အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ဥရောပရှိပျမ်းမျှ သဘာဝဓာတ်ငွေ့စျေးနှုန်း ၁ ဆခွဲမြင့်တက်
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဥရောပရှိပျမ်းမျှ သဘာဝဓာတ်ငွေ့စျေးနှုန်းသည် ယခုနှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက မတ်လအတွင်း၌ ၁ ဆခွဲမြင့်တက်လာခဲ့ကြောင်းသိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် သဘာဝဓာတ်ငွေ့ခန့်မှန်းစျေးနှုန်းမှာ ကုဗမီတာ ၁၀၀၀ လျှင် အမေရိကန်ဒေါ်လာ ၃၈၈ ဒေါ်လာဝန်းကျင်သာ ရှိခဲ့သော်လည်း မတ်လ ၃၁ ရက် စျေးကွက်ပိတ်ချိန်၌ အမေရိကန် ဒေါ်လာ ၅၉၆ ဒေါ်လာအထိ မြင့်တက်လာခဲ့ရာ ဖေဖော်ဝါရီလကုန်နှင့် နှိုင်းယှဉ်ပါက ၅၄ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။
ထို့ပြင် ဥရောပဒေသ၏ သဘာဝဓာတ်ငွေ့စျေးနှုန်းများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ပျမ်းမျှပေါက်စျေးထက် ၃၆ ရာခိုင်နှုန်း ပိုမိုမြင့်မားနေခဲ့ကြောင်းသိရသည်။
ယခုနှစ် မတ်လအတွင်း သဘာဝဓာတ်ငွေ့စျေးနှုန်းများ ရုတ်တရက် အဆမတန် မြင့်တက်လာရခြင်းမှာ ဖေဖော်ဝါရီလကုန်ပိုင်းတွင် အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ် စတင်ခဲ့သည့် စစ်ပွဲကြောင့်ဖြစ်သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်း ဘာရိန်း၊ ဂျော်ဒန်၊ အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့်ဆော်ဒီအာရေဗျ နိုင်ငံများအတွင်းရှိ အမေရိကန်၏ စစ်ဘက်အဆောက်အအုံများလည်း တိုက်ခိုက်ခံခဲ့ရပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုရေလက်ကြား ပိတ်သွားခြင်းကလည်း အဆိုပါပဋိပက္ခ၏ နောက်ဆက်တွဲရလဒ်ပင် ဖြစ်ကြောင်း သိရသည်။
MWD
