နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

News Image

  • နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဧပြီ ၂၇ — နေပြည်တော်အတွင်းရှိ လူငယ်မောင်မယ်များအကြား အားကစားစိတ်ဓာတ် ထက်သန်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများက ဘော်လီဘောဗိုလ်လုပွဲစဉ်များဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် (အမျိုးသမီး) အသင်းနှင့် ဥတ္တရသီရိမြို့နယ် (အမျိုးသမီး) အသင်း၊ ပျဉ်းမနားမြို့နယ် (အမျိုးသား) အသင်းနှင့် တပ်ကုန်းမြို့နယ် (အမျိုးသား) အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူများကိုလည်းကောင်း၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် မြို့နယ်အလိုက်အသင်းများကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းတို့ကို ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

အဆိုပါ အသက် ၂၅ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများဖြင့် နှစ်စဉ်ကျင်းပလျက်ရှိပြီး လူငယ်များ၏ ကာယ၊ ဗလ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

အောင်သူရဦး (ဒက္ခိဏ)

MWD