျှခက်ခဲကြမ်းတမ်းသော ရှေ့တန်းစစ်မျက်နှာ၊ သဘာဝဘေးအန္တရာယ်၊ ကမ္ဘာ့ကပ်ရောဂါများနှင့် ကြုံတွေ့စေဦးတော့ အမိနိုင်ငံနှင့် တပ်မတော်အတွက် ရဲရဲဝံ့ဝံ့ရင်ဆိုင်မည့် မီးအိမ်ရှင်တပ်မတော်သူနာပြုများ ဤမြေပေါ်တွင် အသင့်ရှိနေကြောင်း မေလ ၁၂ ရက်တွင်ရောက်ရှိသည့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
MWD
