မှိုအဆိပ်သင့်မှုတားဆီးကာကွယ် မှိုငယ်ငယ်နဲ့ဈေးကွက်တွင်းအောင်မြင်ကြမယ်
Posted_Date
Image
Body
မှိုဟုဆိုလိုက်သည်နှင့် စားသုံး၍သင့်လျော်သောမှိုနှင့် စားသုံးရန် မသင့်သော အဆိပ်ရှိရောဂါဖြစ်စေသောမှိုဟူ၍ ခွဲခြားသိရှိရန်လိုသည်။ စားသုံးရန် မသင့်သော မှိုအစားအစာများမှာ ဥပမာ-အစားအသောက်များ အချိန်လွန်၍ ပုပ်သိုးဆွေးမြည့်ရာမှ ဖြစ်ပေါ်လာသော မှိုများကိုဆိုလိုပါသည်။ မှိုအမျိုးအစားတွင် လူသားတို့ ယနေ့စားသုံးနေသည့် သဘာဝပေါက်ရောက်လေ့ရှိသော သဘာဝမှိုနှင့် စနစ်တကျစားသုံးရန် သင့်လျော်သည့် မှိုအမျိုးအစားများဖြစ်သော မှိုမျိုးစိတ်များကို မှိုအသားစားတစ်သျှူးများမှ မျိုးပွား၍ရရှိသော ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှို စသည်တို့ဟု အလွယ်မှတ်မိအောင် ဖော်ပြရမည်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်းများစွာရှိသည့်အထဲမှ လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲတွင် တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားလျက်ရှိသော ကောက်ရိုးမှိုစိုက်ပျိုးမှုနှင့် အသုံးဝင်အကျိုးများပုံတို့ကို မှိုမျိုးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်မှုများရှိ ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲအောက်မှ မှိုသုတေသနစိုက်ပျိုးရေးခြံများမှ မှိုမျိုးများကို စနစ်တကျမှိုမွေးမြူခြင်းသင်တန်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို နှစ်စဉ် သို့မဟုတ် လစဉ် သင်တန်းသား များခေါ်ယူ၍ သင်တန်းပေးမှုများရှိလာသဖြင့် နောက်ပိုင်းအချိန်များတွင် မှိုစားသုံး၍ အဆိပ်သင့်ရသည့်ဖြစ်စဉ်များ မရှိသလောက်လျော့နည်းသွားသည်။ အာဟာရပြည့်ဝဘေးကင်းလုံခြုံသောမှိုမျိုးများကို တောင်သူ သို့မဟုတ် အပြင်စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် စိတ်ပါဝင်စားလာပြီး မျိုးစေ့ထုတ်လုပ်ရောင်းချကာ နေရာအနှံ့အပြားမှိုများကို လက်တစ်ကမ်းဝယ်ယူစားသုံးလို့ရရှိနေသည်မှာ ဝမ်းသာစရာပင်ဖြစ်သည်။ သို့ရာတွင် တန်ဖိုးရှိသဖြင့် တစ်ပတ်တစ်ကြိမ်မျှ မှိုဟင်းစားသုံးမှုနှုန်းမှာ မရှိသလောက်နည်းနေသေးသည်ဟု ဆိုရပေမည်။
ပညာပေးသင်တန်းမှ အတွေ့အကြုံ
