မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသော လက်ဆောင်

Posted_Date

Image

မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသော လက်ဆောင်

Body

      သဘာဝကပေးသည့်အစားအစာများတွင်  ထူးခြားသောအာဟာရဓာတ်များ ပေါများစွာပါဝင်ပြီး လူသားတို့၏ကျန်းမာရေးအပေါ် ကြီးမားသောအကျိုးရလဒ်များဖြစ်ပေါ်စေသည့်အတွက် မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသောလက်ဆောင်အကြောင်း ကျန်းမာရေးရှုထောင့် အရ သိကောင်းစရာများကို ရေးသားတင်ပြလိုက်ရပါသည်။

မှိုတွင်  ကယ်လိုရီဓာတ်နည်းပါးစွာပါဝင်ခြင်းကြောင့်   ကိုယ်အလေးချိန်ထိန်းညှိနေသူများအတွက် အထူးသင့်လျော်ပါသည်။ နေရောင်ခြည် နှင့်  ထိတွေ့ထားသောမှိုများသည် အရိုးကျန်းမာရေးအတွက်  အရေး ပါသော သဘာဝဗီတာမင်ဒီဓာတ်ပါဝင်ပါသည်။  မှိုတွင် ခန္ဓာကိုယ်ရှိ ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးသော ဆီလီနီယမ် (Selenium) သတ္တုဓာတ်ပါဝင်ကာ သက်သတ်လွတ်စားသူ များအတွက် အသားအစားထိုး အာဟာရအရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်ပါသည်။ မှိုတွင် အမျှင်ဓာတ်ကြွယ်ဝပြီး ကစီဓာတ်နည်းပါးသည့် အတွက် ဆီးချိုဝေဒနာရှင်များ အနေဖြင့်လည်း စားသုံးနိုင်ပါသည်။

မှိုတွင် ထူးခြားသော အာဟာရတန်ဖိုးများပါရှိပါသည်။ မှိုအမျိုးအစား အလိုက်   အနည်းငယ် ကွာခြားနိုင်သော်လည်း  ယေဘုယျအားဖြင့်  မှို ၁၀၀ ဂရမ် (၆ ကျပ်သားခန့်)တွင်  ၂၂  မှ ၃၅  ကယ်လိုရီခန့်ပါဝင်ပြီး ရေဓာတ် ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့်ပါဝင်ပါသည်။ အသားဓာတ် ၃ ဒသမ ၁ ဂရမ်ခန့်ပါဝင်ပြီး တခြားဟင်းသီးဟင်းရွက်များထက် အသားဓာတ် များပိုမိုပါဝင်ကာ ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာများအတွက် အရေး ပါသည့် အမိုင်နိုအက်စစ်များစွာပါဝင်ပါသည်။ မှို  ၁၀၀ ဂရမ်တွင် အဆီ ဓာတ် သုည  ဒသမ ၃ ဂရမ်ခန့်သာပါဝင်သောကြောင့်  အဆီဓာတ်နှင့် ကိုလက်စထရောအဆီများ လုံးဝမပါဝင်သလောက်နည်းပါးပြီး  အမျှင် ဓာတ် (Fiber) ၁ မှ ၂ ဂရမ်ခန့်ပါဝင်သောကြောင့် လူ၏အစာခြေစနစ် ကို များစွာအထောက်အကူပြုပါသည်။ 

မှိုသည် ဗီတာမင်ဓာတ်ကြွယ်ဝသော အရင်းအမြစ်တစ်ခုလည်းဖြစ် ပါသည်။   အထူးသဖြင့်  ဗီတာမင်ဒီကို သဘာဝအတိုင်း ပေးစွမ်းနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများတွင် ပိုမိုများပြားစွာပါဝင်ပါ သည်။ ဗီတာမင်ဘီအုပ်စုများအနက် အထူးသဖြင့်  Riboflavin (B2)၊ Niacin (B3) နှင့် Pantothenic Acid (B5)ဓာတ်တို့ ကြွယ်ဝစွာပါဝင်သဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ထုတ်လုပ်မှုနှင့် အာရုံကြောစနစ် အတွက် အထူးကောင်းမွန်ပါသည်။

