စီးပွားဖြစ် ငွေနှင်းမှို စိုက်ပျိုးခြင်း
Posted_Date
Image
Body
မိမိတို့နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်မှစတင်၍ စားသုံးမှိုများကို တွင်ကျယ်စွာ စိုက်ပျိုးခဲ့ကြသည်။ လတ်တလောစားသုံးရန်အပြင် မှိုခြောက်၊ စည်သွတ်ဘူး စသည်ဖြင့် ထုတ်ကုန် အမျိုးမျိုး ထုတ်လုပ်ရောင်းချခဲ့ကြသည်။ မှို၏ အဓိကအားသာချက်မှာ လူမျိုးဘာသာမရွေး စားသုံးနိုင်ခြင်းပင်ဖြစ်သည်။
အခြားဟင်းသီးဟင်းရွက်များ၊ သီးနှံပင်များထက် စိုက်ပျိုးချိန် တိုတောင်း၍ ရက်သတ္တနှစ်ပတ်မှ သုံးပတ်အတွင်းမှာပင် ဝင်ငွေရရှိနိုင်သော အမျိုးအစားဖြစ်သည်။
ယခုဆောင်းပါးတွင်စားသုံးသူများအကြိုက်တွေ့၍ ဈေးကွက်ဝယ်လိုအားမြင့်မားလျက်ရှိသောငွေနှင်းမှိုစိုက်ပျိုးခြင်းအကြောင်းကို တင်ပြသွားမည်ဖြစ်သည်။ ငွေနှင်းမှိုကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးထွက်ရှိအောင် စိုက်ပျိုးနိုင်သည်။ ငွေနှင်းမှိုစိုက်ပျိုးရာ တွင် စိုက်ထုပ်မှမှိုပွင့်ရန်အတွက် လိုအပ်သော အပူချိန်နှင့်စိုထိုင်းဆကို ဖန်တီးပေးရန်လိုအပ်သည်။
မှိုပွင့်ရန်လိုအပ်သော အပူချိန်စိုထိုင်းဆနှင့် လေဝင်လေထွက်ကောင်း၍ အလင်းရောင် အနည်းငယ်ရှိသော မည်သည့်နေရာတွင်မဆို မှိုစိုက်ထုပ်ကို ထားရှိစိုက်ပျိုးနိုင်သည်။ တစ်နိုင်တစ်ပိုင်အဖြစ်ရေချိုးခန်းများတွင် ချိတ်ဆွဲ၍လည်းကောင်း၊ အိမ်ခြံဝင်းအတွင်း အေးသောအရိပ်အောက်တွင်ထား၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်တိုက်ရိုက်ကျရောက်မှု၊ လေပြင်းတိုက်ခတ်မှု၊ ပူပြင်းလွန်းသောနေရာများနှင့် ကင်းလွတ်သောနေရာများတွင် အခြေအနေအပေါ်မူတည်၍ ချိတ်ဆွဲခြင်း၊ ထောင်ထားခြင်း၊ လှဲ၍စီထပ်ထားခြင်း၊ မှိုစိုက်ခန်းသီးသန့်ပြုလုပ်ခြင်း စသည့်နည်းလမ်းအသွယ်သွယ်ဖြင့် စိုက်ပျိုးနိုင်သည်။
ငွေနှင်းမှိုစိုက်ခန်းကို ပိုးသတ်ဆေး၊ မြေဩဇာသိုလှောင်ထားသော အခန်းမျိုးတွင် မပြုလုပ်သင့်ပါ။ စီးပွားဖြစ်တွက်ခြေကိုက်အောင်စိုက်ပျိုးလိုပါက သီးသန့်မှိုစိုက်ခန်းပြုလုပ်၍ စိုက်ပျိုးသင့်သည်။ မှိုစိုက်ခန်းကို စိုက်ထုပ်အရေအတွက်ပေါ်မူတည်၍ တွက်ချက်ဆောက်လုပ်သင့်သည်။ စိုက်ခန်းအတွင်းအပူချိန်ကို ထိန်းချုပ်နိုင်ရန် အမိုးအကာလုံအောင် ပြုလုပ်ရမည်။ လေဝင်လေထွက်ကောင်းစေရန်နှင့် အခန်းအတွင်းအပူချိန်ကို ထိန်းချုပ်ရန်အတွက် တံခါးများ၊ ပြတင်း
ပေါက်များ ပါရှိရမည်။ အခန်းတွင်းစိုထိုင်းဆကို မပြတ်ထိန်းထားနိုင်ရန်အတွက် အခင်းတွင် သဲခင်းထားပြီး ရေလောင်း၍ အမြဲစိုအောင် ပြုလုပ်ပေးရမည်။
စိုက်ထုပ်မှ ငွေနှင်းမှိုအပွင့်ဖြစ်ပေါ်ရန်အတွက် လိုအပ်သောအပူချိန်မှာ ငွေနှင်းမှိုမျိုးကွဲအလိုက် အပူချိန် ၂၀ -၂၈ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်နိုင်ပြီး အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှာ မှိုပွင့်ကြီးထွားရန် အကောင်းဆုံးအခြေအနေဖြစ်သည်။ အခန်းအတွင်း စိုထိုင်းဆမှာ ၈၀ - ၈၅ ရာခိုင်နှုန်းရှိရမည်။ အလင်းရောင်အသင့်အတင့်ရှိရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းရန်လိုအပ်သည်။ အခန်းအတွင်းအပူချိန်နှင့် စိုထိုင်းဆကို ကိရိယာဖြင့် အလွယ်တကူတိုင်းတာသိရှိနိုင်သည်။
