ဆီဖူလုံကာ အသားတိုးထုတ်ဖို့ ပဲပုပ် စိုက်ကြစို့
Posted_Date
Image
Body
ပဲပုပ်သည် နိုင်ငံအတွင်းထွက်ရှိသော ပဲမျိုးစုံသီးနှံများအနက် ပြည်ပနိုင်ငံ( အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ)တို့သို့ တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေသော သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ပဲမျိုးစုံသီးနှံများတွင် ပဲပုပ်သည် မြေပဲကဲ့သို့ စားသုံးဆီထုတ်လုပ်နိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်ကိုအထွက်တိုးအောင် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်ကို လေ့လာချက်များအရတွေ့ရှိရသည်။
ထို့ပြင် ပဲပုပ်ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုမည့်သီးနှံလည်းဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသားများ နေ့စဉ်စားသုံးနေသော အစားအစာများတွင် စားသုံးဆီတစ်မျိုးမျိုးကို မဖြစ်မနေသုံးစွဲနေကြရသည်။ ထိုသို့သုံးစွဲသည့်စားသုံးဆီသည် အရည်အသွေးပြည့်မီသည့် စားသုံးဆီဖြစ်ရန် လိုအပ်ပါသည်။ ကုန်စုံဆိုင်တစ်ဆိုင်ရှိ စားသုံးဆီများထားရာနေရာတွင် ထုပ်ပိုးမှုပုံစံသေသပ်စွာဖြင့် ခင်းကျင်းထားသော စားသုံးဆီဘူးများ၌ မြေပဲဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီများနှင့် ယှဉ်တွဲလျက်ပါဝင်နေသော စားသုံးဆီတစ်မျိုးမှာ ပဲပုပ်ဆီ (Soy Bean Oil)ဖြစ်သည်။ Cook Soybean oil ၊ Yarthetpan soybean oil ၊ Meizan soybean oil နှင့် ထိုင်းစာတန်းပါ ပဲပုပ်ဆီ စသည်ဖြင့်အမည်အမျိုးမျိုးကို ပြည်တွင်းဈေးကွက်အတွင်းတွေ့ရှိရပါသည်။ အဆိုပါ ဆီအများစုသည်ပြည်ပမှအဓိက တင်သွင်းထားခြင်းဖြစ်သဖြင့် စားသုံးသူဈေးကွက် ကြီးမားစွာရှိသည့် ပဲပုပ်ဆီကို ပြည်တွင်း၌ မဖြစ်မနေထုတ်လုပ်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ပဲပုပ်သည် အာဟာရဓာတ်ကြွယ်ဝစွာပါဝင်သည့် သီးနှံတစ်ခုဖြစ်ပြီး စိုက်ပျိုးသည့် ပဲပုပ်မျိုးကွဲပြားမှုအပေါ် မူတည်၍ ပျမ်းမျှအားဖြင့် အသားဓာတ် ၄၀ ရာခိုင်နှုန်း၊ ဆီ ၂၀ ရာခိုင်နှုန်း အသီးသီးပါဝင်ကြောင်းတွေ့ရှိရသည်။ ဆီထွက်ပဲပုပ် ၁ တင်းအား ဆီကြိတ်ခွဲလျှင် စားသုံးဆီ ၃ ပိဿာခန့်နှင့် ကြိတ်ဖတ် ၁၆ ပိဿာခန့် ထွက်ရှိကြောင်းတွေ့ရသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးကို များစွာအထောက်အကူပြုကြောင်း ကျန်းမာရေး သုတေသီများက လေ့လာဖော်ထုတ် ထားကြပြီး ကမ္ဘာ့ထိပ်တန်း စားသုံးဆီများတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ပဲပုပ်ကို ဆီထုတ်ပြီးနောက် ကျန်ရှိသည့် ကြိတ်ဖတ်တွင်လည်း အသားဓာတ်ကြွယ်ဝစွာပါရှိသည့်အပြင် တိရစ္ဆာန်များအတွက် လိုအပ်သည့် အမိုင်နိုအက်စစ်မြောက်မြားစွာ ပါဝင်သည့်အတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြရာ ဈေးကွက်ကျယ်ပြန့်စွာရှိသည့် သီးနှံအမျိုးအစားလည်းဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ တိရစ္ဆာန်မွေးမြူရေးကဏ္ဍတွင် ပြည်တွင်းဆီစက်များမှထွက်ရှိသော ဆီကြိတ်ဖတ်များ ဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုန်ညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုပ်ဖတ် စသည်တို့အနက် လက်ရှိတွင် ပဲပုပ်ဖတ်အား