ရှေးယခင်ကတည်းက လူသားတို့သည် သဘာဝအလျောက် ပေါက်ရောက်သောမှိုများကို ချိုးယူစားသုံးလာရာမှ အခန့်မသင့်သည့်အခါတွင် စားသုံး၍မရ/ အဆိပ်သင့်သောမှိုများကိုစားသုံးမိရာ အဆိပ်မိ အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များလည်း ကြုံဖူးကြမည်ထင်ပါသည်။ မိမိကိုယ်တိုင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂဒေသ လေရှီးမြို့ နာဂလူမျိုးများရှိရာဒေသသို့ သင်တန်းများသွားရောက်ပို့ချခဲ့ရာ တက်ရောက်လာသော ဒေသခံများမှ ၎င်းတို့နယ်မြေတွင် သဘာဝပေါက်ရောက်သောမှိုများကို ချိုးယူစားသုံးရာမှ မိသားစုလိုက် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ ကိုယ်တိုင်ကြားသိခဲ့ရသည်။ ယေဘုယျအဆိပ်သင့်မှိုဟု ခွဲခြားသိရှိနည်းများနှင့် ဒေသနှင့်ကိုက်ညီ၍ စိုက်ပျိုးသင့်သည့် ငွေနှင်း၊ ငွေမိုးကဲ့သို့ မှိုများစိုက်ပျိုးလာနိုင်ရေး ပညာပေးခဲ့ဖူးသလို လက်ရှိတွင် လေရှီးမြို့ အမှုထမ်းရပ်ကွက်ရှိ ခရစ်ယာန်နှစ်ခြင်းအသင်းတော်မှ ဦးဆောင်သော နာဂလူမျိုးများသည် ယခုလက်ရှိအချိန်ထိ စိုက်ပျိုးလျက် ရှိနေဆဲပင်ဖြစ်သည်။ သွားလာရန်ခက်ခဲသောနေရာဒေသတစ်ခုအတွက် အဆိပ်သင့်မှုလျှော့ချနိုင်ရန်ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီပြီး အာဟာရပြည့်ဝသော မှိုမျိုးရွေးချယ်စိုက်ပျိုးနည်းနှင့် အကျိုးကျေးဇူးများကို ဒေသခံများနားလည်လက်ခံလာပြီး လိုက်ပါဆောင်ရွက်လာနိုင်အောင် နည်းပညာပေးနိုင်ခဲ့သည့်အတွက် မိမိကိုယ်ကို များစွာဂုဏ်ယူမိပါသည်။
မှိုအဆိပ်သင့်အန္တရာယ်နှင့် အဆိပ်ရှိမှို၏လက္ခဏာများ
အဆိပ်ရှိမှိုဟုတ်၊ မဟုတ်ခွဲခြားရာ၌ မှို၏အခြေတွင်အခက်ပါရှိနေခြင်း၊ မှိုပွင့်၏ရိုးတံတွင် ခြေကျင်းပုံသဏ္ဌာန်ပါရှိနေခြင်း၊ မိုးထီးရွက်ပေါ်တွင် အကြေးဖတ်များပြန့်ကျဲစွာပါရှိနေခြင်း၊ မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်များသည် အဖြူရောင်ဖြစ်နေသောမှို၊ မှိုကွန်ချာ၊ အရောင်အသွေးစုံလင်စွာဖြင့် လှပစွာပွင့်နေသာ မှိုများ၊ မှိုလက်သည်းနှင့် အစိမ်းရောင်မှို၏ မျိုးမှုန်များထုတ်လွှတ်ထားသော မှိုမျိုးများဟု ယေဘုယျသတ်မှတ်နိုင်သည်။ ထို့ပြင် မှိုများကိုချက်ပြုတ်သောအခါ ခရမ်းရောင်ကဲ့သို့သော အရောင်ပြောင်းသွားခြင်းမျိုးရှိပါကလည်း စားသုံးရန်မသင့်သော မှိုအမျိုးအစားအဖြစ် သိရှိနားလည်ထားရမည်ဖြစ်ကြောင်း ယခုဆောင်းပါးတွင် ထပ်မံထည့်သွင်းရေးသား လိုပါသည်။
