လာအိုရှိ လိုဏ်ဂူအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးတွင် ထိုင်းနိုင်ငံ ပါဝင်ကူညီ
လာအိုနိုင်ငံ၌ ရွှေတူးဖော်ရေး လုပ်နေ သည့် ရွာသားခုနစ်ဦးသည် မိုးသည်းထန်စွာ ရွာသွန်းစဉ် လိုဏ်ဂူတစ်ခုထဲတွင် ပိတ်မိနေကြောင်းနှင့် ယခုအခါ အဆိုပါလိုဏ်ဂူအတွင်း ပိတ်မိနေသူများကိုကယ်ဆယ်ရေးတွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ရေငုပ်သမားများက ပါဝင်ကူညီပေးနေကြောင်း တာဝန်ရှိသူများက မေလ ၂၅ ရက်တွင်ပြောသည်။
အဆိုပါရွှေတူးဖော်သူများသည် ပြီးခဲ့သည့်မေလ ၁၉ ရက်ကတည်းက လိုဏ်ဂူအတွင်းပိတ်မိနေခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လိုက်ပါသွားသည့် အခြားရွှေတူးသူသုံးဦးမှာ သေဆုံးသွားပြီဖြစ်သည်။ ရွှေတူးသူများ ဝင်သွားသည့်လိုဏ်ဂူသည် ကျဉ်းမြောင်းသည့်အပြင် အသက်ရှူနိုင်သည့်နေရာသည်လည်းအမြင့် ၂၃ လက်မခန့်သာရှိရာ ကယ်ဆယ်ရေးအဖွဲ့များကရွှေတူးသူများကို ကယ်ထုတ်နိုင်ရန် ခဲရာခဲဆစ်ဖြင့် ကြိုးပမ်းနေရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။
ထိုကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်ကူညီပေးနေသူများမှာ ထိုင်းနိုင်ငံ၌ ၂၀၁၈ ခုနှစ်ကဖြစ်ပွားပြီး ကမ္ဘာကျော်သွားသည့် တောဝက်ဘောလုံးအသင်းက ထမ်းလောင်လိုဏ်ဂူအတွင်း ပိတ်မိနေသည့်ဖြစ်စဉ်တွင် ကယ်ဆယ်ရေး လုပ်ပေးသူများဖြစ်သည်။
ထိုင်းကယ်ဆယ်ရေးသမားများ အနေဖြင့် ကူညီပေးရန် လာအိုအစိုးရက တရားဝင် အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။
MWD
