ကမ္ဘောဒီးယားနိုင်ငံက ရှီရှားနှင့် အီးစီးကရက်များကို တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်
ကမ္ဘောဒီးယားနိုင်ငံက လူငယ်များ၏ကျန်းမာရေးကို ကာကွယ်ရန်နှင့် လူမှုရေးဆိုင်ရာစံနှုန်းများကို ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ရှီရှားပိုက် (တမာကူ (ခေါ်) ရေဗူးကိုဖြတ်၍ ဆေးငွေ့ရှူသောပိုက်) များနှင့် အီးစီးကရက်များ (e-cigarettes) ကို တားမြစ်ပိတ်ပင်သည့်ညွှန်ကြားချက်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ တားမြစ် ပိတ်ပင်သည့် အမိန့်ကို အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မီဒီယာများ သို့ အောက်တိုဘာ ၂၂ ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ လူငယ်များနှင့် ကလေးများအကြားတွင် ရှီရှားနှင့် အီးစီးကရက်များသောက်သုံးမှု ပျံ့နှံ့နေခြင်းကို အစိုးရအဖွဲ့က သတိပြုမိခဲ့ပြီးနောက် ယခု တားမြစ်ပိတ်ပင်သည့် အမိန့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြား ခဲ့သည်။
“ရှီရှားနှင့် အီးစီးကရက်တွေက လူမှုရေးပိုင်း၊ ပြည်သူ့ကျန်းမာရေး၊အထူးသဖြင့် ကျောင်းသားများနှင့် ပညာရေးနယ်ပယ်က သူများ၏ ကျန်းမာရေးအတွက် သိသာထင်ရှားသည့် ဆိုးကျိုးသက်ရောက်မှု ရှိနေ ပါသည်။ တစ်ချိန်တည်းမှာပဲ အဆိုပါထုတ်ကုန်တွေကို အသုံးပြုခြင်းက တခြားတရားမဝင် မူးယစ်ဆေးဝါး များကိုသုံးစွဲရန်အတွက် တံခါးပေါက် တစ်ခု ဖြစ်လာနိုင်ပါသည်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“ဆေးလိပ်သောက်ရန်အတွက် လျှပ်စစ်ပစ္စည်းကိရိယာများနှင့် ဓာတု ပစ္စည်းတွေ တင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ကြော်ငြာမှု၊ အသုံးပြုမှု၊ လက်ဝယ်ပိုင်ဆိုင်ထားမှု၊ ထုတ်လုပ်မှု၊ သိုလှောင်မှုများနှင့် ရှီရှား ပုံစံဖြင့် အမျိုးအစားပေါင်းစုံ အားလုံးကိုလည်း တားမြစ်ပိတ်ပင်ထားပါသည်” ဟု လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အလားတူ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများ၊ ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းများ၊ အဆောင်များ၊လူ့အဖွဲ့အစည်းအတွင်းမှ သင်ကြားရေးစင်တာများ၊ ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးခန်းမများ၊ အားကစားဆိုင်ရာ အဆောက်အအုံများနှင့် အနီး ပတ်ဝန်းကျင်တွင် ဆေးလိပ်နှင့် ရှီရှားသောက်သုံးရန် လျှပ်စစ်ပစ္စည်း ကိရိယာများနှင့် ဓာတုဗေဒပစ္စည်းများအသုံးပြုမှုကို တားမြစ်ပိတ်ပင်ရန်လည်း ပညာရေးဝန်ကြီးဌာနအား ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည် ရှီရှား နှင့် အီးစီးကရက်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် အသုံးပြုခြင်းများ ကို ၂၀၁၄ ခုနှစ်အတွင်းက ပထမဆုံးအကြိမ် တားမြစ်ပိတ်ပင်ခဲ့သည်။ ရှီရှား နှင့် အီးစီးကရက်များသည် သုံးစွဲသူများ၏ ကျန်းမာရေးကို ပြင်းထန် ဆိုးရွားစွာ ထိခိုက်စေကြောင်း၊ အီးစီးကရက်များတွင် ပုံမှန်စီးကရက် ထက် ကျန်းမာရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေနိုင်သော နီကိုတင်းဓာတ် ပါဝင် မှုနှုန်း မြင့်မားကြောင်း၊ အဆိုပါထုတ်ကုန်များကို ဆေးခြောက်၊ အခြား ဆေးဝါးများနှင့် အသုံးပြုထားခြင်းဖြစ်ပြီး ရှီရှားတွင် အဆိပ်အတောက် ပါဝင်မှုနှုန်းမြင့်မားနေကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန က သတိပေးထားသည်။
အဆိုပါ ရှီရှားနှင့် အီးစီးကရက်ထုတ်ကုန်များသည် ပြင်းထန်သော အဆုတ် ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ပျက်စီးစေမှု၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မျိုးမအောင်ခြင်း၊ အစာအိမ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာများကို ဖြစ်ပွားစေနိုင်ကြောင်းလည်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။
ကိုးကား- Xinhua