တိရစ္ဆာန်အစာစက်ရုံများတွင် အသုံးပြုမှုများပြားပြီး ပြည်တွင်းဝယ်လိုအားများရှိကာ ဈေးကောင်းရရှိလျက်ရှိသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် အကျိုးအမြတ်သေချာပြီး မြေပဲထက်ပင် အမြတ်ငွေပိုမိုရရှိနိုင်မည်ဖြစ်သည့်အတွက် ပဲပုပ်စိုက်ပျိုးသည့် တောင်သူဦးကြီးများ အကျိုးအမြတ်များမည်မှာ သေချာသောသီးနှံဖြစ်သည်။
ပြည်တွင်းလိုအပ်ချက်များသည့်အတွက် တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများ၏ ပဲပုပ်ထုတ်လုပ်မှုကို လေ့လာကြည့်ပါက ဘရာဇီး၊ အမေရိကန်နှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်ကြပြီး ကမ္ဘာ့ပဲပုပ်စိုက်ပျိုး ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်အထိ စိုက်ပျိုးထုတ်လုပ်ကြသည်ကို တွေ့ရှိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း ဆီထွက်သီးနှံမှ စားသုံးဆီထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပဲပုပ်မှ ထုတ်လုပ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပဲပုပ်ကို ကမ္ဘာတစ်ဝန်းလုံးရှိ စိုက်ပျိုးနိုင်သောမြေ၏ ၆ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပဲပုပ်ကို အများဆုံးတင်သွင်းသည့် နိုင်ငံများမှာ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဆီထွက်ပဲပုပ်သီးနှံစိုက်ပျိုး ထုတ်လုပ်ရန် အရင်းအမြစ်များစွာရှိသကဲ့သို့ ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။ ပဲပုပ်ကို ရှမ်းပြည်နယ်၌ အဓိကစိုက်ပျိုးသည်ကိုတွေ့ရှိရပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ဧက ၂၅၉၁၂၃ ဧကရှိသည့်အနက် ရှမ်းပြည်နယ်က ဧက ၁၂၆၈၆၀ စိုက်ပျိုးခဲ့သဖြင့် တစ်နိုင်ငံလုံး ပဲပုပ်စိုက်ဧက၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းတွေ့ရှိရသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း စုစုပေါင်း ဧက ၁ သိန်းကျော်စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး၌ ပဲပုပ်တစ်ဧက ပျှမ်းမျှအထွက်နှုန်း ၁၈ တင်းကျော် ထွက်ရှိသည်။ အထွက်နှုန်း အကောင်းဆုံးမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧက ပျှမ်းမျှအထွက်နှုန်းတင်း ၂၀ ကျော်အထိ ထွက်ရှိကြောင်းတွေ့ရှိရပါသည်။ ပဲပုပ်ကို သီးသန့်သော်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာ သီးနှံတို့နှင့်အတူ သီးညှပ်သီးနှံအဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။ ပဲပုပ်သည် တစ်ရာသီခံသီးနှံပင်ဖြစ်ပြီး ရှမ်းပြည်နယ်၌ မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကြကာ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် စပါးရိတ်သိမ်းအပြီး ဆောင်းရာသီ၌ သီးထပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ ထိုသို့ သီးထပ်စိုက်ပျိုးမည်ဆိုပါက နောက်အကျဆုံး အောက်တိုဘာလကုန်တွင် ရိတ်သိမ်းနိုင်သည့် သက်လတ်မိုးစပါးမျိုးကို စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားသည်ကို လေ့လာသိရှိရပါသည်။
