အိန္ဒိယရှိ ဝန်ထမ်းပေါင်း ၁၂,၀၀၀ ကို Oracle အလုပ်ထုတ်ပယ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝန်ထမ်း ၃၀,၀၀၀ ခန့် လျှော့ချ

News Image

  • အိန္ဒိယရှိ ဝန်ထမ်းပေါင်း ၁၂,၀၀၀ ကို Oracle အလုပ်ထုတ်ပယ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝန်ထမ်း ၃၀,၀၀၀ ခန့် လျှော့ချ

အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Oracle သည် အိန္ဒိယနိုင်ငံရှိ ဝန်ထမ်းပေါင်း ၁၂,၀၀၀ ကို အလုပ်ထုတ်ပယ်လိုက်ကြောင်း PTI သတင်း ဌာနက ဖော်ပြခဲ့သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ကုမ္ပဏီသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝန်ထမ်းပေါင်း ၃၀,၀၀၀ ခန့်ကို လျှော့ချ ခဲ့ခြင်း ဖြစ်သည်။

Oracle သည် အိန္ဒိယနိုင်ငံတွင် လက်ရှိအလုပ်ထုတ်ခံရသည့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း ဝန်ထမ်း ၃၀,၀၀၀ ခန့်ကို ခန့်အပ်ထားခြင်း ဖြစ်သည်။ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက နောက်ထပ် အလုပ်အကိုင်လျှော့ချမှုတစ်ရပ်ကို လာမည့်တစ်လအတွင်း ထပ်မံ ပြုလုပ်ဖွယ်ရှိကြောင်း Moneycontrol ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ Oracle က သက်ဆိုင်ရာ ဝန်ထမ်းများထံ နံနက် ၆ နာရီတွင် အီးမေးလ်ပေးပို့၍ အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများကို အသိပေးခဲ့ရာတွင် “လုပ်ငန်းလည်ပတ်မှုများကို ပိုမိုထိရောက်စေရန် ဆုံးဖြတ်ခဲ့ပြီး ရလဒ်အနေဖြင့် ကံမကောင်းစွာဖြင့် သင်လက်ရှိတာဝန်ယူထားသော ရာထူးမှာ ပိုလျှံနေပြီ ဖြစ်ပါသည်” ဟု ဖော်ပြထားကြောင်း Moneycontrol က ဆိုသည်။

ကုမ္ပဏီသည် အလုပ်ထုတ်ခံရသော အိန္ဒိယဝန်ထမ်းများအတွက် လုပ်သက် တစ်နှစ်လျှင် ၁၅ ရက်စာ လစာနှုန်းဖြင့် လျော်ကြေးပေးမည်ဟု သိရှိရသည်။ ထို့အပြင် ခွင့်ရက်များအတွက် ငွေကြေးအဖြစ်လဲလှယ်ပေးခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပါက လုပ်သက်ဆုကြေးပေးခြင်း၊ ကြိုတင်အကြောင်းကြားစာကာလ တစ်လစာပေးခြင်းနှင့် အလုပ်ထုတ်ခံရမှုအတွက် အပိုဆောင်း နှစ်လစာပေးခြင်းတို့ကိုလည်း ကမ်းလှမ်းထားသည်။

ယခုကဲ့သို့ အလုပ်ထုတ်မှုများသည် Oracle ကုမ္ပဏီအနေဖြင့် ဉာဏ်ရည်တု (AI) လုပ်ငန်းစဉ်များကို ကိုင်တွယ်နိုင်မည့် ဒေတာစင်တာ အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များ တိုးမြှင့်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန္ဒိယအစိုးရ၏ အကြံပေးအဖွဲ့ဖြစ်သော NITI Aayog ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ အိန္ဒိယရှိ IT ဝန်ဆောင်မှုနှင့် Call Center အလုပ်အကိုင် များ၏ ၂၀ ရာခိုင်နှုန်းအထိသည် ၂၀၃၁ ခုနှစ်တွင် အလိုအလျောက်စနစ် (Automation) ကြောင့် ထိခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။ Citrini Research ၏ ‘The 2028 Global Intelligence Crisis’ အစီရင်ခံစာ တွင်လည်း ၂၀၂၈ ခုနှစ်၌ အိန္ဒိယ၏ IT ဝန်ဆောင်မှုလုပ်ငန်းမှာ သိသိသာသာ နှေးကွေးသွားနိုင်ကြောင်း၊ အကြောင်းမှာ ဖောက်သည်များသည် စရိတ်သက်သာသော AI coding agents များကို ပြောင်းလဲအသုံးပြုလာခြင်း ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယ၏ အကြီးဆုံး IT ဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Tata Consultancy Services (TCS) သည်လည်း ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာ လုပ်သားအင်အား၏ ၂ ရာခိုင်နှုန်းခန့်ရှိသော ဝန်ထမ်း ၁၂,၀၀၀ ခန့်ကို အလုပ်ထုတ်ခဲ့သည်။ အလားတူ အိန္ဒိယရှိ Amazon ဝန်ထမ်း ၇၀၀ နီးပါးသည် ဇန်နဝါရီလအတွင်းက လုပ်ငန်းပြန်လည်ဖွဲ့စည်းမှု၏ အစိတ်အပိုင်းအဖြစ် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး Microsoft သည်လည်း ၂၀၂၅ ခုနှစ် အတွင်း တစ်ကမ္ဘာလုံး၌ အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ ခန့်ကို လျှော့ချခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