ဈေးကွက်တွင်အခိုင်အမာရပ်တည်လျက်ရှိသော ကောက်ရိုးမှိုစိုက်ပျိုးသင့်သည့်အချက်များ
ယခုဖော်ပြမည့်မှိုတစ်မျိုးမှာ ဈေးကွက်အတွင်း အခိုင်အမာရရှိထားပြီး ဝယ်လိုအားမြင့်မား၍ ဈေးကောင်းရရှိနေသော ကောက်ရိုးမှို(Oyster Mushroom) ကို တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးစေရန် ရည်ရွယ်၍ ယခုဆောင်းပါးကို အကျယ်တဝင့် ရေးသားဖော်ပြရခြင်း ဖြစ်သည်။ “စိုက်ပျိုးရေးလုပ်ငန်းအစ အမျိုးသမီးများက” ဆိုသည့်အတိုင်း မှိုစိုက်ပျိုးခြင်းကို ကလေးသူငယ်များသာမက အမျိုးသမီးများပါမကျန် စိုက်ပျိုးထုတ်လုပ်၍ရနိုင်သော ပေါ့ပေါ့ပါးပါး “Home Garden” အိမ်တွင်းဥယျာဉ်တစ်ခုသဖွယ် ထည့််သွင်းစိုက်ပျိုးနိုင်သည်။ ကောက်ရိုးမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုများအားလပ်ချိန်စိတ်ပျော် ရွှင်လန်းလာစေကာ ဥယျာဉ်ခြံမှတစ်ဆင့် အပိုဝင်ငွေရရှိစေနိုင်ပြီး ထမင်းစားစားပွဲတွင် အာဟာရပြည့်ဝကာ ဘေးကင်းလုံခြုံသော စားသောက်ဖွယ်ရာ မှိုဟင်းအမယ်တစ်ခွက်တိုးလာနိုင်ပြီး စီးပွားဖြစ် လုပ်ကိုင်လာနိုင်ပါက မိမိ မိသားစုသာမက အများအတွက်ပါ အစာအဆိပ်သင့်မှုမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ပါသည်။
လယ်ယာနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို မှိုစိုက်ပျိုးရာတွင် အကျိုးရှိစွာပြန်လည်အသုံးချနိုင်ခြင်း
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းများသည် ကောက်ရိုး၊ နွားချေး ၊ ဖွဲနု ၊ ဗေဒါကုန်ကြမ်းများသာဖြစ်သည့်အတွက် လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်စွန့်ပစ်ပစ္စည်းများကို Recycle အဖြစ် ပြန်လည်အသုံးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျော့ပါးသက်သာစေရုံမကဘဲ မှိုစိုက်ပျိုးပြီး ထွက်ရှိလာသော နွားချေး၊ ကောက်ရိုး၊ ဗေဒါရိုးပြတ်များအား အခြားစိုက်ပျိုးထားသော အပင်များအတွက်ပါ ထပ်မံထည့်သွင်းအသုံးပြုနိုင်သည့်အတွက် ပို၍အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပါသည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အချိန်တိုအတွင်း မြေနေရာကျဉ်းကျဉ်းတွင် အရင်းအနှီး အသင့်အတင့်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်။
မှိုတွင်ပါဝင်သောအာဟာရဓာတ်များ