နိုင်ငံတော်ကို စိုက်ပျိုးရေးစွမ်းအားရှိသည့် နိုင်ငံ(Agricultural Power Country)အဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။ ထုတ်လုပ်ရရှိလာသော လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများမှ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နေသည့်နည်းတူ ပြည်တွင်းသို့ ပြန်လည်တင်သွင်းနေရသည့် ကုန်ပစ္စည်းများကိုလည်း အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ မျက်မှောက်ကာလ၌ နိုင်ငံသူနိုင်ငံသားများ၏ နေ့စဉ်လူမှုဘဝတွင် မဖြစ်မနေသုံးစွဲနေရသည့် စားသုံးဆီများ၏ လိုအပ်ချက်မြင့်မားလျက်ရှိရာ ပြည်ပနိုင်ငံများမှ နှစ်စဉ်ပမာဏ များပြားစွာ မှာယူတင်သွင်းနေရသည့်အတွက် မလိုအပ်ဘဲ နိုင်ငံခြားသုံးငွေ အမြောက်အမြားကို သုံးစွဲနေကြရသည်ကို တွေ့ရှိရသည်။ အဓိကအားဖြင့် ပြည်ပမှ မှာယူတင်သွင်းနေရသည့် စားသုံးဆီများမှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနှင့် သံလွင်ဆီတို့ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အတူ တိရစ္ဆာန်မွေးမြူရေးကဏ္ဍအတွက် ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ရေး ပြည်ပမှ နှစ်စဉ်တန်ချိန်များစွာ မှာယူတင်သွင်းနေရသဖြင့် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ပဲပုပ်ကို စားသုံးဆီအဖြစ် ကြိတ်ခွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီဖူလုံမှုကို အထောက်အကူ ဖြစ်စေမည့်အပြင် ထွက်ရှိလာသော ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအတွက် ပြန်လည်အသုံးပြုခြင်းဖြင့် ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့်လည်း ပြည်ပနိုင်ငံများမှ စားသုံးဆီ တင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်မှ စီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲပုပ်ကြိတ်ဖတ်ကဲ့သို့သော အစာကုန်ကြမ်းသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည့်အတွက်ကြောင့် ပဲပုပ်သီးနှံသည် ပြည်တွင်းစားသုံးဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင် သည့်အပြင် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ်တင်သွင်းမှုကို လျှော့ချပေးနိုင်သည့် အလားအလာကောင်းသော သီးနှံတစ်ခု ဖြစ်သည့်အတွက် ဆီထွက်ပဲပုပ်ကိုမဖြစ်မနေ တိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်ပါသည်။ ပဲပုပ်ကို သီးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းအပြင် သီးထပ်၊ သီးညှပ်အဖြစ်ပါ တိုးချဲ့စိုက်ပျိုးကြရန် လိုအပ်မည်ဖြစ်ပါသည်။
ကျွန်တော်တို့ နိုင်ငံသားများသည် ပဲပုပ်ကို ပဲပင်ပေါက်၊ ပဲဟင်း၊ ဗယာကြော်၊ တိုဟူး၊ ပဲနို့၊ ပဲပုပ်ဆော့၊ ပဲပုပ်ပြား၊ ပဲပြား၊ ဒိန်ချဉ်၊ ပဲပြားပူတင်း၊ ပဲပုပ်ထောင်း၊ ပဲပုပ်စေ့လှော်၊ ဆီတိုဟူး၊ ကြာညို့၊ ပဲငံပြာရည်၊ ပဲမုန့် စသည်ဖြင့် အမျိုးမျိုးပြုလုပ်၍ စားသုံးကြသကဲ့သို့ ယခုအခါ ပဲပုပ်ဆီထုတ်လုပ်ခြင်းနှင့် ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ်ပါ အသုံးပြုလာကြသောကြောင့် ပြည်တွင်းဈေးကွက် သေချာသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အတွက်ပဲပုပ်ကို မဖြစ်မနေတိုးချဲ့စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်ပါသည်။