အခန်းအတွင်းအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထက် မြင့်မားလာခဲ့လျှင် ရေမှုန်ရေမွှားများ အခန်းအတွင်းသို့ မကြာခဏ ဖျန်းပေးခြင်း၊ ညဘက်တွင် ပြတင်းတံခါးများဖွင့်ပေးခြင်းဖြင့် လေအေးများ အခန်းအတွင်းသို့ ဝင်ရောက်စေပြီး အပူချိန်ကို လျော့ကျစေနိုင်သည်။ မှိုစိုက်ခန်းအတွင်း စိုက်ထုပ်များကို စင်ပြုလုပ်၍ထောင်ခြင်း၊ စီထပ်ခြင်း၊ ချိတ်ဆွဲခြင်းနည်းလမ်းတစ်ခုခုဖြင့် သင့်လျော်သည့်အနေအထားပြုလုပ်၍ စိုက်ပျိုးနိုင်သည်။ ထောင်၍စိုက်ပျိုးရာတွင် ထိပ်ဖွင့်လှီးဖြတ်၍လည်းကောင်း၊ ဘေးခွဲ၍လည်းကောင်း စိုက်ပျိုးနိုင်သည်။
စိုက်ခန်းအတွင်း စိုက်ထုပ်များထည့်သွင်းပြီး နှစ်ရက်မြောက်မှစ၍ စိုက်ထုပ် များအပေါ်သို့ ရေလောင်းပေးရမည်။ ရေလောင်းသည့်အခါ စိုက်ထုပ်များအပေါ်သို့ ရေမှုန်ရေမွှားများသာ လောင်းပေးရမည်။ အခန်းအပူချိန်မြင့်မားပါက အပူချိန်လျှော့ချခြင်းအပြင် စိုက်ထုပ်များအပေါ်သို့ တစ်ရက်နှစ်ကြိမ်ရေလောင်းပေးရမည်။ သင့်တော်သောအပူချိန်နှင့် စိုထိုင်းဆရှိသော အခန်းအတွင်း၌ မှိုစိုက်ထုပ်များမှ သုံး-လေးရက်ခန့်ကြာသောအခါ မှိုအဖူးများ စတင်ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထို့နောက် နှစ်-သုံးရက်အကြာတွင် မှိုခူးရမည့်အနေအထားသို့ ရောက်မည်ဖြစ်သည်။
မှိုဖူးလေးများ ဖြစ်ပေါ်လာချိန်တွင် မှိုဖူးများခြောက်သွေ့မှုမဖြစ်စေရန်နှင့် ဆက်လက်ကြီးထွားစေရန် အတွက် မှိုဖူးများအပေါ်တွင် ရေမှုန်ရေမွှားများ တစ်ရက်တစ်ကြိမ်လောင်းပေးရန် လိုအပ်ပြီး လေပြင်းနှင့်နေရောင်ခြည် တိုက်ရိုက်ကျရောက်မှုမရှိစေရန် သတိပြုရမည်ဖြစ်သည်။ မှိုပွင့်၏ဘေးအနားသားများ မကွဲမီ သို့မဟုတ် မှိုပွင့်များမရော်မီတွင် စတင်ခူးဆွတ်ရမည်။
ခူးဆွတ်သည့်အခါ မှိုပွင့်များကို အခိုင်လိုက်လှည့်ထုတ်၍ ညင်သာစွာ နုတ်ယူရမည်။ ချိုးဖဲ့ဖြတ်တောက်၍ မယူရပါ။ ပြီးလျှင် အခြေရှိ လွှစာများကို လှီးဖြတ်ရမည်။ ငွေနှင်းမှိုအဖူးများ ပုံသဏ္ဌာန်မှန်စွာ ကြီးထွားရန်အတွက် အောင်ဆီဂျင်လိုအပ်သည်။ အခန်းအတွင်း လေဝင်လေထွက်ကောင်းမွန်ရန် လိုအပ်သည်။ လေဝင်လေထွက်ကောင်းမွန်မှု မရှိပါက တစ်နည်းအားဖြင့် အခန်းတွင်း၌ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) များနေပါက အပွင့်များ အရိုးရှည်ခြင်း၊ ပုံပျက်ခြင်းနှင့် အရောင်ပြောင်းခြင်းများဖြစ်ပေါ်လာနိုင်သည်။
မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုစိုက်ထုပ်တွင် ပါဝင်သုံးစွဲထားသော ဖြည့်စွက်စာအချိုးအစားနှင့် သင့်တော်သော အပူချိန်စိုထိုင်းဆ ရရှိမှုပေါ်မူတည်၍ ပထမအကြိမ်တွင် မှိုစိုက်ထုပ်အလေးချိန်၏ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်အထိ ထွက်ရှိနိုင်သည်။
သုံးကြိမ်အထိ ခူးဆွတ်နိုင်ပြီး မှိုထွက်ရှိမှုသည် ပြုစုထိန်းသိမ်းမှုနှင့် မှိုစိုက်ထုပ်အတွင်းပါဝင်သော ဖြည့်စွက်စာအပေါ်တွင် မူတည်သည်။
