အစ္စရေးက ပြင်သစ်ကို လက်တုံ့ပြန် အရေးယူ
ပြင်သစ်နိုင်ငံက အရှေ့အလယ်ပိုင်းသို့ပေးပို့မည့် လက်နက်ခဲယမ်းများအတွက် ၎င်း၏ လေပိုင်နက်အား အသုံးချခွင့် ငြင်းပယ်ခဲ့ခြင်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပြင်သစ်အပေါ် လက်တုံ့ပြန်မည့် အစီအစဉ်များကို ကြေညာလိုက်သည်။
အင်္ဂါနေ့ (မတ် ၃၁) တွင် Truth Social လူမှုကွန်ရက်၌ ထရမ့်က ရေးသားရာတွင် ပြင်သစ်၏ ဆုံးဖြတ်ချက်သည် အီရန်နှင့်ဖြစ်ပွားနေသော အမေရိကန်-အစ္စရေး စစ်ပွဲအတွက် အလွန်ပင် အနှောင့်အယှက်ဖြစ်စေသည်ဟု ဖော်ပြခဲ့ပြီး ဝါရှင်တန်အနေဖြင့် အဆိုပါလုပ်ရပ်ကို "မှတ်သားထားမည်" ဟု ထည့်သွင်းပြောကြားခဲ့သည်။ အစ္စရေးသို့ လက်နက်များ လွှဲပြောင်းပေးပို့မှုကို ပြင်သစ်ကကန့်သတ်လိုက်ခြင်းမှာ လွန်ခဲ့သော တစ်နှစ်ကျော် ကတည်းက စတင်ခဲ့သော အနောက်ဂျေရုဆလင်သို့ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်း (Embargo) နှင့်အတူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အမီယာဘာရမ် (Amir Baram) က အင်္ဂါနေ့ (မတ် ၃၁) တွင် Channel 12 နှင့် ပြုလုပ်ခဲ့ သော အင်တာဗျူးတစ်ခု၌ ပြောကြားရာတွင် ၎င်းနှင့် ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ် (Israel Katz) တို့သည် ပြည်ပလက်နက် တင်သွင်းသူများအပေါ်မှီခိုနေရမှုကို လျှော့ချရန် ရည်ရွယ်ထားကြောင်းနှင့် အထူးသဖြင့် အစ္စရေးက "မိတ်ဆွေ" ဟု မရှုမြင်တော့သော ပြင်သစ်ကဲ့သို့ နိုင်ငံများမှ တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် "ပြင်သစ်နိုင်ငံထံမှ ကာကွယ်ရေးဆိုင်ရာ ဝယ်ယူမှုအားလုံးကို လုံးဝမရှိတော့ သည်အထိ လျှော့ချသွားမည်" ဟု ဖော်ပြထားပြီး ပြင်သစ်ကာကွယ်ရေး အဆင့်မြင့်အရာရှိတစ်ဦး၏ စီစဉ်ထားသော ခရီးစဉ်ကိုလည်း ဖျက်သိမ်း လိုက်ကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် "ပြင်သစ်စစ်တပ်နှင့် မည်သည့် လုပ်ငန်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုအသစ်မျှ ပြုလုပ်တော့မည် မဟုတ်" ဟုလည်း ဆက်လက်ဖော်ပြထားသည်။
Ynet သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီး ကက်သရင်း ဗော့ထရင် (Catherine Vautrin) ၏ ဒုတိယ အရာရှိ အဲလစ် ရူဖို (Alice Ruffo) သည် တနင်္ဂနွေနေ့ (ဧပြီ ၅) တွင် အစ္စရေးနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားပြီး သူမသည် သမ္မတအီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် ရင်းနှီးသော မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။
ဖြစ်စဉ်အသွားအလာနှင့်ပတ်သက်၍ သတင်းရင်းမြစ်များမှာ ကွဲပြားလျက်ရှိပြီး အချို့က အနောက်ဂျေရုဆလင်ဘက်က ရူဖို၏ ခရီးစဉ်ကို ဖျက်သိမ်း လိုက်ပြီးနောက်တွင်မှ ပြင်သစ်က ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ Reuters သတင်းဌာနကကိုးကားဖော်ပြသော အရင်းအမြစ်များအရမူ အဆိုပါလုပ်ရပ်သည် လွန်ခဲ့သော တစ်လကျော်က အီရန်အစိုးရအားဖြုတ်ချရေး စစ်ဆင်ရေး (Regime change campaign) စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးသို့ ဦးတည်သော လက်နက်တင်ပို့မှုအပေါ် ပါရီဘက်က ပထမဆုံးအကြိမ် ပိတ်ပင်တားဆီးလိုက်ခြင်းကြောင့်ဖြစ်သည်ဟု သိရှိရသည်။
ရူဖိုသည် ယခုသီတင်းပတ်အတွင်း လက်ဘနွန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့ကာ ပြင်သစ်ထုတ် VAB သံချပ်ကာ လူနာတင်ယာဉ် ၃၉ စီးကို လက်ဘနွန် စစ်တပ်သို့ လွှဲပြောင်းပေးအပ်သည့် အစီအစဉ်ကို ကြီးကြပ်ခဲ့သည်။ လက်ရှိတွင် အစ္စရေးသည် လက်ဘနွန် နိုင်ငံ တောင်ဘက်ပိုင်းဒေသကို သိမ်းပိုက်ထားဆဲဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