ပဲပုပ်ဆီကို အရည်အသွေးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်မည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပိုလျှံသည်များကိုလည်း ပြည်ပသို့ပြန်လည်တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပါသည်။
ပဲပုပ်စိုက်ပျိုးရန်အတွက် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေးအတွက်မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးများအဖြစ် မိုးရာသီတွင် စိုက်ပျိုးမည်ဆိုပါက တောင်ပေါ်မြေပြန့်ဒေသအားလုံးအတွက် ရေဆင်း ၃၊ ရေဆင်း ၆၊ ရေဆင်း ၁၁၊ ရေဆင်း ၁၂၊ ရေဆင်း ၁၄ နှင့် ရေဆင်း ၁၅ တို့မှာ သင့်တော်သောမျိုးများဖြစ်ပြီး မိုးနှောင်းရာသီ ကိုင်းကျွန်းမြေများတွင် အောက်တိုဘာလအတွင်း၌ စိုက်ပျိုးမည်ဆိုပါက ရေဆင်း ၃၊ ရေဆင်း ၆၊ ရေဆင်း ၁၁ နှင့် ရေဆင်း ၁၅ မျိုးတို့သည် သင့်တော်ကြောင်း စိုက်ပျိုးရေးပညာရှင်များက သုတေသနပြု ဖော်ထုတ်ထားသည်ကို တွေ့ရှိရသည်။ စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် စိုက်ပျိုးသောဒေသများ အတွက် ရေဆင်း ၆၊ ရေဆင်း ၁၁ နှင့် ရေဆင်း ၁၅ မျိုးတို့ကို စိုက်ပျိုးသင့်ကြောင်းလည်း အကြံပြုထားသည်ကို တွေ့ရှိရပါသည်။ သုတေသနပြုချက်များအရ အဆိုပါ ပဲပုပ်မျိုးများသည် မြန်မာနိုင်ငံအတွက် သုတေသနပြုထုတ်လုပ်ထားသည့် အထွက်တိုးမျိုးများဖြစ်ပြီး အထွက်နှုန်းတစ်ဧကလျှင် ၂၈ တင်းမှ တင်း ၃၀ အထိ ထွက်ရှိနိုင်သော မျိုးများဖြစ်သည့်အတွက် တောင်သူဦးကြီးများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်မျှတအောင် ဆောင်ရွက်စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းကောင်းကာ ဝင်ငွေတိုးမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။
ယခုအခါ ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများတွင် ဆီသန့်စင်စက်များပါ တပ်ဆင်ပြီး ထုတ်လုပ်လာကြပြီဖြစ်သဖြင့် အဆင့်အတန်းမီ ပဲပုပ်ဆီများကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပဲပုပ်ဆီကို တိုးတက်ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကာ ပြည်ပမှ ပဲပုပ်ဆီတင်သွင်းမှုကို မလွဲမသွေလျှော့ချနိုင်မည်ဖြစ်သဖြင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်လာနိုင်သော သီးနှံဖြစ်ပါသည်။ တိရစ္ဆာန်အစာအဖြစ်အသုံးပြုရသည့် ပဲပုပ်ကြိတ်ဖတ်ကို ပြည်တွင်းရှိ တိရစ္ဆာန်မွေးမြူရေး ဈေးကွက်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည့် သီးနှံလည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွက် ပြည်ပသွင်းကုန်အစားထိုး လျှော့ချနိုင်ခြင်း၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ တိရစ္ဆာန်မွေးမြူရေး ကဏ္ဍကိုလည်း များစွာအထောက်အကူပြုခြင်းတို့ကြောင့် ဆီထွက်ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း “ဆီဖူလုံကာ အသားတိုးထုတ်ဖို့ ပဲပုပ် စိုက်ပါစို့”ဟု တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