မှိုတွင်ပါဝင်သောသတ္တုဓာတ်တစ်မျိုးဖြစ်သည့်   ဆီလီနီယမ်သည် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကို  မြှင့်တင်ပေးပြီး  ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ် ဆောင်ရွက်ပါသည်။ မှိုတွင် ကျန်းမာရေးအတွက် အထောက် အကူပြုသည့် ပိုတက်ဆီယမ်နှင့်ကြေးနီသတ္တုဓာတ်များလည်း ပါဝင်သောကြောင့်  သွေးပေါင်ချိန်ထိန်းညှိခြင်း၊  နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း၊ သွေးနီဥဆဲလ်များ ဖြစ်ပေါ်စေခြင်းနှင့် အရိုးများ ခိုင်မာစေခြင်းတို့အတွက် ကူညီပေးပါသည်။

မှိုတွင်   ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ  (Antioxidants)ဖြစ်သည့် Ergothioneine နှင့် Glutathione ပါဝင်သောကြောင့် ဆဲလ်များရောင် ရမ်းမှုနှင့်ပျက်စီးမှုကို ကာကွယ်ပေးပါသည်။ မှိုတွင်ပါဝင်သည့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများသည် အသက်ကြီးလာသည့်အခါ ဖြစ်တတ်သောမေ့လျော့သည့် ရောဂါများကို   ကာကွယ်ပေးနိုင်ကြောင်း    သုတေသန စာတမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ မှို၏ဆဲလ်နံရံ တွင်ပါဝင်သော အမျှင်ဓာတ် (Beta-glucans) သည် သွေးတွင်းအဆီဓာတ် ကိုလျော့ကျစေပြီး ကိုယ်ခံအားကို ကောင်းမွန်စေပါသည်။

အဆိပ်ရှိသော မှိုနှင့်စားသုံးနိုင်သောမှိုကို  ခွဲခြားရန် ခက်ခဲနိုင်သောကြောင့်   တောတွင်းအလေ့ကျပေါက်သည့်မှိုများကို     အလွယ်တကူ ခူးဆွတ်မစားသုံးမိရန်   အထူးသတိပြုရမည်ဖြစ်ပါသည်။   စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ထားသောမှို (ဥပမာ- ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ကြက် တောင်မှို)များကိုသာ စားသုံးသင့်ပါသည်။  မှိုသည် ပျက်စီးလွယ်သော ကြောင့် လတ်ဆတ်သောမှိုကိုသာရွေးချယ်ရန်နှင့် မချက်ပြုတ်မီ သေချာ ဆေးကြောရန်လိုအပ်ပါသည်။ ဆေးဖက်ဝင်မှိုများ (ဥပမာ - လင်ဇီးမှို စသည်)ကို ကိုယ်ခံအားမြှင့်တင်ရန်နှင့် မောပန်းနွမ်းနယ်မှုလျော့ကျစေ ရန် စသည်တို့အတွက် အာဟာရဖြည့်စွက်စာအဖြစ် အသုံးပြုကြကြောင်း တွေ့ရပါသည်။

မှိုကို အစိမ်းစားခြင်းထက် ချက်ပြုတ်စားခြင်းက အာဟာရဓာတ်များကို ပိုမိုစုပ်ယူနိုင်စေပြီး အစာခြေစနစ်အတွက်လည်း ပိုမိုကောင်းမွန် ပါသည်။ မှိုကို ဟင်းရည်ချက်သောက်ခြင်းဖြင့် လည်းကောင်း၊ အသီးအရွက် များနှင့်ရော၍ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း အာဟာရမျှတစွာစားသုံး နိုင်ပါသည်။