ကောက်ရိုးမှိုတွင် ပရိုတင်း၊ အင်တီအောက်စီးဒင့်( Antioxidants)၊ ဗီတာမင် B complex (B1, B2, B3, B6,iron,zinc,potassium) စသည့် သတ္တုဓာတ်များပါဝင်သည်။ ၎င်းအာဟာရဓာတ်များ အချိုးမျှတစွာ ပါဝင်သည့်အတွက် သွေးတိုးရောဂါ၊ ဦးနှောက်နှင့်အာရုံကြော၊ ကိုယ်အလေးချိန်ထိန်းချုပ်ရေးနှင့် အင်အားနည်းခြင်းနှင့် သံဓာတ်ချို့တဲ့မှု ရောဂါများကိုလည်း ကာကွယ်နိုင်သည်ဟု ဆေးပညာသဘောအရ လေ့လာသိရှိခဲ့ရပါသည်။
မှိုစိုက်ပျိုးရန်လွှမ်းမိုးသောအချက်များ
မှိုစိုက်ပျိုးသည့်အခါတွင် အပူချိန်၊ စိုထိုင်းဆ၊ လေထုဖိအား၊ မြေဆွဲအား စသည့်အချက်များက လွှမ်းမိုးလျက်ရှိသည်။ မိမိစိုက်ပျိုးမည့် ဒေသအနေအထားနှင့် မှိုအမျိုးအစားပေါ်မူတည်၍ ကြိုက်နှစ်သက်သည့် လွှမ်းမိုးမှုများကို ဖြည့်ဆည်းပေးလျှင် အောင်မြင်နိုင်ပါသည်။ မိမိနေထိုင်သည့် ဒေသမှိုပေါက်ဈေး တစ်နည်းအားဖြင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေရန် လိုအပ်သည်။ မှိုမျိုးတစ်မျိုးနှင့်တစ်မျိုး အရင်းအနှီးကုန်ကျစရိတ်မတူနိုင်သလို ဈေးနှုန်းဈေးကွက်လည်း တူညီနိုင်မည် မဟုတ်သောကြောင့် မိမိဉာဏ်ရှိသလို စိုက်ပျိုးကြဖို့ တိုက်တွန်းချင်ပါသည်။ ယခုဆောင်းပါးတွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း
များစွာရှိသည့်အနက်မှ စိုက်ပျိုးရန်အလွယ်ကူဆုံးနှင့် အများကစိုက်ပျိုးရန်လက်ခံထားသည့် စနစ်တစ်ခုတည်းကိုသာ ဖော်ပြပေးမည်ဖြစ်ပါသည်။
ကောက်ရိုးမှိုတစ်နိုင်တစ်ပိုင် စိုက်နည်းစနစ်များ
၁။ ကျင်းပုံစံဖြင့်စိုက်ပျိုးခြင်း
၂။ ခြင်းတောင်းများဖြင့်စိုက်ပျိုးခြင်း
၃။ ကောက်ရိုးထုံးများအသုံးပြု၍ စိုက်ပျိုးနည်း
၄။ စက်မှုအသွင် စိုက်ရုံများဖြင့် ဗေဒါကုန်ကြမ်းသုံး စိုက်ပျိုး နည်းဟူ၍ နည်းစနစ်အမျိုးမျိုးရှိပါသည်။
ကောက်ရိုးမှိုကို စိုက်ပျိုးမည်ဆိုပါက တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးခြင်းအပေါ်မူတည်၍ ချဲ့ကားလျှင်ချဲ့ကားသလောက် တွင်ကျယ်နိုင်ပါသည်။ မိမိက တစ်နိုင်တစ်ပိုင်စိုက်ပျိုးမည့်သူဖြစ်ပါက အနည်းငယ်မှစ၍ စိုက်ပျိုးသင့်သည်။ ကောက်ရိုးမှိုစိုက်ရာတွင် စိုက်နည်းစနစ်အမျိုးမျိုးရှိရာ တစ်နိုင်စိုက်ပျိုးသူများအဖို့ အောက်ပါနည်းလမ်းများနှင့် အစပျိုးစိုက်ပျိုးခြင်းက ပိုကောင်းနိုင်ပါသည်။
မြန်မာနိုင်ငံရှိ ကောက်ရိုးမှိုစိုက်ပျိုးလေ့ရှိသည့် နေရာဒေသများ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလေ့ရှိကြပါသည်။
