ဘက်စုံအသုံးဝင်ဝါးပင်နှင့် မြန်မာ့စီးပွားရေးဝါးထုတ်ကုန်
Posted_Date
Image
Body
ဝါးပင်သည် မြန်မာလူမျိုးတို့ အသုံးများသော အပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဟုသိရသည်။ ဝါးကိုရှေးယခင်ကတည်းက ယနေ့အချိန်အထိ အသုံးပြုနေကြဆဲဖြစ်သည်။ ဝါးကိုလူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ် လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ အဖြစ်လည်းကောင်း၊ ဝါးလက်မှုထုတ်ကုန်များအဖြစ် လည်းကောင်း ပြုလုပ်အသုံးပြုနေကြသည်။ ကမ္ဘာပေါ်တွင် ဝါးပင်သည် အရေးပါသောအပင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဝါးပင်သည်အဓိကစိုက်ပျိုးသင့်သော အပင်တစ်မျိုးပင်ဖြစ်သည်။
ဝါးမျိုးစိတ်နှင့်ဝါးပင်၏သဘာဝ
ဝါးကို မြန်မာအဘိဓာန်တွင် အမြစ်ဆုံမှ အပင်များပွား၍ တစ်စုတည်းပေါက်ပြီး ပင်စည်ကိုစိတ်ဖြာ၍ ထရံ၊ တောင်း စသည့် ရက်လုပ်ရသောအပင်ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဝါးသည် မြက်မျိုးရင်းဝင်ဖြစ်သည်။ မြက်အမျိုးပေါင်း ၄၂၀ ရှိသည့်အနက် ၈၆ မျိုးသည် ဝါးမျိုးများဖြစ်ကြောင်းသိရသည်။ မျိုးစဉ်မှာ Poales ဖြစ်ပြီး မျိုးရင်းမှာ Poaceae ဖြစ်သည်။ အင်္ဂလိပ်အမည်အားဖြင့် Bamboo ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Bambusa Vulgaris/ Phyllostachys edulis ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ် ၁၀၀ ကျော်ခန့် အလေ့ကျပေါက်ရောက်ရှင်သန်ကြသည်။ ထိုမျိုးစိတ်များအနက်မှ မြန်မာနိုင်ငံတွင် ဝါးမျိုး ၂၀ မျိုးပေါက်ရောက်ရှင်သန်ကြသည်။ ဝါးပေါက်ရောက်ပုံသဘာဝကို အကြမ်းအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။ (၁) တစ်ပင်ချ ပေါက်ရောက်လေ့ရှိသောဝါး၊ (၂) အစုလိုက် သို့မဟုတ် အုပ်စုလိုက်ပေါက်လေ့ရှိသောဝါး၊ (၃) အထက်ပါအုပ်စုနှစ်စုရော၍ ပေါက်သောဝါး (စကဝါး) တို့ဖြစ်သည်။ ဝါးပင်သည် စုစုရုံးရုံးပေါက်ရောက်လေ့ရှိသည့်သဘာဝကြောင့် စည်းရုံးခြင်းသဘောကိုဆောင်သည်။ ဝါးပင်သည် အတ္တကင်းသောသဘောသဘာဝလည်းရှိပေသည်။ အကြောင်းမှာ ဝါးပင်ပေါက်ရောက်သော ပတ်ဝန်းကျင်တွင်အခြားသော အပင်များကိုလည်း ရှင်သန်ပေါက်ရောက်ခွင့်ပေးသည်။ ဝါးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀ မှ ပေ ၂၆၀၀ အကြားတွင် အများဆုံးရှင်သန်ပေါက်ရောက်ကြသည်။ ရာသီဥတုအနေဖြင့် အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့် မိုးရေချိန်အနေဖြင့် ၃၁ လက်မမှ ၂၅၄ လက်မအတွင်း