မှိုကို ဟင်းလျာတစ်ခုအနေဖြင့်သာမဟုတ်ဘဲ ကျန်းမာရေးနှင့်မညီညွတ်သောဟင်းခတ်မှုန့်နေရာတွင် အစားထိုး၍ သဘာဝဟင်းခတ်မှုန့် အဖြစ်လည်း  အသုံးပြုနိုင်ပါသည်။  မှိုခြောက် (အထူးသဖြင့်  မှိုနက် သို့မဟုတ် ရှီတာကေးမှို) ကို အမှုန့်ကြိတ်ပြီး ဟင်းချို၊ ဆော့စ်၊ အသားနှပ်ခြင်းနှင့် အသီးအရွက်ကြော်များတွင်  သဘာဝဟင်းခတ်မှုန့်အဖြစ် အသုံးပြုနိုင်ပါသည်။ မှိုတွင် Glutamate ဓာတ် သဘာဝအတိုင်း ကြွယ်ဝစွာပါဝင်သောကြောင့် အချိုမှုန့် (Monosodium Glutamate - MSG) အစားထိုး သဘာဝပစ္စည်းအဖြစ် အသုံးပြုလေ့ရှိကြပါသည်။ မှိုကို အနှစ် ပြုလုပ်ပြီး   ဟင်းချက်ရာတွင်  ထည့်သွင်းခြင်းဖြင့်   ဟင်းရည်ကိုပိုမိုပျစ်နှစ်စေပြီး အရသာပိုမိုကောင်းမွန်စေပါသည်။ ဥရောပဟင်းလျာများတွင် မှိုကိုအခြေခံသောခရင်မ်ဆော့စ်အနှစ်များကို အသားကင်များနှင့် တွဲဖက်သုံးစွဲလေ့ရှိပါသည်။ မှိုကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲ ရာတွင် မှို၏ထူးခြားသောအရသာကြောင့် ဟင်းလျာများတွင် ဆားအများ ကြီးထည့်ရန်မလိုအပ်ဘဲ  အရသာပြည့်စုံစေသဖြင့်   သွေးတိုးရောဂါရှိသူများအတွက် အထူးသင့်လျော်ပါသည်။ မှိုခြောက်အား ပြန်စိမ်ထားသည့်ရေကို ဟင်းရည်ချက်ပြုတ်ရာတွင် ပြန်လည်သုံးစွဲခြင်းဖြင့် ဟင်း၏ ထူးခြားသောသဘာဝအနံ့ကိုရရှိစေပါသည်။  မှိုနက်သည် အနံ့အသက် ထူးခြားပြီး အရသာအလွန်ရှိ၍ ဟင်းခတ်မှုန့်ပြုလုပ်ရန် အကောင်းဆုံးဖြစ်ပါသည်။ လတ်ဆတ်သောမှိုထက် ခြောက်သွေ့အောင်ပြုလုပ်ထား သောမှိုများက   အနံ့နှင့်အရသာပိုမိုစူးရှပြီး   ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရန် ပိုမိုသင့်လျော်ပါသည်။

မှိုကို သာမန်ဟင်းလျာတစ်ခွက်အဖြစ်သာမဟုတ်ဘဲ စီးပွားရေးအရ သော်လည်းကောင်း၊ အာဟာရဗေဒအရသော်လည်းကောင်း တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါသည်။

(က) အာဟာရနှင့် ကျန်းမာရေးဆိုင်ရာတန်ဖိုးမြှင့်မှု

သဘာဝအချိုမှုန့် - မှိုကိုအခြောက်လှန်းပြီး အမှုန့်ပြုလုပ်ခြင်းဖြင့် ဓာတုကင်းစင်သော မှိုဟင်းခတ်မှုန့်အဖြစ် ထုတ်လုပ်နိုင်ပြီး ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် အလွန်တန်ဖိုးရှိသော အချိုမှုန့်အစားထိုးပစ္စည်းဖြစ်ပါသည်။ 

ဗီတာမင်ဒီမြှင့်တင်ခြင်း - မှိုကိုမချက်ပြုတ်မီ နေရောင်ခြည်အောက် တွင် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်ထားရှိခြင်းဖြင့်   ဗီတာမင်ဒီပါဝင်မှုကို သိသိသာသာမြှင့်တင်နိုင်ပါသည်။

(ခ) ထုတ်ကုန်ပိုင်းဆိုင်ရာတန်ဖိုးမြှင့်မှု (Value Added Products)

