စစ်ပွဲအဆုံးသတ်နိုင်ခြေရှိသည့် အလားအလာများကြောင့် အာရှ စတော့စျေးကွက်များ သိသိသာသာ ပြန်လည်မြင့်တက်လာ
အမေရိကန်-အီရန်စစ်ပွဲကို မကြာမီအဆုံးသတ်ရန် ကြိုးပမ်းသွားမည် ဟူသော ထရမ့်အစိုးရအဖွဲ့၏ ပြောကြားချက်များကြောင့် အမေရိကန် စတော့စျေးကွက်တွင် တစ်နှစ်နီးပါးကာလအတွင်း အကောင်းဆုံး အရောင်းအဝယ်အခြေအနေသို့ ရောက်ရှိခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် အာရှစတော့စျေးကွက် အညွှန်းကိန်းများလည်း လိုက်ပါ မြင့်တက်လာခဲ့သည်။
ဂျပန်နိုင်ငံ၏ Nikkei 225 အညွှန်းကိန်းသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၇ မိနစ်တွင် ၄ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သကဲ့သို့ တောင်ကိုရီးယားနိုင်ငံ၏ Kospi အညွှန်းကိန်းသည်လည်း ၆.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ထို့အတူ ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းသည်လည်း ၁.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိရသည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် စျေးနှုန်းများ ခေတ္တ ပြန်လည်မြင့်တက်လာခဲ့သော်လည်း ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သောစစ်ပွဲကြောင့် အာရှစျေးကွက်များတွင် မတည်ငြိမ်မှုများစွာဖြစ်ပေါ်ခဲ့ပြီး ငွေကြေးပမာဏ အမြောက်အမြား ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အာရှနိုင်ငံများသည် ပင်လယ်ကွေ့နိုင်ငံများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်သွင်းမှုအပေါ် အဓိကမှီခိုနေရခြင်းကြောင့် ယခုကဲ့သို့ စျေးကွက်ရိုက်ခတ်မှု ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
စစ်ပွဲစတင်ချိန်မှစ၍ လက်ရှိအချိန်ထိ တွက်ချက်ကြည့်ပါက ဂျပန် Nikkei 225 အညွှန်းကိန်းသည် ၁၀ ရာခိုင်နှုန်းခန့်၊ တောင်ကိုရီးယား Kospi သည် ၁၄ ရာခိုင်နှုန်းခန့်နှင့် ဟောင်ကောင် Hang Seng သည် ၅ ရာခိုင်နှုန်းခန့် အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရသည်။
ကိုးကား- CNN
Photo: DZRH
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