ဖြစ်ထွန်းပြီး ရေမဝပ်သောမြေမျိုးနှင့် ဆားငန်ရေဝင်သောမြေမှလွဲ၍ အခြားမြေမျိုးများတွင် ရှင်သန်ပေါက်ကြသည်။ ဝါးသည် စုစုရုံးရုံး ပေါက်ရောက်ကြသဖြင့် အပင်ရှုပ်ပြီး အပင်ကျပ်သည့်သဘောရှိသည်။ ထို့ကြောင့်ဝါးခုတ်ရာတွင် မလွယ်ကူပေ။ ပင်စည် တစ်ဝက်ကျော်ကျော်မှစ၍အတက်အရွက်ထွက်သည်။ အပင်အမြင့် ပေ ၈၀ မှ ၉၀ အထိရှိတတ်သည်။ အပင်လုံးပတ်မှာ ၉ လက်မခန့်မှ ၁ ပေအထိရှိတတ်သည်။ ထိုလုံးပတ်သည် ဝါးပိုးဝါးလိုဝါးမျိုး ဖြစ်နိုင်သည်။ ဝါးပိုးဝါးသည် အလုံးကြီးသောကြောင့်ဖြစ်သည်။ ဝါးအဆစ်မှာ ၁၂ လက်မမှ လက်မ ၃၀ ခန့်အထိရှိတတ်ကြောင်း သိရသည်။ ဝါးပင်၏အသားသည် အရင်းပိုင်းအသားထူပြီး အဖျားပိုင်းကအသားပါးသည်။ ဝါးပင်သည် တစ်နေ့၁ မီတာအထိရှည်သည်ဟု သိရသည်။
ဝါးအမည်များ
အထက်ဖော်ပြပါဝါးမျိုးစိတ်များအနက် ဝါးအမျိုးအမည်များကိုဖော်ပြပါမည်။ ယင်းတို့မှာ-ဝါးပိုး၊ ဝါးပိုးမျက်ဆန်ကျယ်၊ မြင်ဝါး၊ ဝါးယား သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ ကြလို့ဝါး၊ တင်းဝါး၊ ခရင်ဝါး၊ သိုက်ဝါး၊ ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါးကြီး၊ ထီးရိုးဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ တင်းလယ်မဲ၊ ကြခတ်မ၊ ဝါးမင်း၊ ခဲလံဝါး၊ ဝါးဖယောင်း၊ ပီလောပီနံဝါး၊ ရေဝါး၊ လစ်ဝါး၊ ဝါးကုပ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ ဝါးကြီး၊ ဝါးထွန်၊ ဝါးဘိုးအေ၊ ဝါးပြောက်(တနင်္သာရီဒေသတွင်ပေါက်သည်)၊ ဝါးသပွတ်၊ ကရင်ဝါး စသည်တို့ဖြစ်သည်။ ဖော်ပြပါဝါးများသည် အမည်မတူသည့်အမည်များကိုဖော်ပြထားခြင်းဖြစ်သည်။
သို့သော်ဒေသအခေါ်အရ အမည်မတူသော်လည်း ဝါးအမျိုးတူသည်များလည်းရှိနိုင်သည်။ စာရေးသူအနေဖြင့် အမည်မတူသည် ကိုသာ အဓိကဖော်ပြထားခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့်ဝါးပင်
ဝါးပင်သည် သဘာဝပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသည်။ လေထုကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး သက်ရှိတို့အတွက် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။
ပတ်ဝန်းကျင် အစိုဓာတ်ရှိနေချိန်တွင် ထိုအစိုဓာတ်ကိုစုပ်ယူထားပြီး ပတ်ဝန်းကျင်ခြောက်သွေ့နေချိန်တွင် စုပ်ယူထားသော အစိုဓာတ်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ရေမှုန်လေးများကိုထုတ်ပေးကြောင်းလည်း သိရသည်။ ဝါး ၂ ဒသမ ၄၇၁ ဧကရှိသောဝါးစိုက်ခင်းတစ်ခင်းသည် လေထုကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကာဗွန် ၆၂ တန်အထိ နှစ်စဉ်စုပ်ယူပေးနိုင်သည်။