MSME လုပ်ငန်းများတွင်တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးအဖြစ်ပါဝင်လာမှု
စားသောက်ဆိုင်၊ ဟိုတယ်ကြီးများတွင် မှိုနှင့်ပတ်သက်သည့် ဟင်းလျာများ၏ ဈေးနှုန်းများကိုကြည့်ပါက မှိုစိုက်ပျိုးထုတ်လုပ်ရန် အခွင့်အလမ်းပိုရရှိစေနိုင်သည်။ ယခုအခါ မှိုမှတစ်ဆင့် စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်လာသည် များလည်းရှိရာ မြန်မာနိုင်ငံ၏ လက်ရှိတွန်းအားပေးနေသော MSME လုပ်ငန်းများတွင် မှိုသီးနှံထုတ်ကုန်တစ်မျိုးမှာလည်း နေရာရရှိလာပြီဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် အာဟာရပြည့်ဝသော မှိုအစားအစာတစ်မျိုး ထုတ်လုပ်လာနိုင်ရုံမျှမက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ တက်လှမ်းလာနိုင်နေပြီလည်း ဖြစ်သည်။
ကောက်ရိုးမှိုသည် အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်အတွင်းရှိသော အပူချိန်ရရှိသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက်
အပူကြိုက်မှိုဟု ယေဘုယျသတ်မှတ်နိုင်ပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အပူချိန်အမျိုးမျိုးအဆင့်ဆင့် ထိန်းသိမ်း ပေးရလေ့ရှိသည်။ ကောက်ရိုးမှိုကို အများဆုံးစိုက်ပျိုးလေ့ရှိကြသော ကျင်းစနစ်ဖြင့် စိုက်ပျိုးနည်းအတွက် လိုအပ်သော ကုန်ကြမ်းနှင့် အရင်းအနှီးများကို ဖော်ပြရမည်ဆိုပါက ပထမဦးစွာ မှိုမျိုးထုပ်၊ မှိုအစာအာဟာရအဖြစ် ဖွဲနု၊ စက္ကူဂျပ်များ၊ အပူချိန်အတွက် နွားချေး သို့မဟုတ် ကြက်ချေး၊ အမိုးအုပ်ရန် ပလတ်စတစ်စ လိုအပ်မည်ဖြစ်ပါသည်။ သတိပြုရှောင်ရှားရမည့် အချက်အနေနှင့် မိမိတို့စိုက်ပျိုးမည့်မြေသည် ဆား၊ ဆပ်ပြာပေါက်နေသော မြေ သို့မဟုတ် စက်ရုံစွန့်ပစ်ရေ ဆိုးမိလ္လာစိမ့်နေသော မြေမဖြစ်စေရန် ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။
မှိုစိုက်ပျိုးနည်းစနစ်နှင့် ပြုစုမှုပုံစံ
မှိုစိုက်မည့်နေရာသည် အရိပ်ရသော သစ်ပင်ကြီးများအောက်တွင် စိုက်ပျိုးပါကပိုကောင်းသည်။ ယခင်အဆက်ဆက် မှိုစိုက်ပျိုးခဲ့သော
