ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)တွင် သားသမီးလိုချင်သည့်ဇနီးမောင်နှံများအတွက် ကိုယ်ဝန်ရစေသော နည်းပညာများ အသုံးပြု၍ ဝန်ဆောင်မှုပေးနေ
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သားသမီးလိုချင်သည့် ဇနီးမောင်နှံများအတွက် ကိုယ်ဝန်ရစေသောနည်းပညာများ အသုံးပြု၍ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
အဆိုပါဆေးရုံကြီးတွင် သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ကာ Fertility Centre ကို ဖွင့်လှစ်၍ ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း (၅,၄၀၀) ကျော်ကို လက်ခံ ကုသပေးလျက်ရှိကြောင်း သိရသည်။
Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်း နည်းပညာ၊ မျိုးဥကြီး စေ၍ အချိန်ကိုက် ကိုယ်ဝန်ရစေသောနည်းပညာများ အသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI) ဖြင့် လူနာ (၁၅) ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာ(၃)ဦး၊ (၂၀၂၄) ခုနှစ်တွင် IUI ဖြင့် လူနာ (၆၁) ဦး အနက် လူနာ (၁၂) ဦး၊ (၂၀၂၅) ခုနှစ်တွင် IUI ဖြင့် လူနာ (၁၅၇) ဦးအနက် လူနာ (၂၁) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာ (၂၁) ဦးမှ (၂၀၂၆) ခုနှစ်၊ (မေ ၁၇ ရက်)က အမြွှာ ယောကျာ်းလေးနှစ်ဦး၊ (မေ ၁၈ ရက်)တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မေလအထိ IUI ဖြင့် လူနာ (၃၀) အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်၊ ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေသားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ (၁၂) တွဲ အား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းစွာ ဆောင်ရွက်လျက်ရှိပြီး သားသမီး ရလိုသော ဇနီးမောင်နှံများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
Np News