တချို့က ၁၂ တန်ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေ ဝါးပင်သည်ပတ်ဝန်းကျင်ကို အကျိုးပြုသည်ကတော့ အမှန်ဖြစ်သည်။ အခြားသော အပင် ၂ ဒသမ ၄၇၁ ဧကသည် နှစ်စဉ်ကာဗွန် ၁၅ တန်ခန့်သာစုပ်ယူနိုင်သည်။ ဤကား ဝါးပင်နှင့်အခြားအပင်တို့၏ ကွာခြားချက်ဖြစ်သည်။ ထို့ပြင် ဝါးပင်၏ အမြစ်ဖွဲ့စည်းမှုသည် အခြားအပင်များနှင့်မတူ အမြစ်ကျစ်လျစ်သည်။ ထို့ကြောင့် မြေဆီလွှာကိုရေတိုက်စားမှုမှ ကာကွယ်ပေးသည်။
ဝါးပင်သည် အစိုဓာတ်ကိုထုတ်လွှတ်ပေးသလို ရာသီဥတုပူနွေးမှုကိုလည်း လျှော့ချပေးနိုင်သည်။ အကြောင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှု များသောကြောင့် ဖြစ်သည်။ ထို့ကြောင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးသည့်ဝါးပင်ကို တိုးချဲ့စိုက်ပျိုးသင့်သလို ဝါးပင်များကိုလည်း ထိန်းသိမ်းပေးသင့်သည်။ ထိုကဲ့သို့အရေးပါသော ဝါးပင်ကို လေးစားပြီး ဂရုပြုသည့်အနေဖြင့် နှစ်စဉ်စက်တင်ဘာလ ၁၈ ရက်နေ့ကို “ကမ္ဘာ့ဝါးပင်များနေ့”အဖြစ်သတ်မှတ်ထားကြသည်။ ထို့ပြင် ဝါးပင်သည်ဂေဟဗေဒစနစ်ဖြင့် ကိုက်ညီသည့်အချက်များရှိသည်။ လျင်မြန်စွာကြီးထွားခြင်း၊ ထွက်ရှိနှုန်းများခြင်း၊ ဝါးနှင့်ပတ်သက်သော အသက်မွေးမှုရှိခြင်း၊ မြေဆီလွှာကိုကာကွယ်ပေးခြင်း၊ လေထုကိုသန့်စင်ပေးခြင်း စသည်တို့ဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးသင့်သော မြန်မာတို့၏ဝါး
ဝါးကိုယခုအခါ စနစ်တကျစိုက်ပျိုးလာကြသည်။ ဝါးစိုက်ပျိုးရာတွင် မျိုးပွားစိုက်ပျိုးနည်းနှင့် အစေ့မှလည်း မျိုးပွားယူကြသည်ဟုသိရ
သည်။ စီးပွားဖြစ်ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးပင်ကြိုက်နှစ်သက်သော မြေ၊ ရာသီဥတုအပြင် သင့်လျော်သော ဝါးမျိုးစိတ်ကို ရွေးချယ်စိုက်ပျိုးဖို့လည်း လိုပါသည်။
ဝါးစိုက်ပျိုးမည့်မြေကို ရွေးချယ်မည်ဆိုပါက ဝါးစိုက်မြေကို လမ်းပန်းဆက်သွယ်ရေးကောင်းသည့် မြေနေရာမျိုးကိုရွေးချယ်ဖို့လိုသည်။ ဝါးထုတ်ကုန်များ ထုတ်လုပ်သည့်နေရာနှင့် နီးသောနေရာမျိုးကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ထိုအခါ သယ်ယူစရိတ် သက်သာမည် ဖြစ်သည်။ ဝါးကိုအများအားဖြင့်တော့ အမြစ်ဆုံမှ မျိုးပွားစိုက်ပျိုးနည်းနှင့် အဆစ်မှ မျိုးပွားစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးရှိသည်။
စာရေးသူတို့ဒေသဘက်မှာတော့ အဆစ်မှမျိုးပွားစိုက်ပျိုးလေ့ရှိကြသည်။ ဝါးကိုစီးပွားဖြစ် သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ၁၀ ပေခြားစိုက်ပျိုးရသည်။ ဝါးပင်သည် တဖြည်းဖြည်းအုံလိုက်ကျင်းလိုက် ပြန့်ပွားလာသောကြောင့်ဖြစ်သည်။ မျှစ်ဝါးဆိုလျှင် ဝါးတစ်ရုံတွင် အပင်ခြောက်ပင်ခန့်သာ ထားရမည်။
