ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ကြားဝင်စေ့စပ်ပေးရန် တရုတ် အထူး သံတမန်က ထပ်မံကြိုးပမ်းမည်

News Image

  • ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ကြားဝင်စေ့စပ်ပေးရန် တရုတ် အထူး သံတမန်က ထပ်မံကြိုးပမ်းမည်

အရှေ့တောင် အာရှနိုင်ငံနှစ်ခုဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် အတွက် တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦး စေလွှတ်ခဲ့သည်။

ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အာရှရေးရာ အထူးသံတမန် တိန့်ရှီကျွမ်း (Deng Xijun) သည် ကြားဝင်စေ့စပ်မှုများ ပြုလုပ်ရန်အတွက် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၈) တွင် ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်မည် ဖြစ်သည်။

ဘန်ကောက်ရှိ တရုတ်သံရုံးကလည်း ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာ ချက်တွင် “တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားဖြစ်ပွားနေသည့် နယ်စပ် ပဋိပက္ခကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး တင်းမာမှုများ လျော့ပါး သွားစေရန်အတွက် တရုတ်နိုင်ငံက ၎င်း၏နည်းလမ်းဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်” ဟု ဖော်ပြထားသည်။

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားစစ်သားများထံမှ တရုတ်လုပ် တင့်ကားဖျက် ဒုံးကျည် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ကမ္ဘောဒီးယား၏ တရုတ်လက်နက်များ အသုံးပြုမှုအပေါ် အာရုံစိုက်မှု မြင့်တက်လာချိန်တွင် တိန့်ရှီကျွမ်း၏ ယခု ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးနှင့် "ပုံမှန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု" ပြုလုပ်နေခြင်းဖြစ်ပြီး၊ ၎င်းမှာမည်သည့် တတိယအဖွဲ့အစည်းကိုမျှ ရည်ရွယ်ခြင်းမရှိဘဲ နယ်စပ်တိုက်ပွဲ များနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောကြားချက်ကို ကိုးကား၍ သံရုံးက ဖော်ပြခဲ့သည်။

တိန့်ရှီကျွမ်းသည် ကြားဝင်စေ့စပ်ပေးရန် အဆိုပါနှစ်နိုင်ငံသို့ အနည်းဆုံး နှစ်ကြိမ်ထက်မနည်း သွားရောက်ခဲ့ဖူးသော်လည်း၊ ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၈) ခရီးစဉ်သည် "ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘော တူညီချက်" (Kuala Lumpur Peace Accords) ဟု ခေါ်ဆိုသည့် စာချုပ် လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ၎င်း၏ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်ကို အာဆီယံဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ရှေ့မှောက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထရမ့်သည် မကြာသေးမီက ဝန်ကြီးချုပ်နှစ်ဦးဖြစ်သော အနုတင် ချန်ဝီ ရကူးလ် (Anutin Charnvirakul) နှင့် ဟွန်မာနက် (Hun Manet) တို့နှင့် စကားပြောဆိုခဲ့ပြီး၊ သဘောတူညီချက်ကို လိုက်နာရန်နှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲများထံ ပြန်လည်လာရောက်ရန် တိုက်တွန်းခဲ့သည်။

အရှည် ၈၀၀ ကီလိုမီတာရှိသော နယ်စပ်တစ်လျှောက် တိုက်ပွဲများသည် ယခုလအစောပိုင်းတွင် ပြန်လည်စတင်ခဲ့ပြီး၊ ထိုင်းနိုင်ငံ၏ ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်များအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများလည်း ပါဝင် ခဲ့သည်။ တိုက်ပွဲများကြောင့် ထိုင်းစစ်သား ၂၁ ဦးနှင့် ကမ္ဘောဒီးယား အရပ်သား ၁၂ ဦး အပါအဝင် လူပေါင်း ၂ ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိပြီး၊ လူပေါင်း ၅ သိန်းကျော်မှာ တိုက်ပွဲများကြောင့် ဒေသတွင်း မှထွက်ပြေးတိမ်းရှောင်နေကြရသည်။

တရုတ်နိုင်ငံသည် အကြမ်းဖက်မှုများ စတင်ကတည်းက နှစ်ဖက်စလုံးနှင့် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သော်လည်း၊ ပေကျင်းအနေဖြင့် ဆွေးနွေးမှုများ ဖြစ်မြောက်အောင် ကူညီပေးခြင်းထက် ပို၍ ပဋိပက္ခများတွင် လူသိရှင်ကြား ကြားဝင်စွက်ဖက်ခြင်းကို ယေဘုယျအားဖြင့် ရှောင်ရှားလေ့ ရှိသောကြောင့် အမေရိကန်ထက် ပိုမိုငြိမ်သက်စွာ (Low profile ဖြင့်) ဆောင်ရွက် ခဲ့သည်။

အန်ဝါကလည်း ၎င်းအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များ နှင့် ဆက်သွယ်ထားကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးက နယ်စပ်တိုက်ပွဲများ ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၇) တွင် ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