သာစည်မြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း (၅၉၆၃) ဧကကို ကျောက်ဆည်ကန် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၅၉၆၃) ဧကရှိ နယ်မြေကို ကျောက်ဆည်ကန်ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက်နေ့ မှ စတင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အပူပိုင်းဒေသ၏ သဘာဝတောကျန်များကို ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်ကျင်းဒေသအား အပူချိန်လျော့နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိန်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျ-က်ဆီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ အဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကျောက်ဆည်ကန် ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် ဧရိယာအတွင်း ပေါက်ရောက်နေသည့် ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ကညင်၊ သစ်ယား၊ သတီ၊ ဒီဒူး၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်းကတိုး၊ တမလန်း၊ ကြက်ရိုး၊ လယ်ဇ၊ လင်းရော၊ နဘဲ၊ ဖျောက်ဆိပ်၊ ဒဟတ်၊ ထောက်ကြံ့၊ တောင်တမာ၊ တောင်သရက် ၊ သစ်စေး၊ ယမနေ၊ ရင်းမာ စသည့်သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ထို့အတူ ချေ(ဂျီ)၊ မျောက်၊ တောဝက်၊ ဘုတ်ဌက်၊ သစ်တောက်ဌက်၊ ရစ်ဌက်၊ အောင်လောင်ဌက်စသည့် တိရစ္ဆာန်များ နေထိုင်ကျက်စားစာဒေသများကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ မြေအောက်ရေထိန်းသိမ်းခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Popular Myanmar