နေရာများမှ ပိုးမွှားရောဂါများကာကွယ်နိုင်ရန်အတွက် စိုက်မည့်နေရာအား ကောက်ရိုးမီးရှို့ပေးခြင်းနှင့် မစိုက်ပျိုးမီ စိုက်ကျင်းအတွင်း ထုံး သို့မဟုတ် ပုရွက်ဆိတ်ဆေးအနည်းငယ်ဖြူးပေးပါ။ မစိုက်ပျိုးမီ ဂျပ်စက္ကူ ငါးပိဿာကို အလျား ၉ ပေ အနံ ၃ ပေနှင့် ၆ လက်မ အနက်ရှိသော စတုဂံပုံစံ အကျယ်အဝန်းအတွက် လက်တစ်ဝါးစာအရွယ်အစားစုတ်ဖြဲထားပြီး ရေစိမ်ပေးထားရမည်။ ၎င်းအကျယ်အဝန်းအတွက် မိမိဝယ်ယူသည့် နေရာမှအသုံးပြုရန် ညွှန်ကြားထားသည့်အတိုင်း မှိုမျိုးငါးထုပ် သို့မဟုတ် ခုနစ်ထုပ်စသည်ကို ဖွဲနုငါးဘူးနှင့် ရောမွှေထားပေးပါ။ အပူချိန်ဖန်တီးပေးရန် အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းဖြစ်သည့် နွားချေး ကိုးတင်းကို ပလတ်စတစ် တုတ်ချောင်းအပိုင်းအစ သို့မဟုတ် မလိုလားအပ်သည့် အမှိုက်များပါမလာစေရန် ဆန်ခါချထားပေးရပါမည်။
၎င်းဆန်ခါချထားသော မစိုမခြောက် နွားချေးများကို ကျင်းအတွင်း ဖြန့်ခင်းပေးပါ။ ဤတွင် နွားချေးများကို အကုန်သုံးလိုက်ခြင်းမျိုးမဟုတ်ဘဲ အပေါ်အုပ်ရန်အတွက် အနည်းငယ်ချန်ပေးထားရပါမည်။ နွေတွင်စိုက်ပျိုးပါက လိုအပ်သည့်အပူချိန်ကို ထိန်းချုပ်ရန်လွယ်ကူသည့်အတွက် လျော့၍ ထည့်သွင်းခြင်းနှင့် ဆောင်းရာသီတွင် စိုက်ပျိုးမည်ဆိုပါက အနည်းငယ်လျော့၍ထည့်ခြင်း သို့မဟုတ် နွားချေးထက် အပူချိန်များသော ကြက်ချေးကို အသုံးပြုပေးနိုင်လျှင်လည်း ပိုကောင်းပါသည်။
ထို့နောက် ရေပန်းကရားဖြင့် ဖြည်းဖြည်းမှန်မှန် စိုက်ကျင်းစိုသွားသည်အထိ ရေဖျန်းပေးရမည်။ နွားချေးများဖြန့်ခင်းပြီးပါက ရေစိမ်ထားသော ဂျပ်စက္ကူပျော့ဖတ်များကို ရေမှဆယ်ယူရေညှစ်၍ နေရာလပ်မရှိ ဖြန့်ခင်းပေးပါ။ စက္ကူအသုံးပြုရာတွင် ဆပ်ပြာ၊ ရေနံဆီကဲ့သို့သော နေရာတွင် အသုံးပြုထားသော စက္ကူများသည် မှိုပေါက်ရောက်ရန် အတားအဆီးဖြစ်နိုင်သောကြောင့် အသုံးမပြုစေရန် သတိပြုရပါမည်။ စက္ကူဖြန့်ထားပြီးပါက ဖွဲနုနှင့်ရောနယ်ထားသော မှိုမျိုးများကို ပါးပါးနှင့်ညီညီ ဖြန့်ခင်းပေးရမည်။ ထို့နောက် နွားချေးအနည်းငယ်ကို မှိုမျိုးလုံအောင်ဖုံးထားပေးပြီး မှိုမျိုးများမျောပါမသွားစေရန် ရေပန်းကရားဖြင့် ဖြည်းဖြည်းချင်း ရေလောင်းပေးရမည်။ ထို့နောက် ပလတ်စတစ်အဖြူစကို မှိုစိုက်ကျင်းတွင် အမြင့် ၁ ပေခွဲ အမိုးကိုင်းလုပ်၍ အုပ်မိုးပေးထားပြီး လေလုံအောင်စီမံထားပေးရပါမည်။ ကောက်ရိုးမှိုသည် အလင်းရောင် မကြိုက်နှစ်သက်သည့် မှိုအမျိုးအစားဖြစ်သောကြောင့် အမိုးအုပ်ပြီးပါက အလင်းထိုးဖောက်မှုမရှိစေရန် ကောက်ရိုး၊ သက်ငယ်၊ဓနိ၊ ဂျပ်ဖာများဖြင့် ဖြန့်မိုးပေးနိုင်လျှင်ပိုကောင်းပါသည်။ ထို့ကြောင့် ကောက်ရိုးမှိုစိုက်ပျိုးရန် မြေနေရာရွေးချယ်ရာတွင် အပင်ကြီးများအောက် အရိပ်ရသော