၂၅ နှစ်ကြာ သုတေသနတစ်ခုအရ သွေးကင်ဆာလက္ခဏာများကို ကြိုတင်သိရှိနိုင်ပြီ

News Image

  • ၂၅ နှစ်ကြာ သုတေသနတစ်ခုအရ သွေးကင်ဆာလက္ခဏာများကို ကြိုတင်သိရှိနိုင်ပြီ

၂၅ နှစ်ကြာ မျိုးရိုးဗီဇစောင့်ကြည့်လေ့လာမှု သုတေသနတစ်ခုအရ သွေးကင်ဆာရောဂါများ မည်သို့စတင်ဖြစ်ပေါ်လာပြီး မည်သို့အခြေအနေ ဆိုးရွားလာနိုင်သည်ဆိုသည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Wellcome Sanger သုတေသနဌာနမှ ပညာရှင်များသည် နာတာရှည်သွေးကင်ဆာလူနာ ၃၀ ၏ ဆေးမှတ်တမ်းများနှင့် DNA အချက်အလက်များကို စနစ်တကျ လေ့လာခဲ့ခြင်းဖြစ်သည်။

လေ့လာတွေ့ရှိချက်အရ ရောဂါအခြေအနေ တည်ငြိမ်နေသည့် လူနာများတွင် သွေးကလာပ်စည်းများ၌ မျိုးရိုးဗီဇပြောင်းလဲမှု မရှိကြောင်း တွေ့ရှိရပြီး ရောဂါပိုမိုဆိုးရွားလာမည့် လူနာများတွင်မူ DNA ပြောင်းလဲမှုများ တဖြည်းဖြည်း တိုးလာနေသည်ကို တွေ့ရှိရသည်။

MPNs ဟုခေါ်သည့် သွေးကင်ဆာတစ်မျိုးသည် ရိုးတွင်းခြင်ဆီမှ သွေးကလာပ်စည်းများ အထိန်းအကွပ်မရှိ ထွက်ပေါ်လာခြင်းဖြစ်ပြီး ရောဂါလက္ခဏာများ မပေါ်မီ နှစ်ပေါင်းများစွာကတည်းက DNA အတွင်းတွင် အချက်ပြမှုများ ရှိနေကြောင်း သုတေသနက ဖော်ပြထားသည်။

ယခုတွေ့ရှိမှုကြောင့် နောင်အနာဂတ်တွင် မျိုးရိုးဗီဇစစ်ဆေးမှုများသည် ကုသမှုလုပ်ငန်းစဉ်များတွင် ပိုမိုအရေးပါလာမည်ဖြစ်ပြီး ရောဂါကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်သကဲ့သို့ မည်သည့်လူနာများ အခြေအနေဆိုးရွားနိုင်သည်ကိုလည်း ကြိုတင်သိရှိ၍ စောစီးစွာ ကုသနိုင်မည့် လမ်းကြောင်းများ ပွင့်လင်းလာမည်ဖြစ်သည်။

အဆိုပါ သုတေသနရလဒ်များကို အမေရိကန် ကင်ဆာသုတေသနအသင်း ညီလာခံတွင်လည်း တင်ပြထားကြောင်း သိရသည်။

Ref: STD
ကိုထက်

MWD