စိုက်ထုပ်များမှ မှိုခူးပြီးတိုင်း စိုက်ထုပ်အတွင်း မှိုမျှင်ပြန်ပြည့်ပြီး အဖူးဖြစ်ပေါ်စေရန်အတွက် စိုက်ထုပ်များအပေါ်ရှိ မှိုခူးထားသောနေရာသို့ နှစ်-သုံးရက် ရေတိုက်ရိုက်မထိစေရန် သတိပြုရမည်။ မှိုအဖူးများကြီးထွားရန်အတွက် ရေလိုအပ်သည်။ သို့သော် မှိုမျှင်မှ မှိုအဖူးဖြစ်ရန်အတွက်မူ ရေမှာအနှောင့်အယှက်အတားအဆီးဖြစ်၍ ထိုနေရာတွင် ရေစိုနာဖြစ်ကာ အထုပ်များပုပ်လာခြင်း၊ မှိုပွင့်များ မပွင့်တော့ခြင်းဖြစ်လာနိုင်သည်။ နေ့စဉ်ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာ ရေလောင်းပေးရာ၌ အထုပ်အတွင်း ရေမဝင်စေရန် ဂရုပြုဆောင်ရွက်ရမည်။ ရေဝပ်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်သည်။
စိုက်ခန်းဖြင့်စိုက်ပျိုးရာတွင် အခန်းအတွင်း သန့်ရှင်းရေးသည် အရေးကြီးသည်။ စိုက်ထုပ်များ အခန်းအတွင်း စိုက်ပျိုးခြင်းမပြုမီ အခန်းကို သင့်တော်သောအပူချိန်နှင့် စိုထိုင်းဆရောက်အောင်ပြင်ဆင်ထားရမည်။ စင်များကို ဝါး၊ သစ်သားတို့ဖြင့် ပြုလုပ်ပါက ထုံးသုတ်ထားရမည်။ စိုက်ခန်းပတ်ဝန်းကျင်သန့်ရှင်းအောင် ပြုလုပ်ရမည်။ မှိုများခူးဆွတ်ရာတွင် ခူးဆွတ်ရမည့်မှိုများ စိုက်ခန်းအတွင်း မကျန်ရှိစေရန် သတိပြုရမည်။ ထို့ပြင် မှိုခူးပြီးနောက် လှီးဖြတ်ထားသော စွန့်ပစ်အပိုင်းအစများ၊ ပျက်စီးသွားသော စွန့်ပစ်စိုက်ထုပ်များ၊ အစားအသောက် အကြွင်းအကျန်များကို စိုက်ခန်းပတ်ဝန်းကျင်တွင် မကျန်ရှိစေရန် သတိပြုရမည်။
စားသုံးမှိုအမျိုးမျိုးရှိရာတွင် တစ်နှစ်လျှင် တစ်ကြိမ်သာပေါ်သော သဘာဝမှိုများ၊ ကောက်ရိုးမှိုများရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရသော ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ငွေမိုးမှို စသည်ဖြင့် လည်းရှိကြသည်။ သဘာဝအလျောက်ရရှိသော မှိုများတွင် စားသုံးသူများအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သော မှိုအမျိုးအစားများ ပါရှိတတ်သော်လည်း စိုက်ပျိုးသောမှိုများ အားလုံးမှာမူ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်သည်။
ငွေနှင်းမှိုကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တို့ဖြင့် ကြော်၍လည်းကောင်း၊ သုပ်၍လည်းကောင်း စားသုံးနိုင်သည်။ ထို့ပြင် မုန့်နှစ်တို့ဖြင့် အကြွပ်ကြော်၍လည်း စားသုံးနိုင်သည်။ ငွေနှင်းမှိုတွင်ပါဝင်သော အာဟာရဓာတ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
ငွေနှင်းမှိုအပါအဝင် မှိုအုပ်စုသည် အဆီဓာတ်နှင့် ကယ်လိုရီပါဝင်မှုနှုန်းနည်းသော်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်စီ၊ ဗီတာမင်ဒီနှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေသော အစားအစာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် အသားမစားသူ (သက်သတ်လွတ်စားသူ) များအတွက် လိုအပ်သည့်ဗီတာမင်ဓာတ်များကို ဖြည့်စွမ်းပေးနိုင်သည့် အစွမ်းရှိသည်။ထို့ပြင် စိုက်ပျိုးရန်အချိန်ကာလ တိုတောင်းခြင်း၊ လုပ်နည်းလုပ်ဟန်လွယ်ကူခြင်းတို့ကြောင့် မှိုစိုက်ပျိုးရေးကို မြို့ပြကျေးလက်မဟူ နေရာအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
MWD