မြေနေရာတွင် ရွေးချယ်နိုင်ပါက ပိုကောင်းပါသည်။ မှိုစိုက်ပျိုးပြီး လေးရက် အမိုးကိုင်းပေါ်မှ ဂျပ်စက္ကူအုပ်၍ အမှောင်ချထားပေးရမည် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် မှိုပုံကို တစ်နေ့လျှင် နှစ်ကြိမ် ပလတ်စတစ်စကို လှပ်ပေးပါ။ တစ်ရက်ခြားတစ်ခါ မှိုပုံကိုချွေးလှပ်ပေးရမည်ဖြစ်ရာ မှိုပုံအားပြန်အုပ်သည့်အခါ မှိုအစေ့လေးများပေါ်သို့ ချွေးကျ၍မျိုးမအောင်နိုင်သဖြင့် ဆန့်ကျင်ဘက် ထက်အောက်လှန် အုပ်မိုးပေးရမည်။
အစိုဓာတ်လျော့နည်းနေပါက ရေဖျန်းပေးပါ။ ခြောက်ရက်မြောက်နေ့တွင် မှိုမျှင်များပွားလာမည်ဖြစ်ပြီး နောက်ပိုင်း မှိုမျှင်ခဏပျောက်သွားပြီးမှ မှိုဆန်ကွဲစေ့လေးများ စတင်ထွက်ရှိလာပြီး စတင်စိုက်ပျိုးသည့်ရက်မှ ၁၄ ရက်အတွင်း မှိုစတင်ခူးဆွတ်နိုင်မည်ဖြစ်ပါသည်။
မှိုခူးဆွတ်နည်းပုံစံ
ကောက်ရိုးမှိုကို ကြက်ဥလုံးအရွယ်အနေအထားလောက်တွင် စတင်ခူးဆွတ်နိုင်မည်ဖြစ်ပါသည်။ မှိုဥများသည် အစုလိုက်ပေါက်ရောက်သည်များလည်းရှိရာ မိမိပထမဆုံးစံထားမည့် ဥမပွင့်ခင်အထိ ဘေးမှိုများ မှိုလုံးကြီးလာသည်ထိစောင့်၍ အစုအပြုံလိုက် ခူးဆွတ်ပေးရန်လိုအပ်ပါသည်။ မှိုခူးရာတွင်လည်း ချွန်ထက်သောဓားနှင့် လှီးဖြတ်ယူနိုင်သကဲ့သို့ လက်ဖြင့်နုတ်ယူ၍လည်းရသည်။ ဓားနှင့်ခူးဆွတ်ရာတွင် သတိထားရမည့်အချက်မှာ အသားစကျန်ခဲ့နိုင်သည်မျိုးရှိနိုင်သဖြင့် မှိုခူးပြီးနောက်ပိုင်း အချိန်များတွင် တစ်ရက်ခြားတစ်ခါ ချွေးလှပ်ရာတွင် ချွေးစများမှိုပေါ်တွင်ကျရောက်ပြီး ပျော့ပုပ်ဖြစ်နိုင်ပါသဖြင့် သတိထားခူးဆွတ်ရန် အထူးလိုအပ်ပါသည်။
မှိုတစ်ကျင်းတွင် မိမိအသုံးပြုသော မျိုးထုပ်အပေါ်မူတည်၍ ရရှိနိုင်ပြီး သက်တမ်းတစ်လခန့်ထိ ခူးဆွတ်နိုင်မည်ဖြစ်သည်။ အထွက်နှုန်းအနေဖြင့် အသုံးပြုသည့်ကုန်ကြမ်းနှင့် ပြုစုမှုပေါ်မူတည်၍ ထွက်ရှိနိုင်မည်ဖြစ်ပါသည်။
မိသားစုဝင်ငွေရရှိရုံမျှမက ဈေးကွက်ထဲတွင် ရောင်းအားကောင်းသောကောက်ရိုးမှိုဥငယ်များအား ပျော်ပျော်ရွှင်ရွှင်မိသားစု စိုက်ပျိုး အကောင်အထည်ဖော်ကြပြီး ဈေးကွက်သို့တင်ပို့ရောင်းချခြင်းဖြင့် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မှိုစိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်နိုင်ပါစေကြောင်း ဆန္ဒပြုရေးသားဖော် ပြလိုက်ရပါသည်။ ။
MWD