ယခုအခါ စာရေးသူတို့ဒေသဘက်တွင် ဝါးနက်ဝါးတစ်လုံးကို ၂၀၀၀ - ၃၀၀၀ ခန့်ပေးရသည်။ အစေ့ကိုပျိုးစိုက်မည်ဆိုပါက ခုနစ်နှစ်ခန့်ကြာသည်ဟုသိရသည်။ ဝါးပင်သည် အလေ့ကျပေါက်ရောက်မှုရှိသလို စနစ်တကျစီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။
ကမ္ဘာ့ဝါးယဉ်ကျေးမှု
ဝါးသည် ကမ္ဘာသုံးအပင်ဖြစ်သည်။
ယဉ်ကျေးမှုနှင့်ဝါးသည် ဆက်စပ်မှုရှိသည်။ လူတို့သည် ရှေးက သားစိမ်းငါးစိမ်းများကိုသာစားခဲ့ကြသည်။ ထို့နောက်ဝါးပင်အချင်းချင်း ပွတ်တိုက်ရာမှစ၍ မီးကိုတွေ့ရှိခဲ့ပြီးနောက် သားစိမ်းငါးစိမ်းများကို မီးဖုတ်၊ မီးကင်၍ စားသုံးသည့်ယဉ်ကျေးမှုပေါ်ပေါက်လာခဲ့သည်။
ဤကား ဝါးကိုအခြေခံ၍ ဖြစ်ပေါ်လာသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ဝါးယဉ်ကျေးမှု ထွန်းကားခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ အဓိကရိုးရာပွဲတစ်ခုတွင် ဝါးသည် မြန်မာလူမျိုးတို့၏ကန်တော့ပွဲကဲ့သို့ အရေးပါကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဝါးကိုရှေးနှစ်ပေါင်း ၅၀၀၀ ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြောင်းသိရသည်။ မြန်မာစာပေများမှာလည်း ဝါးပင်မှာ သန္ဓေတည်၍ဖြစ်လာသော “ဝေဠုဝန်မင်းသမီး” ဟူ၍လည်းရှိခဲ့သည်။ ဝါးမှရရှိသောဝါးအမြုတေဟုလည်း ရှိကြောင်း
မှတ်သားရဖူးသည်။ တရုတ်လူမျိုးတို့သည် ဝါးကိုအသုံးများသည်။ စာပေများရေးသားရာတွင်ဝါးစုပ်တံကို အသုံးပြုကြသလို တရုတ်နိုင်ငံ၏ ပထမဆုံးစာအုပ်ကို ဝါးပြားပေါ်တွင် ရေးသားကြောင်း သိရသည်။ ဝါးသည် စာပေနှင့်သာ ဆက်စပ်နေသည်မဟုတ်ပေ။
ဂီတနှင့်လည်းဆက်စပ်နေသည်။ ဝါးဖြင့်ပြုလုပ်သောတူရိယာများလည်းရှိသည်။
ဝါးပလွေ၊ ဝါးလက်ခုပ်၊ ဝါးပတ္တလား စသည်တို့သည် ဝါးနှင့် အနုပညာတူရိယာကို ပေါင်းစည်းထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးနှင့်ဝါးထုတ်ကုန်
ဝါးကိုစီးပွားဖြစ်စိုက်ပျိုးပါက ဝါးတစ်လုံးကို ၂၀၀၀-၃၀၀၀ ခန့်စျေးရှိသည်။ ဝါးရုံတစ်ရုံတွင် ဝါးအလုံးရေ ၄၀-၅၀ ခန့်ရှိကြသည်။ ဤကားခန့်မှန်းခြေသာဖြစ်သည်။ ထိုဝါးရုံမှဝါးများအနက်ရောင်းတန်းဝင်ဝါး ငါးလုံး ၁၀ လုံးခန့် ခုတ်ယူနိုင်သည်။ ဝါးတစ်ဧကတွင်ဝါးရုံ ၄၂၀ ခန့်ဝင့်ဆံ့သည်။ ဝါးရုံတစ်ရုံတွင်ပျမ်းမျှဝါး ငါးလုံးခန့်ခုတ်ယူနိုင်လျှင် ယနေ့ဝါးစျေး ပျမ်းမျှ တစ်လုံး ၃၀၀၀ နှင့်တွက်လျှင် ဝါးရုံ ၄၂၀ အတွက် တစ်ရုံ ငါးလုံးဆိုလျှင် ဝါးအလုံးရေ ၂၁၀၀ ခန့်ရမည်ဖြစ်သည်။ ဝါးအလုံးရေ ၂၁၀၀ ကို ဝါးတစ်လုံးငွေကျပ် ၃၀၀၀ နှင့်ဆိုလျှင် ငွေကျပ် ၆၃၀၀၀၀၀ ရရှိမည်ဖြစ်သည်။
ဤကားကုန်ကြမ်းခေါ် အလုံးလိုက်ရောင်းချရငွေဖြစ်သည်။ ထိုဝါးများကို လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ ဝါးလက်မှုပစ္စည်းများအဖြစ်လည်း ထုတ်လုပ်ရောင်းချကြသည်။
