အမေရိကန်တွင် ဓာတ်ဆီဈေး တစ်ဂါလန် ၄ ဒေါ်လာအထိ မြင့်တက်လာ၊ စစ်ပွဲပြီးဆုံးသွားပါက ဈေးနှုန်းများ ပြန်လည်ထိုးဆင်းသွားလိမ့်မည်ဟု အိမ်ဖြူတော် ပြောကြား
အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျမ်းမျှဓာတ်ဆီဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင် ၄.၀၂ ဒေါ်လာအထိ မြင့်တက်လာခဲ့သော်လည်း အိမ်ဖြူတော်ကမူ အဆိုပါ ဆီဈေးတက်မှုကို အရေးမထားသည့်သဘောဖြင့် ဆက်လက် တုံ့ပြန်လျက်ရှိပြီး အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးသည်နှင့် ဈေးနှုန်းများထိုးဆင်းသွားမည်ဟု အခိုင်အမာပြောကြားခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က CNN သို့ ပေးပို့ခဲ့သော ထုတ်ပြန်ချက်တွင် “Operation Epic Fury (မဟာဗျူဟာမြောက် စစ်ဆင်ရေး) ပြီးဆုံးသွားတဲ့အခါမှာ ဓာတ်ဆီဈေးနှုန်းတွေဟာ အခုလိုကာလတို အနှောင့်အယှက်တွေမဖြစ်ခင်က အမေရိကန်ယာဉ်မောင်းတွေ ခံစားခဲ့ရတဲ့ နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးဈေးနှုန်းတွေဆီ ပြန်လည် ထိုးဆင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် “သမ္မတ ထရမ့်အနေနဲ့ အမေရိကန်ရဲ့ စွမ်းအင်ကဏ္ဍအသာစီးရမှုကို အပြည့်အဝ ဖော်ဆောင်ဖို့၊ ကုန်ကျစရိတ်တွေ လျှော့ချဖို့နဲ့ ကြိုးစားအားထုတ်နေကြတဲ့ အမေရိကန်မိသားစုတွေရဲ့ အိတ်ကပ်ထဲကို ငွေကြေးတွေ ပိုမိုရောက်ရှိစေဖို့ အလေးအနက်ထား ဆောင်ရွက်နေပါတယ်” ဟုလည်း ဆိုသည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် စွမ်းအင်ကုန်ကျစရိတ်များ၊ အထူးသဖြင့် စက်သုံးဆီဈေးနှုန်းများ လျှော့ချပေးမည်ဟု မဲဆွယ်ကာလအတွင်း အတိအလင်း ကတိပေးခဲ့သူဖြစ်ပြီး ၎င်း၏ ရှေ့အဆက် သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်က ဆီဈေးကြီးမြင့်မှုကိုလည်း မကြာခဏ ဝေဖန်ခဲ့သူ ဖြစ်သည်။
အိမ်ဖြူတော် တာဝန်ရှိသူများက နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ အဆိုပါပြဿနာဖြေရှင်းနိုင်ရေးကို အဓိက ဦးစားပေး အဖြစ် ရှုမြင်ထားကြသည်။ ထို့ပြင် အစ္စရေးနှင့်အတူ ပူးပေါင်း တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အီရန်ကထိန်းချုပ်ထားသော အဓိက ရေနံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် Hormuz ရေလက်ကြားလုံခြုံရေးအတွက် ကူညီပေးရန် အခြားနိုင်ငံများကိုလည်း ထရမ့်က တိုက်တွန်း ထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
