အိပ်နေစဉ် အသက်ရှူရပ်ခြင်းက ဟောက်ခြင်းသာမက ကြွက်သားများပျက်စီးနိုင်ကြောင်း သုတေသနအသစ် သတိပေး
အိပ်နေစဉ်တွင် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်ခြင်းသည် ဟောက်ခြင်းတစ်ခုတည်းသာမက ခန္ဓာကိုယ်ကြွက်သားများကိုပါ ပျက်စီးစေနိုင်ကြောင်း သုတေသနအသစ်တစ်ခုက သတိပေးထားသည်။
အစ္စရေးနိုင်ငံ Ben-Gurion တက္ကသိုလ်နှင့် Soroka ဆေးဘက်ဆိုင်ရာဌာနတို့ ပူးပေါင်းလေ့လာခဲ့သည့် အဆိုပါသုတေသနအရ အိပ်နေစဉ် အသက်ရှူရပ်သည့်ရောဂါသည် အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသည့် ကြွက်သားဆုတ်ယုတ်မှုကို ပိုမိုမြန်ဆန်စေနိုင်ကြောင်း ဆိုသည်။
အဆိုပါရောဂါသည် အရွယ်ရောက်ပြီးသူများ၏ ၃၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားလေ့ရှိပြီး အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ခဏခဏ ပိတ်ဆို့ခြင်းကြောင့် အောက်ဆီဂျင်ပြတ်တောက်ကာ အိပ်ရေးပျက်ခြင်းများ ဖြစ်ပေါ်စေသည်။
ယခင်က အဆိုပါရောဂါသည် နှလုံးနှင့် အသက်ရှူလမ်းကြောင်းကိုသာ ထိခိုက်စေသည်ဟု ယူဆခဲ့ကြသော်လည်း ယခုအခါ အရိုးသိပ်သည်းဆ လျော့နည်းခြင်းနှင့် ကြွက်သားအားနည်းခြင်းများကိုပါ ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားသည်။
အဆိုပါရောဂါကို စောစီးစွာ ရှာဖွေကုသမှု မပြုလုပ်ပါက ကြွက်သားများ လုပ်ဆောင်နိုင်စွမ်း လျော့နည်းလာခြင်းမှတစ်ဆင့် ခန္ဓာကိုယ်ကိုယ်တိုင် မထိန်းနိုင်သည့် အခြေအနေအထိ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ပုံမှန် CT scan စစ်ဆေးမှုများတွင် အရိုးနှင့် ကြွက်သားအခြေအနေများကိုပါ ထည့်သွင်းစစ်ဆေးရန်နှင့် အိပ်နေစဉ် အသက်ရှူရပ်ခြင်းရောဂါရှိမရှိကို စောင့်ကြည့်သင့်ကြောင်း သုတေသနပညာရှင်များက တိုက်တွန်းထားသည်။
Ref: STD
ကိုထက်
MDN
