၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

News Image

  • ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   ဧပြီ    ၂၇

      တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ    မျိုးဆက်သစ်   အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့စစ်တုရင် အားကစားအဆင့်အတန်း   တိုးတက်မြင့်မားလာ‌စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်းမြို့နယ်ရှိ   အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပသည်။ 

 ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ  အားကစားရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက စစ်တုရင်အားကစားနည်းသည် စိတ်ပိုင်းဆိုင်ရာကို အခြေခံ၍ကစားရသည့် အားကစားနည်းဖြစ်၍ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်မှု၌ အဓိကအရေးပါကြောင်း၊   နိုင်ငံတကာအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်မည့် စစ်တုရင် အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေသည့်   မျိုးဆက်သစ် လူငယ်စစ်တုရင် အားကစားသမားများကို တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲများမှ အများဆုံး မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် စစ်တုရင်အားကစားနည်းဖြင့် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ်  ၆ ခု ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ လာမည့်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း  တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ  ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အမှတ်(၂) အခြေခံပညာ  အထက်တန်းကျောင်း ဗဟန်းမှ ဘင်ခရာနှင့်ပန်းဖွားအဖွဲ့တို့အားပြည်ထောင်စုဝန်ကြီးက  ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်းကို ပေးအပ်သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူငယ်စစ်တုရင်အမျိုးသမီးပြိုင်ပွဲပွဲစဉ်  (၆) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ စတင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌက အကွက်ရွှေ့၍ ဖွင့်လှစ်ပေးပြီး  တိုင်းဒေသကြီးနှင့်ပြည်နယ်  စစ်တုရင်ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို   ကြည့်ရှုအားပေးကြောင်း သိရသည်။ 

MWD