JetBlue လေကြောင်းလိုင်းသည် ခရီးဆောင်အိတ် ဝန်ဆောင်ခများကို ပထမဆုံး တိုးမြှင့်သတ်မှတ်လိုက်သည့် အမေရိကန် လေကြောင်းလိုင်း ဖြစ်လာ
အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်းနှင့်အတူ JetBlue လေကြောင်းလိုင်းသည် ၎င်း၏ ခရီးဆောင်အိတ် ဝန်ဆောင်ခများကို တိုးမြှင့်လိုက်ပြီဖြစ်သည်။
လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ လေယာဉ်ထွက်ခွာမည့် အချိန်အပေါ် မူတည်၍ ဝန်ဆောင်ခများကို ၄ ဒေါ်လာမှ ၉ ဒေါ်လာအတွင်း တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခရီးသွားလာမှုနည်းပါးသည့်ကာလ (Off-peak) များတွင် ပထမအိတ် အတွက် ဝန်ဆောင်ခကို ၃၅ ဒေါ်လာမှ ၃၉ ဒေါ်လာသို့လည်းကောင်း၊ အားလပ်ရက်ရှည်များနှင့် နွေရာသီကာလတစ်လျှောက်လုံးကဲ့သို့ ခရီး သွားလာမှုများပြားသည့် (Peak) ကာလများတွင် ၄၀ ဒေါ်လာမှ ၄၉ ဒေါ်လာသို့လည်းကောင်း အသီးသီး တိုးမြှင့်လိုက်သည်။
"မိမိတို့အနေဖြင့် လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာမှုကိုကြုံတွေ့နေရချိန်တွင် အခြေခံလေယာဉ်လက်မှတ်ခများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နှုန်းထားတွင် ဆက်လက်ထိန်းထားနိုင်ရန်နှင့် သုံးစွဲသူများ တန်ဖိုးထားသည့် ဝန်ဆောင်မှုများတွင် ဆက်လက် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ထိုကုန်ကျစရိတ်များကို မည်ကဲ့သို့စီမံခန့်ခွဲရမည်ကို ပုံမှန် သုံးသပ်လျက်ရှိပါသည်" ဟု အဆိုပါလေကြောင်းလိုင်းက CNN သို့ ပေးပို့ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် "ဝန်ဆောင်ခများ တိုးမြှင့်ခြင်းသည် အကောင်းဆုံးအခြေအနေ မဟုတ်သည်ကို နားလည်သော်လည်း လိုအပ်သည့်အခါမှသာ ယခုကဲ့သို့ အပြောင်းအလဲများကိုပြုလုပ်ရန် ဂရုတစိုက် ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်" ဟုလည်း ဆိုသည်။
ယင်းလေကြောင်းလိုင်း၏ ခရက်ဒစ်ကတ် ကိုင်ဆောင်ထားသူများနှင့် Loyalty Program Member များအတွက်မူ အိတ်ဝန်ဆောင်ခ ကင်းလွတ်ခွင့် များ ဆက်လက်ရရှိမည်ဖြစ်သည်။ အစဉ်အလာအရ ပြိုင်ဘက်လေကြောင်းလိုင်းများသည် ဈေးနှုန်းမြှင့်တင်ရာတွင် တစ်ခုပြီးတစ်ခုလိုက်ပါ လုပ်ဆောင် လေ့ရှိသော်လည်း ယခုအကြိမ်တွင်မူ JetBlue သည် ပထမဆုံး စတင်တိုးမြှင့်သည့် လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