မှိုအစိုသည် သက်တမ်းတိုပြီး ပျက်စီးလွယ်သော်လည်း အောက်ပါ အတိုင်းပြုလုပ်ခြင်းဖြင့် ဈေးကွက်တန်ဖိုးမြှင့်တင်နိုင်ပါသည်။

မှိုခြောက်နှင့် မှိုမှုန့် - တာရှည်ခံအောင် အခြောက်ခံခြင်းဖြင့် ရာသီ မရွေးရောင်းချနိုင်ပြီး   မှိုမှုန့်ကို  ကော်ဖီ၊ လက်ဖက်ရည်   သို့မဟုတ် စွပ်ပြုတ်ထုပ်များတွင်ထည့်သွင်း၍ အားဖြည့်အစာ (Functional Food) အဖြစ်ထုတ်လုပ်နိုင်ပါသည်။

မှိုအခြေခံသရေစာများ - မှိုကြော်နှင့် မှိုချဉ်များအပြင် မှို၏အသား ကဲ့သို့ ကျစ်လျစ်သော အသွင်အပြင်ကြောင့် ဟမ်ဘာဂါအသားပြားနှင့် ဝက်အူချောင်းများတွင် သက်သတ်လွတ်အစားအစာအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ရာ သက်သတ်လွတ် စားသုံးသူများကြားတွင် မှိုအခြေခံ သရေစာများသည် အထူးလူကြိုက်များလှပါသည်။

(ဂ) စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုးမြှင့်မှု

စိုက်ပျိုးစရိတ်သက်သာခြင်း -  စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ ဖြစ်သော ကောက်ရိုး၊ လွှစာ၊ နှမ်းရိုးများကိုအသုံးပြုပြီး  မှိုစိုက်ပျိုးနိုင်သည့်အတွက်  စွန့်ပစ်ပစ္စည်းကို အကျိုးရှိရှိအသုံးချရာ ရောက်ပါသည်။

မှိုခူးပြီး ကျန်ရစ်သော စိုက်ခင်းအကြွင်းအကျန်များကို အရည်အသွေးမြင့်   သဘာဝမြေဩဇာအဖြစ်   ပြန်လည်ရောင်းချနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြုပါသည်။ 

မြန်မာ့တိုင်းရင်းဆေးပညာနှင့် ရိုးရာကုထုံးများတွင် မှိုအမျိုးအစား အလိုက်  ဆေးဖက်ဝင်ပုံများကွဲပြားသော်လည်း   ယေဘုယျအားဖြင့် တိုင်းရင်းဆေးပညာရှုထောင့်အရ   ဆေးဖက်ဝင်ပုံများကို အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်။

(၁) ကိုယ်တွင်းအပူကိုငြိမ်းစေခြင်း

မှိုသည်   အေးမြသော ဂုဏ်သတ္တိရှိသဖြင့်   ခန္ဓာကိုယ်အတွင်းအပူ အောင်းခြင်း၊ ဆီးပူခြင်းနှင့် အပူကြောင့်ဖြစ်သော အနာအဆာများကို သက်သာစေပါသည်။ အထူးသဖြင့် နွေရာသီတွင် မှိုကိုဟင်းရည်ချက်၍ သောက်ခြင်းဖြင့် ကိုယ်တွင်းအပူကို လျော့ကျစေပါသည်။ 

(၂) အားအင်ဖြည့်တင်းပေးခြင်း (ဓာတ်စာ)

မှိုတွင်ပါဝင်သောအာဟာရဓာတ်များသည် ကိုယ်ခံအားကို မြှင့်တင် ပေးပြီး သွေးအားကိုလည်း အားပေးသည့်အတွက် တိုင်းရင်းဆေးကျမ်းများတွင် မှိုကို အားနည်းသူများ၊ ဖျားနာပြီးစလူနာများအတွက် ဓာတ်စာ အဖြစ် ညွှန်းဆိုလေ့ရှိပါသည်။ 