ဝါးလက်မှုပစ္စည်းများကို အနည်းငယ်ဖော်ပြပါမည်။ ယင်းတို့မှာ- ဝါးခမောက်၊ ဝါးပလွေ၊ ဝါးပတ္တလား၊ ဝါးလက်ခုပ်၊ စပါးထည့်သည့်ဝါးပုတ်၊ ငါးဖမ်းရာတွင် အသုံးပြုသည့်ယင်း၊ ဝါးမြှုံးအမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ၊ ပုသိမ်ထီး၊ နှီးကြောဖျာ၊ မြန်မာ့ယွန်းထည်နှင့် ဝါးကုလားထိုင် အမျိုးမျိုးတို့ဖြစ်သည်။ စာရေးသူတို့ဘက်မှာဆို ဝါးကုလားထိုင်များ ပြုလုပ်ရောင်းချကြသူများ ရှိသည်။ ဝါးထရံရက်လုပ်ရောင်းချကြသူများလည်း ရှိသည်။ ဝါးပုတ်ပြုလုပ်သူများလည်းရှိသည်။ ဝါးထရံရက်လုပ်ခြင်းနှင့် ဝါးပုတ်ပြုလုပ်ခြင်း၊ ဝါးကုလားထိုင်ပြုလုပ်ခြင်းသည် ထိုသူတို့၏ စီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းဖြင့် အသက်မွေးကြသူများ ဖြစ်သည်။ ယခင်ကတည်းက ယနေ့အထိပြုလုပ်နေကြဆဲ ဝါးဖြင့်စီးပွားရှာသည့်လက်မှုဝါးစီးပွားရေးလုပ်ငန်းများပင်ဖြစ်သည်။ မြန်မာ့ပုသိမ်ထီးနှင့် မြန်မာ့ယွန်းထည်ဆိုလျှင် ကမ္ဘာသိမြန်မာ့ဝါးလက်မှုအနုပညာယဉ်ကျေးမှုပင်ဖြစ်သည်။ ဝါးပင်သည် ကုန်ကြမ်းသာဖြစ်သည်။ အဆိုပါဝါးကို လက်မှုပစ္စည်းများဖြစ်သည့် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ မြန်မာ့ယွန်းထည်နှင့် မြန်မာ့ရိုးရာပုသိမ်ထီးဆိုလျှင် ကမ္ဘာသိဝါးလက်မှုကုန်ချောပစ္စည်းဖြစ်သည်။
ထိုကဲ့သို့ဝါးလက်မှုအခြေခံထုတ်ကုန်များ
ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်ကလည်း အားပေးလျက်ရှိသည်။ ဝါးလက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာပါက လူမှုစီးပွားရေးလည်း တောင့်တင်းခိုင်မာလာမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း ဝါးအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများ ထုတ်ပေးပြီး အားပေး ဆောင်ရွက်လျက်ရှိသည်။ ဒေသအသီးသီးမှာလည်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် ယခုအခါ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေကြီးကရွှေသီးဟုဆိုရမည့်အချိန်ပင်ဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေးလုပ်ငန်း အသီးသီးတွင် ဝါးစိုက်ပျိုးရေးသည်လည်း ပါဝင်သည်။ ဝါးသည် ယဉ်ကျေးမှုအရလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်အရ လည်းကောင်း၊ MSME အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအရ လည်းကောင်း ဘက်စုံအသုံးဝင်သော အပင်ဖြစ်သည်။
ထို့ကြောင့် ဘက်စုံအသုံးဝင်သည့်ဝါးပင်ကို စိုက်ပျိုးသင့်သလို အစဉ်ထိန်းသိမ်းသင့်ပါကြောင်းကို ရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
