သိုးမွေးမှ ကီရာတင်အသုံးပြု၍ အရိုးများ ပြန်လည်ရှင်သန်စေနိုင်မည့် နည်းပညာအသစ် ဗြိတိန်ပညာရှင်များ ဖော်ထုတ်
ဗြိတိန်နိုင်ငံ King’s College London မှ ပညာရှင်များသည် သိုးမွေးတွင်ပါဝင်သည့် ကီရာတင်ပရိုတိန်းကို အသုံးပြု၍ ပျက်စီးသွားသော အရိုးများကို ပြန်လည်ပြုပြင်နိုင်မည့် နည်းလမ်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါနည်းလမ်းကို တိရစ္ဆာန်များတွင် စမ်းသပ်ကြည့်ရာ ကီရာတင်ပစ္စည်းသည် အရိုးအသစ်များ ပြန်လည်ဖြစ်ပေါ်လာရန် ထိရောက်သည့် လမ်းပြမြေပုံတစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရသည်။
ယခင်က အရိုးကုသမှုတွင် ကော်လာဂျင်ကို အဓိကအသုံးပြုခဲ့ကြသော်လည်း ၎င်းသည် အားနည်း၍ ပြိုကွဲလွယ်သည့်အပြင် ထုတ်ယူရသည့် ကုန်ကျစရိတ်လည်း မြင့်မားသည်။
သိုးမွေးမှရရှိသည့် ကီရာတင်သည် ပိုမိုခိုင်မာမှုရှိပြီး မွေးမြူရေးလုပ်ငန်းများမှ လွယ်ကူစွာရရှိနိုင်သောကြောင့် ကုန်ကျစရိတ်လည်း သက်သာစေနိုင်ကြောင်း သိရသည်။ ကြွက်များတွင် စမ်းသပ်မှုများအရ သဘာဝအရိုးနှင့် အနီးစပ်ဆုံးတူသည့် အရိုးတစ်သျှူးများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။
သုတေသနပညာရှင် ဒေါက်တာ ရှရစ် အယ်ရှာကာဝီက ယခုတွေ့ရှိမှုသည် ဆေးပညာလောကအတွက် အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်လာပြီး အနာဂတ်တွင် လူနာများကို လက်တွေ့ကုသမှုပေးနိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း ပြောကြားထားသည်။
Ref: IE
ကိုထက်
MWD
