မော်လိုက်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပြောင်းသီးနှံ ၁၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
မော်လိုက် နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီ၌ ပြောင်းသီးနှံ ၁၀၂၁ ဧကထိစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မော်လိုက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မော်လိုက်မြို့ နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၄၈၀ နှင့် ဖူးစားပြောင်း ၃၀၁၅ ဧက စုစုပေါင်း ၃၄၉၅ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက် တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် အစေ့ထုတ်ပြောင်း ၂၂၆ ဧကနှင့်ဖူးစားပြောင်း ၇၉၅ ဧက စုစုပေါင်း ၁၀၂၁ ဧကထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ မော်လိုက်မြို့နယ်မှာ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်းဧက ၃၀၀၀ ကျော် စိုက်ပျိုးဖို့အတွက် လျာထားပါတယ်။ ဒီနေ့ထိ ဧက ၁၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ် ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေပါတယ်။ ပြောင်း သီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့အတွက် ပိုးမွှားရောဂါကျရောက်မှုမရှိအောင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်" ဟု မော်လိုက်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က ပြောပြသည်။
ယခုနှစ် မော်လိုက်မြို့နယ်တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစား ပြောင်းသီးနှံစိုက် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းပေးခြင်း၊ ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခြင်း၊ ဖောငမြှောင် တောင်ပိုး ကြိုတင်ကာကွယ်ရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာများ ပေးလျက်ရှိကြောင်း သိရသည်။
ပြောင်းသီးနှံကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှု ဖူလုံစေမည့် အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်ရာ ပြောင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း မော်လိုက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က ပြောပြ၍ သိရသည်။
ရတနာပုံ
