ဟန်တာဗိုင်းရပ်ရောဂါအကြောင်း သိကောင်းစရာ
Posted_Date
Image
Body
ဟန်တာဗိုင်းရပ်များသည် ကြွက်များမှ သယ်ဆောင်လာသော ဗိုင်းရပ်အုပ်စုတစ်ခုဖြစ်ပြီး လူသားများတွင် ဟန်တာဗိုင်းရပ်များ ကူးစက်ခံရခြင်းသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်နှလုံးအဆုတ်ရောဂါလက္ခဏာစု၊ ကျောက်ကပ်ရောဂါနှင့် သွေးယိုစိမ့်ဖျားနာခြင်းတို့ကို ဖြစ်စေပြီး အသက်သေဆုံးနိုင်သည်။
လူများသည် များသောအားဖြင့် ရောဂါပိုးကူးစက်ခံရသော ကြွက်များ သို့မဟုတ် ၎င်းတို့၏ ဆီး၊ မစင် သို့မဟုတ် တံတွေးများနှင့် ထိတွေ့မိခြင်းဖြင့် ကူးစက်လေ့ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဟန်တာဗိုင်းရပ်သည် အဓိကအားဖြင့် တိရစ္ဆာန်မှ လူသို့ကူးစက်သော်လည်း လူများကြား တိုက်ရိုက်ပျံ့နှံ့နိုင်ကြောင်း မှတ်ချက်ပြုထားသည်။
ဟန်တာဗိုင်းရပ်ကူးစက်မှုများသည် ကမ္ဘာတစ်ဝန်းတွင် ရှားပါးသော်လည်း အာရှနှင့် ဥရောပတွင် ၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအောက်နှင့် အမေရိကတွင် ၅၀ ရာခိုင်နှုန်းအထိ သေဆုံးမှုနှုန်းနှင့် ဆက်စပ်နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကူးစက်မှု ၁၀၀၀၀ မှ ၁၀၀၀၀၀ ကျော် ဖြစ်ပွားသည်ဟု ခန့်မှန်းရပြီး အာရှနှင့် ဥရောပတွင် ဝန်ထုပ်ဝန်ပိုးအများဆုံးဖြစ်သည်။
အရှေ့အာရှ အထူးသဖြင့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် နှစ်စဉ်ဖြစ်ပွားမှု ထောင်ပေါင်းများစွာရှိခဲ့သော်လည်း မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဖြစ်ပွားမှုနှုန်းကျဆင်းသွားခဲ့သည်။ ဥရောပမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နှစ်စဉ်ဖြစ်ပွားမှု ထောင်ပေါင်းများစွာရှိကြောင်း အစီရင်ခံတင်ပြကြသည်။ အမေရိကတိုက်တွင် နှစ်စဉ်ရာပေါင်းများစွာ ဖြစ်ပွားသည်။
အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားမှု ၁၀၀၀ အောက်သာ အစီရင်ခံတင်ပြထားပြီး အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီနှင့် ပါရာဂွေးကဲ့သို့သော တောင်အမေရိကနိုင်ငံများသည် နှစ်စဉ်ဖြစ်ပွားမှု အနည်းငယ်သာရှိကြောင်း အစီရင်ခံတင်ပြသည်။ ဖြစ်ပွားမှုနှုန်းနည်းပါးသော်လည်း ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားပါက သေဆုံးမှုနှုန်းမြင့်မားပြီး ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကြားရှိသောကြောင့် ဟန်တာဗိုင်းရပ်ကူးစက်မှုသည် အဓိကပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတစ်ခုဖြစ်စေသည်။
ကူးစက်နိုင်သောနည်းလမ်းများ
ဟန်တာဗိုင်းရပ်ပိုးများ လူသားများထံ ကူးစက်ခြင်းသည် ကူးစက်ခံထားရသော ကြွက်များ၏ ညစ်ညမ်းသော ဆီး၊ မစင် သို့မဟုတ် တံတွေးများနှင့် ထိတွေ့ခြင်းမှ ဖြစ်ပွားသည်။ ကြွက်ကိုက်ခြင်းမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။
လယ်ယာလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ကြွက်များပေါက်ပွားသော နေအိမ်များနှင့် နေရာများတွင် အိပ်စက်ခြင်းကဲ့သို့သော ကြွက်များနှင့် ထိတွေ့မှုအန္တရာယ်ရှိသူများသည် ဗိုင်းရပ်ကူးစက်ခံရနိုင်သည်။ ယနေ့အထိ လူမှလူသို့ကူးစက်ခြင်းမှာ ရှားပါးနေဆဲဖြစ်သော်လည်း လူများကြားကူးစက်ခြင်းသည် အထူးသဖြင့် အိမ်ထောင်စုဝင်များ သို့မဟုတ် ရင်းနှီးသူများကြား အနီးကပ်ကြာရှည်စွာ ထိတွေ့မှုနှင့် ဆက်စပ်နေပြီး ရောဂါအစောပိုင်းအဆင့်တွင် ဗိုင်းရပ်ပိုမိုကူးစက်နိုင်သည်ဟု ယူဆထားသည်။
ရောဂါလက္ခဏာများ
