အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် UK သည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးရိုက်ခတ်မှုနှင့် ရင်ဆိုင်နေရဟု IMF သတိပေး

News Image

  • အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် UK သည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးရိုက်ခတ်မှုနှင့် ရင်ဆိုင်နေရဟု IMF သတိပေး

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး ရိုက်ခတ်မှုဒဏ်ကို အခြားနိုင်ငံများထက် UK (ဗြိတိန်) က ပိုမို ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးလိုက်သည်။ UK သည် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်မှုအပေါ် အလွန်အမင်း မှီခိုနေရသောကြောင့် မြင့်တက်လာသော စွမ်းအင်ဈေးနှုန်းများ၏ ဒဏ်ကို အထူးတလည် ခံစားရမည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် ယင်းနောက်ပိုင်း ဒေသတွင်း အပြန်အလှန် လက်တုံ့ပြန် တိုက်ခိုက်မှုများကြောင့် စွမ်းအင်ဈေးနှုန်းများ ထိုးတက်သွားပြီးနောက် ဥရောပတစ်လွှားရှိ စွမ်းအင်တင်သွင်းသည့် နိုင်ငံများမှာ အပြင်းထန်ဆုံး ရိုက်ခတ်မှုကို ကြုံတွေ့နေရသည်။ ထိုအကျပ်အတည်းကြောင့် ကမ္ဘာ့ရေနံရောင်းလိုအား ငါးပုံတစ်ပုံခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့်အဓိကရေကြောင်းလမ်းဖြစ်သော ဟော်မုဇ်ရေလက်ကြားမှာ ထိရောက်စွာ ပိတ်ဆို့သွားခဲ့ပြီး ရေနံစီးဆင်းမှုများရပ်တန့်ကာ လောင်စာဆီနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို မြင့်တက်စေခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် IMF ၏ ဆောင်းပါး တစ်ပုဒ်တွင် အဖွဲ့၏ ထိပ်တန်းစီးပွားရေးပညာရှင် Pierre-Olivier Gourinchas အပါအဝင် တာဝန်ရှိသူများက ပြောကြားရာ၌ အကြွေးတင်နေသော အစိုးရများအနေဖြင့် အဆိုပါဒဏ်ကိုလျှော့ချပေးရန် ငွေကြေးအရင်းအမြစ် အနည်းငယ်သာရှိကြောင်း၊ ထို့ကြောင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများမှာ ပိုမိုထိခိုက်နိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အရှေ့ အလယ်ပိုင်းစစ်ပွဲ၏ သက်ရောက်မှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြစ်ပေါ်စေသော်လည်း နိုင်ငံအလိုက် ကွာခြားမှုကြီးမားလိမ့်မည်ဟု ထပ်လောင်းပြောကြားခဲ့ပြီး UK အပါအဝင် အချို့နိုင်ငံများမှာ နေထိုင်မှု စရိတ်ကျပ်တည်းမှုဒဏ်ကို တစ်ကျော့ပြန် ရင်ဆိုင်ရမည် ဖြစ်သည်။

UK နှင့် အီတလီတို့သည် စွမ်းအင်ခများမြင့်တက်မှုကြောင့် နေထိုင်မှုစရိတ်မြင့်တက်မည့် အန္တရာယ်နှင့် အများဆုံးရင်ဆိုင်နေရသော်လည်း ပြင်သစ်နှင့် စပိန်တို့မှာမူ နျူကလီးယားနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုမိုအားထားသောကြောင့် ထိခိုက်မှုဒဏ်မှ အသင့်အတင့် ကင်းလွတ်နေကြောင်း IMF က ဆိုသည်။

UK ဝန်ကြီးချုပ် Keir Starmer ကမူ လောင်စာဆီရရှိမှုမှာ လုံခြုံစိတ်ချရသည့် အခြေအနေတွင်ရှိကြောင်း အခိုင်အမာပြောကြားထားပြီး ပြည်သူများအနေဖြင့် ပုံမှန်အတိုင်း နေထိုင်ကြရန် တနင်္လာနေ့ (မတ် ၃၀) က တိုက်တွန်းခဲ့သည်။ သို့သော်လည်း စီးပွားရေးပညာရှင်များကမူ UK ၏ စီးပွားရေးသည် ယူကရိန်းပဋိပက္ခကြောင့် ရုရှား၏ ဈေးနှုန်းချိုသာသော ဓာတ်ငွေ့နှင့်ရေနံကို ဖြတ်တောက်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ခန့်က ထက်စာလျှင် ပိုမိုအားနည်းသောအခြေအနေသို့ ရောက်ရှိနေပြီဟု သတိပေးနေကြသည်။

အင်္ဂလန်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း Howard Davies က ယခု သီတင်းပတ်အတွင်း ပြောကြားရာ၌ UK သည် ၁၉၇၃ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲအပြီး အာရပ်ထုတ်လုပ်သူများက အနောက်နိုင်ငံများကို ရေနံရောင်းချမှုပိတ်ပင်ခဲ့ခြင်းကြောင့် ရေနံဈေး ၄ ဆ မြင့်တက်ခဲ့ရသည့် ၁၉၇၀ ပြည့်လွန်နှစ်များက စွမ်းအင်အကျပ်အတည်းနှင့်တူညီသည့် အခြေအနေသို့ ဦးတည်နေနိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်းက အရှေ့အလယ်ပိုင်း ရေနံရောင်းလိုအားမှာ ဆက်လက် ကန့်သတ်ခံထားရနိုင်ပြီး ရေနံဈေးသည် တစ်စည်လျှင် ဒေါ်လာ ၁၅၀ အထိ မရောက်ရှိခဲ့လျှင်ပင် လက်ရှိ အကျပ်အတည်းမတိုင်မီကရှိခဲ့သည့် ၆၀ ဒေါ်လာဝန်းကျင်ထက် အဆမတန် မြင့်တက်နေဦးမည်ဟု ဆိုသည်။

UK ၏ သဘာဝဓာတ်ငွေ့ဈေးနှုန်းမှာ ဒီဇင်ဘာလမှစ၍ ၂ ဆကျော် မြင့်တက်ခဲ့ပြီး ပဋိပက္ခမတိုင်မီက တစ်စည်လျှင် ဒေါ်လာ ၆၀ နီးပါးရှိခဲ့သည့် Brent ရေနံစိမ်းဈေးမှာလည်း ယခုသီတင်းပတ်အစောပိုင်းတွင် ၁၁၆ ဒေါ်လာအထိ ခဏတာ ထိုးတက်သွားခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် ၁၀၀ ဒေါ်လာဝန်းကျင်၌ တည်ရှိနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