အီရန်စစ်ပွဲကြောင့် ထောက်ခံသူတချို့ ဝေဖန်နေသော်လည်း သမ္မတ ထရမ့်၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်ရန် စစ်မက်ရေးရာဝန်ကြီး တိုက်တွန်း

News Image

  • အီရန်စစ်ပွဲကြောင့် ထောက်ခံသူတချို့ ဝေဖန်နေသော်လည်း သမ္မတ ထရမ့်၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်ရန် စစ်မက်ရေးရာဝန်ကြီး တိုက်တွန်း

သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသော်လည်း အမေရိကန် မြေပြင်တိုက်ပွဲဝင်တပ်ဖွဲ့များ စေလွှတ်ခြင်းကို မလိုလားသည့် ပြည်သူများ၏ ဝေဖန်မှုအပေါ် စစ်မက်ရေးရာဝန်ကြီး ပိဟက်ဆက် (Pete Hegseth) က တုံ့ပြန်ပြောကြားရာတွင် သမ္မတ၏ စီမံခန့်ခွဲနိုင်စွမ်းအပေါ် အမာခံ ထောက်ခံသူများအနေဖြင့် “ဘာကြောင့် ယုံကြည်မှုမရှိဘဲ နေကြသနည်း” ဟု မေးခွန်းထုတ်ခဲ့သည်။

အင်္ဂါနေ့ (မတ် ၃၁) က ပင်တဂွန်စစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဟက်ဆက်က “အမာခံထောက်ခံသူများအနေဖြင့် သမ္မတကို နားလည်ပြီးသားဖြစ်သည့်အပြင် ၎င်း၏ အကောင်အထည်ဖော်နိုင်စွမ်းအပေါ်တွင်လည်း အဘယ်ကြောင့် ယုံကြည်မှုမရှိရသနည်း ဆိုသည်ကို ကျွန်တော် နားမလည်နိုင်ပါ” ဟု ပြောကြားခဲ့သည်။

အဆုံးမသတ်နိုင်သော စစ်ပွဲများကို အဆုံးသတ်မည်” ဟူသည့် ကြွေးကြော်သံဖြင့် သမ္မတအဖြစ် အရွေးခံခဲ့သော ထရမ့်သည် ယခု အီရန်နှင့် ဖြစ်ပွား နေသည့် စစ်ပွဲကြောင့် ၎င်း၏ အမာခံထောက်ခံသူတချို့နှင့် ဝေးကွာသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း CNN က ယခင်က သတင်းဖော်ပြခဲ့ဖူးသည်။

လတ်တလော လူထုသဘောထားစစ်တမ်းများအရ မိမိကိုယ်ကို “MAGA မဲဆန္ဒရှင်” ဟု သတ်မှတ်ထားသူအများစုမှာ အီရန်နှင့်စစ်ဖြစ်ပွားမှုကို ထောက်ခံ ကြသော်လည်း Reuters-Ipsos ၏ စစ်တမ်းတွင် ရီပတ်ဘလီကန် ၂၁ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း တွေ့ရှိရသည်။ ထို့အတူ Yahoo News-YouGov စစ်တမ်းအရ ၂၀၂၄ ရွေးကောက်ပွဲတွင် ထရမ့်ကိုမဲပေးခဲ့သူ လေးဦးလျှင် တစ်ဦးနီးပါးမှာ အဆိုပါစစ်ပွဲကို ဆန့်ကျင်နေကြသည်။

သမ္မတထရမ့်သည် အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် ဖြစ်ပွားခဲ့သော အမေရိကန်၏ နွံနစ်ခဲ့သည့် သင်ခန်းစာများကို အခြားသူများထက် ပိုမို နက်ရှိုင်းစွာသဘောပေါက်ထားသူဖြစ်ပြီး အဆိုပါအမှားမျိုးကို နောက်ထပ် ကျူးလွန်လိမ့်မည်မဟုတ်ကြောင်းလည်း ဝန်ကြီး ဟက်ဆက်က ဆက်လက် ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