လူသားများတွင် ရောဂါလက္ခဏာများသည် ထိတွေ့ပြီးနောက် တစ်ပတ်မှ ရှစ်ပတ်အတွင်း စတင်လေ့ရှိပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ဝမ်းဗိုက်နာကျင်ခြင်း၊ ပျို့အန်ခြင်းကဲ့သို့သော အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပါဝင်လေ့ရှိသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများတွင် ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အဆုတ်တွင် အရည်စုပုံခြင်းအထိ လျင်မြန်စွာဖြစ်လာနိုင်သည်။ နောက်ပိုင်းတွင် သွေးပေါင်ချိန်ကျခြင်း၊ သွေးယိုစီးမှုများနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်စေပြီး အသက်သေဆုံးနိုင်သည်။
ရောဂါရှာဖွေခြင်း
ဟန်တာဗိုင်းရပ်ကူးစက်မှု၏ အစောပိုင်းလက္ခဏာများသည် အဖြစ်များသော တုပ်ကွေး၊ ကိုဗစ်-၁၉၊ ဗိုင်းရပ်အဆုတ်ရောင်ရောဂါ၊ သွေးလွန်တုပ်ကွေးကဲ့သို့သော ဖျားနာမှု သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆင်တူသောကြောင့် အစောပိုင်းတွင် ရောဂါရှာဖွေခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်သည်။
ထို့ကြောင့် လူနာရာဇဝင်သည် အရေးကြီးပြီး ကြွက်များနှင့်ထိတွေ့မှု၊ အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များ၊ ခရီးသွားမှတ်တမ်းနှင့် ဟန်တာဗိုင်းရပ်ကူးစက်ထားသော လူနာများနှင့်ထိတွေ့မှုတို့ကို အထူးဂရုပြုသင့်သည်။ ဟန်တာဗိုင်းရပ်ရောဂါရှာဖွေခြင်းသည် အဓိကအားဖြင့် လူနာများ၏ သွေးရည်ကြည်တွင် ပဋိပစ္စည်းများကို ရှာဖွေစစ်ဆေးရန်လိုအပ်သည်။
ဟန်တာဗိုင်းရပ်ရောဂါကုသမှုနှင့် စီမံခန့်ခွဲခြင်း
ဟန်တာဗိုင်းရပ်ကူးစက်မှုအတွက် သီးသန့်ဗိုင်းရပ်ကုသမှု သို့မဟုတ် ကာကွယ်ဆေးမရှိသေးပါ။ အဓိကအားဖြင့် ရောဂါလက္ခဏာများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ၊ နှလုံးနှင့် ကျောက်ကပ်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို အနီးကပ်စောင့်ကြည့်ခြင်းအပေါ် အာရုံစိုက်မှုလိုအပ်သည်။
အထူးသဖြင့် ဟန်တာဗိုင်းရပ်နှလုံးအဆုတ်ရောဂါလက္ခဏာရှိသော လူနာများအတွက် အောက်ဆီဂျင်ကုထုံးအပါအဝင် အစောပိုင်းအထူးကြပ်မတ်ကုသမှုဖြင့် ရလဒ်များကို တိုးတက်ကောင်းမွန်စေနိုင်သည်။ ဥရောပတွင် ပြင်းထန်သော ဟန်တာဗိုင်းရပ်ကူးစက်မှုများတွင် Ribavirin ကို အသုံးပြုကြောင်း သိရသည်။
ကာကွယ်ရေးအစီအမံများ
ဟန်တာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ခြင်းသည် လူနှင့်ကြွက်များကြား ထိတွေ့မှုများကို လျှော့ချခြင်းအပေါ် အဓိကမူတည်သည်။ အိမ်များနှင့် အလုပ်ခွင်များကို သန့်ရှင်းစွာထားရှိခြင်း၊ အဆောက်အအုံများထဲသို့ ကြွက်များဝင်ရောက်နိုင်မည့် အပေါက်များကို လုံအောင်ပိတ်ခြင်း၊ အစားအစာများကို လုံခြုံစွာသိမ်းဆည်းခြင်း၊ ကြွက်များညစ်ညမ်းနေသော နေရာများတွင် ဘေးကင်းသော သန့်ရှင်းရေးလုပ်ငန်းစဉ်များကို အသုံးပြုခြင်းတို့ကို ဆောင်ရွက်သင့်သည်။
သန့်ရှင်းရေးမလုပ်မီ တံခါး၊ ပြတင်းပေါက်များကိုဖွင့်ပြီး မိနစ် ၃၀ ခန့် လေဝင်လေထွက်ကောင်းအောင်ထားခြင်း၊ ခြောက်သွေ့စွာ တံမြက်စည်းလှည်းခြင်း သို့မဟုတ် ကြွက်ချေးများကို ဖုန်စုပ်စက်ဖြင့်စုပ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်း၊ သန့်ရှင်းရေးမလုပ်မီ ညစ်ညမ်းနေသောနေရာများကို ပိုးသတ်ဆေးဖြင့်ဖျန်းပြီးနောက် သန့်ရှင်းရေးလုပ်ခြင်းနှင့် လက်သန့်ရှင်းရေးလုပ်ငန်းစဉ်များကို လိုက်နာခြင်းတို့ကို အကြံပြုထားသည်။
ရောဂါဖြစ်ပွားမှုများအတွင်း ညစ်ညမ်းနေသော ဖုန်မှုန့်များကို ရှောင်ရှားရန် အဓိကအရေးကြီးသည်။ ရောဂါအခံရှိသူများအတွက် နှာခေါင်းစည်းများဝတ်ဆင်ရန် အကြံပြုထားသည်။ ကူးစက်မှုများကို သံသယရှိသည့်အခါ စောစီးစွာဖော်ထုတ်ခြင်းနှင့် သီးခြားခွဲထားခြင်း၊ အနီးကပ်ထိတွေ့သူများကို စောင့်ကြည့်ခြင်းနှင့် စံသတ်မှတ်ထားသော ကူးစက်ရောဂါကာကွယ်ရေးအစီအမံများကို ကျင့်သုံးခြင်းဖြင့် နောက်ထပ်ပျံ့နှံ့မှုကို ကန့်သတ်ရန် အရေးကြီးကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
MWD