(၃) ဆီးနှင့် ကျောက်ကပ်ဆိုင်ရာအကျိုးပြုပုံ

မှိုသည် ဆီးရွှင်သောအာနိသင်ရှိပြီး  ဆီးအိမ်ရောင်ခြင်းနှင့် ဆီးလမ်း ကြောင်းဆိုင်ရာ ရောဂါတချို့တွင် မှိုကို ဟင်းလျာအဖြစ် စားသုံးပေးနိုင်ပါ သည်။

(၄) ဆေးဖက်ဝင်မှိုများ၏ ထူးခြားချက်

လင်ဇီးမှို (Reishi) - သွေးတိုး၊ ဆီးချို၊  နှလုံးနှင့်အသည်းရောဂါများ အတွက် အထူးဆေးဖက်ဝင်သည့်အတွက် တိုင်းရင်းဆေးနှင့် တရုတ် ရိုးရာဆေးပညာတွင် အသုံးပြုကြပါသည်။

ကောက်ရိုးမှို - နှလုံးအားကောင်းစေပြီး အပူငြိမ်းစေပါသည်။ 

ကြွက်နားရွက်မှို (Wood Ear)သွေးကြောပိတ်ခြင်းကို ကာကွယ် ပေးပြီး ဝမ်းမှန်စေရန် အသုံးပြုလေ့ရှိသည်။

မှို၏အာဟာရဓာတ်များသည်  အထူးပင်  ဆေးဖက်ဝင်လှသော်လည်း  တချို့သောရောဂါ ဝေဒနာရှင်များအနေဖြင့်  သတိပြု၍ မှိုကို စားသုံးသင့်ပါသည်။ အထူးသဖြင့် ဂေါက်ရောဂါနှင့်အဆစ်ရောင် ဝေဒနာရှင်များ၊ ယားယံတတ်သောအရေပြားရောဂါနှင့် အစာအိမ် လေထိုးလေအောင့်ဖြစ်တတ်သူများအနေဖြင့်   မှိုကိုသတိပြု၍   စားသုံးသင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော်   မှိုကို ဟင်းချက်စရာအဖြစ်သာမက စနစ်တကျပြုပြင်ထုတ်လုပ်ပါက  ကျန်းမာရေးအတွက် ဘေးကင်းသော ဟင်းခတ်မှုန့်၊ အသားအစားထိုး အာဟာရပြည့်အစားအစာနှင့် မိသားစု အပိုဝင်ငွေရရှိစေမည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါ သည်။ မှိုသည် ဆေးဖက်ဝင်သောအစားအစာဖြစ်သော်လည်း တောတွင်း   အလေ့ကျပေါက်သောမှိုများကို စားသုံးရာတွင်  အဆိပ်ရှိနေနိုင်သည်ကို အထူးဂရုပြုရန်နှင့်    ရောဂါအခံရှိသူများအနေဖြင့်    မိမိနှင့်သင့်လျော်သော မှိုအမျိုးအစားကိုသာ ရွေးချယ်စားသုံးရန် လိုအပ်ပါသည်။

မှိုတွင် အဆီဓာတ်နှင့်ကယ်လိုရီ ပါဝင်မှုအလွန်နည်းသော်လည်း ခန္ဓာ ကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင်ဘီအုပ်စု၊  ဗီတာမင်ဒီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ  ကြွယ်ဝစွာပါဝင်နေသော အစားအစာဖြစ်၍ အထူးသဖြင့် အသားမစားသူ (သက်သတ်လွတ်စားသူ)များအတွက် အသားဓာတ်နှင့် ဗီတာမင်ဓာတ်များကို   ကြွယ်ဝစွာဖြည့်တင်းပေးနိုင်သော အာဟာရဓာတ် ထူးခြားပြည့်ဝသည့် အစားအစာတစ်ခုဖြစ်၍  မှို သို့မဟုတ် သဘာဝကပေးသည့် ထူးခြားသော လက်ဆောင်အဖြစ် မိဘပြည်သူများအနေဖြင့် သိရှိထုတ်လုပ်အသုံးပြုနိုင်ရန်  ရေးသားတင်ပြလိုက်ရပါသည်။

MWD